တောင်ကိုရီးယားအမျိုးသမီး ကမ္ဘာလှည့်ခရီးသည် တဦးပျောက်ဆုံးနေသည်မှာ တပတ်ကြာပြီဖြစ်ကြောင်းနှင့် ကမ္ဘာလှည့်ခရီးသည်များအကြား ရေပန်းစားသည့် ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ္မတူမြစ်တွင် ရေကူးနေသည်ကို နောက်ဆုံးတွေ့ရသောကြောင့် အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း သီပေါရဲစခန်းက ဧရာဝတီ သတင်းဌာနသို့အတည်ပြုပြောကြားသည်။
အသက် ၄၅ နှစ်အရွယ် ကိုရီးယား ကမ္ဘာလှည့်ခရီးသည် ယန်ဟီးဟီယို Younghee Heo နှင့် ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အီတလီတို့မှ အခြားကမ္ဘာလှည့် ခရီးသည် ၄ ဦးတို့သည် နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည်တွင်းဧည့်လမ်းညွုန်တဦးနှင့်အတူ သီပေါမြို့နယ် မိုးတဲ ကျေးရွာသို့ ခြေလျင်ခရီးကြမ်း အတူသွားရောက်ခဲ့ကြောင်း မီဒီယာနှင့် တာဝန်ခံပြောရန် အခွင့်မရှိသောကြောင့် အမည်မဖေါ်လိုသော ရဲတပ်ကြပ်ကြီးတဦးက ပြောသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့က ပျောက်ဆုံးသွားချိန်တွင် ဟီယိုနှင့် အဖေါ်များသည် နမ္မတူမြစ်တွင် တာယာကွင်း စွပ်ပြီး ရေကူးနေချိန်ဖြစ်ကြောင်း ထိုရဲတပ်ကြပ်ကြီးက မျက်မြင်သက်သေများကို ကိုးကားပြောသည်။
ဟီယို၏ အဖေါ်ဖြစ်သည်ဟု ယူဆရသော အီတလီအမျိုးသားက သူ့ကို ကယ်ဆယ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း ရဲတပ်ကြပ်ကြီး၏ အဆိုအရ သိရသည်။ ဟီယိုနှင့် ကမ္ဘာလှည့်ခရီးသည်လေးဦးတို့အား အသက်ကယ်အင်္ကျီ ဝတ်ဆင်ရန် အကြိမ်ကြိမ် အကြံပြုခဲ့သော်လည်း ဟီယိုက သူမသည် ရေကူးကျွမ်းကျင်သူဖြစ်သည်ဟုဆိုကာ ငြင်းဆန်ခဲ့ကြောင်း ဧည့်လမ်းညွှန်က ရဲတပ်ဖွဲ့သို့ပြောသည်။ “မြစ်ရေစီးက ကြမ်းတယ်။ မြစ်ကြမ်းပြင်မှာ မမြင်နိုင်တဲ့ကျောက်ဆောင်တွေရှိတော့ မမျှော်လင့်ဘဲ လှိုင်းတွေဖြစ်လာတြတ်ပြီး အန္တရာယ် များတယ်” ဟုလည်း ရဲတပ်ကြပ်ကြီးက ရှင်းပြသည်။
ဒေသအာဏာပိုင်များနှင့် ခရီးသွားလုပ်ငန်းဝန်ထမ်းများသည် ဟီယိုကို နေ့စဉ်ရှာဖွေမှု ပြုလုပ်ကြောင်း သီပေါအခြေစိုက် ခရီးသွားလုပ်ငန်းဖြစ်သော ကိုပီး ခရီးသွားလုပ်ငန်းက အတည်ပြုပြောကြားသည်။
ရန်ကုန်ရှိ တောင်ကိုရီးယား သံရုံးမှ သံမှူးတဦးနှင့် ဟီယိုနှနှင့်မောင်နှမတော်စပ်သူတဦးတို့ကလည်း ပါဝင်ရှာဖွေခဲ့ကြောင်း ရဲတပ်ကြပ်ကြီးပြောသည်။ ကမ္ဘာလှည့်ခရီးသည်များ မိုးတဲသို့ သွားရောက်ရသည့် အဓိကအကြောင်းရင်းမှာ နမ်ဟူနွေး ရတံခွန်ကို ကြည့်ရှုရန်ဖြစ်ကြောင်း သူပြောသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သောကြာနေ့အထိ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာအရ ကမ္ဘာလှည့်ခရီးသည်များကို သီပေါမြို့လယ်ပြင်ပ နေရာများသို့ သွားရောက်လည်ပတ်ခွင့် မပေးပေ။ သို့သော် ဧည့်လမ်းညွှန်များသည် ခရီးသည်များက တောင်းဆိုပါက ၎င်းတို့ကို နမ္မတူမြစ်နှင့် နမ်ဟူနွေး ရေတံခွန်သို့ ခေါ်သွားလေ့ရှိသည်။ ထိုရေတံခွန်သည် သီပေါနှင့် မဝေးလှသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်ထဲတွင် တည်ရှိသည်။
“ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကမ္ဘာလှည့်ခရီးသည်တွေက သွားမယ့်နေရာက လုံခြုံလား၊ မလုံခြုံဘူးလားဆိုတာကို ဂရုမစိုက်ကြဘူး။ သူတို့တွေကိုပြောရတာ အရမ်းခက်တယ်” ဟုလည်း ရဲတပ်ကြပ်ကြီးက ရှင်းပြသည်။
ရဲတပ်ဖွဲ့က ခရီးသွားလာခွင့် ထုတ်မပေးသော်လည်း ဒေသခံခရီးသွားလုပ်ငန်းများနှင့် ကမ္ဘာလှည့်ခရီးသွားများသည် ကန့်သတ်ထားသော နေရာများသို့ သွားရောက်ကြပြီး တခါတရံ သစ်တောထူသောနေရာရှိ လင့်တဲများတွင် ညအိပ်ခြင်း၊ သဘာဝလှိုဏ်ဂူများသို့ သွားရောက်ခြင်းတို့ကိုပင် ပြုလုပ်ကြသည်။
ဒေသခံအများအပြားသည် ဥပဒေ ဗဟုသုတနည်းကြောင်း၊ ကမ္ဘာလှည့် ခရီးသည်များကို ကန့်သတ်နေရာများသို့ ခေါ်သွားခြင်းသည် ဥပဒေ ချိုးဖေါက်ခြင်း ရှိ မရှိကိုပင် အများစုက မသိကြကြောင်း ကိုပီးက ပြောသည်။ ယခုလအတွင်း ကမ္ဘာလှည့်ခရီးသည် ၁၀၀ ခန့် ရေတံခွန်သို့ လာပြီး တောကြမ်းခရီးသွားခြင်းနှင့် နမ္မတူမြစ်အတွင်း လှေစီးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သူပြောသည်။
သို့သော် နိုင်ငံတကာ ခရီးသွားလုပ်ငန်းများက ခရီးသည်များ မြန်မာနိုင်ငံသို့လည်ပတ်ခြင်းကို အားမပေးသောကြောင့် ယခင်နှစ်ကလောက် ခရီးသည်မလာတော့ကြောင်း သူပြောသည်။ မြန်မာစစ်တပ်သည် လွန်ခဲ့သောနှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကို ခေါ်သော မွတ်ဆလင် အသိုင်းအဝန်းကို လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဖိနှိပ်သည်ဟု ကုလသမဂ္ဂက စွပ်စွဲပြီး တပ်မတော်အကြီးအကဲကို နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် စစ်ဆေးအရေးယူရန် တောင်းဆိုပြီးနောက် နိုင်ငံတကာခရီးသွားလုပ်ငန်းများက မြန်မာနိုင်ငံသို့ လည်ပတ်ရန် အားမပေးခြင်းကြောင့် ဖြစ်သည်။
အနောက်နိုင်ငံများမှ ခရီးသည် လျှော့ကျမှုကို အစားထိုးရေး အာရှမှ ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်ရန် အားထုတ်သည့်အနေဖြင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် လွန်ခဲ့လမှ စတင်ပြီး တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ မက္ကာအိုတို့မှ ခရီးသည်များကို ဗီဇာ ကင်းလွတ်ခွင့်ပေးခဲ့သည်။ နောက်တပတ်အကြာတွင် တောင်ကိုရီးယားနှင့် ဂျပန်မှ အများစုပါသော ခရီးသည် ၄၀၀ ရှိ ပထမဆုံး ခရီးသည်အုပ်စု ရောက်ရှိလာခဲ့သည်။
အောက်တိုဘာလက ထုတ်ပြန်သည့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ တရုတ်ခရီးသည်လာရောက်မှုသည် လွန်ခဲ့သောနှစ်ကထက် ၃၅ ရာခိုင်နှုန်းတိုးလာသည်။ ထိုင်း၊ အိန္ဒိယနှင့်မလေးရှားမှ လာရောက်မှုသည် ခရီးသည် စုစုပေါင်း၏ ၆ မှ ၉ ရာခိုင်နှုန်း အထိရှိပြီး ကိုရီးယားခရီးသည် လာရောက်မှု ၁ ရာခိုင်နှုန်း တိုးလာသည်။
(South Korean Tourist Missing, Feared Dead after Falling into River ကို ဆီလျော်အောင် ဘာသာပြန်သည်။)