ဆိုဗီယက် ယူနီယံပြိုကွဲမှုနှင့် အီရတ်က ကူဝိတ်ကို သိမ်းပိုက်မှုအပါအဝင် မတည်ငြိမ်သော ကာလအတွင်း နိုင်ငံကို ဦးဆောင်ခဲ့သော အမေရိကန်သမ္မတ ဂျော့အိတ်ချ် ဒဗယူ ဘုရှ်သည် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
သူ၏ ရုံးကထုတ်ပြန်သောကြေညာချက်တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက ရေတပ်လေယာဉ်မှူး၊ တက္ကဆက်ပြည်နယ် ရေနံလုပ်ငန်း စွန့်ဦးတီထွင်သူ အမေရိကန်ပြည်ထောင်စု၏ ၄၁ ဦးမြောက် သမ္မတ ဂျော့ ဟားဘတ် ဝေါ့လ်ကာဘုရှ်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သည်ဟု ဖေါ်ပြထားသည်။
“သူသည် အသက် ၉၄ နှစ်ရှိပြီဖြစ်ပြီး သားသမီး ငါးဦးနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်များ၊ မြေး ၁၇ ဦး၊ မြစ် ၈ ဦးနှင့် မွေးချင်း နှစ်ဦး ကျန်ရစ်ခဲ့သည်။ သူမသေမီ အသက် ၇၃ နှစ်အရွယ် သူ၏ ဇနီး ဘာဘရာ ဘုရှ် ၊ သူ၏ ဒုတိယသား ပေါ်လင်း ရော်ဘင်ဆန် ရော်ဘင် ဘုရှ်နှင့် သူ၏ ညီအကိုများဖြစ်သော ပရက်စကော့နှင့် ဝီလျှံ သို့မဟုတ် ဘတ်ကီဘုရှ်တို့ သေဆုံးခဲ့သည်။
သူ၏သားဖြစ်သူ အမေရိကန်ပြည်ထောင်စု၏ ၄၃ ယောက်မြောက် သမ္မတ ဘုရှ် (အငယ်) က မိသားစုကိုယ်စား ကြေညာချက် ထုတ်ပြန်သည်။ “ နှစ်ပေါင်း ၉၄ နှစ်ကြာပြီးနောက် ဂျက်၊ မာဗင်၊ ဒိုရိုနှင့် ကျွန်ုပ်တို့၏ ချစ်လှစွာသော ဖခင် သေဆုံး ကြောင်း ဝမ်းနည်းစွာကြေညာသည်။ အိတ်ချ် ဒဗယူ ဘုရှ်သည် အကျင့်စာရိတ္တနှင့် ပတ်သက်လျှင် အမြင့်မားဆုံးဖြစ်ပြီး မည်သည့် သားသမီးမဆို မျှော်လင့်နိုင်သော အကောင်းဆုံးဖခင် ဖြစ်သည်” ဟုဖေါ်ပြထားသည်။
“ ဘုရှ် မိသားစုတခုလုံးသည် ဖခင်ဖြစ်သူ ၄၁ ယောက်မြောက် သမ္မတ၏ ဘဝနှင့် မေတ္တာတရား အတွက် စောင့်ရှောက်ပြီး ဆုတောင်းပေးသူများနှင့် မိတ်ဆွေများနှင့် နိုင်ငံသားများ၏ ဝမ်းနည်းကြေကွဲမှုများကို နက်ရှိုင်းစွာ ကျေးဇူးတင်ရှိသည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။
ဒေါ်နယ်ထရမ့်၏ ကြေညာချက်တွင်မူ ဘုရှ်ကို သူ၏ “ခိုင်မာသော ဆုံးဖြတ်ချက်များ၊ သဘာဝကျစွာ သိမြင်မှုနှင့် သူမတူသော ခေါင်းဆောင်မှု” အတွက် ချီးကျူးထားသည်။ ဒီဇင်ဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့သည် ထရမ့်နှင့် သူ၏ဇနီး မီလန်နီယာ တက်ရောက်မည့် နိုင်ငံတော် ဈာပန မတိုင်မီ နိုင်ငံတော် ဝမ်းနည်းမှု ရက်ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ဆာရာဆန်းဒါးက ကြေညာသည်။ အာဂျင်တီးနားတွင် ကျင်းပနေသော စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေးအတွက် သတင်းစာရှင်းလင်းပွဲကိုမူ ဘုရှ် မိသားစုကို လေးစားသောကြောင့် ဖျက်သိမ်းကြောင်း ထရမ့်က ကြေညာသည်။
၁၉၈၉ မှ ၁၉၉၃ အထိ အလယ်အလတ် ရှေးရိုးစဉ်လာ ဝါဒီအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘုရှ်သည် သူ ဒုတိယသမ္မတ အဖြစ် ထမ်းဆောင်ခဲ့သော ရော်နယ်ရီဂင်ထက် စွဲဆောင်မှု သို့မဟုတ် သဘောကွဲစေမည့် အတွေးအခေါ် နည်းသည်။
သို့သော် သူသည် သမိုင်းတွင် မရေရာသောကာလဖြစ်သည့် ဘာလင်တံတိုင်းဖြိုချခြင်း၊ ဆိုဗီယက် ကမကထပြု ကွန်မြူနစ်ဝါဒ အရှေ့ဥရောပတွင် ပြိုကျခြင်းနှင့် အမေရိကသည် ကမ္ဘာတွင် တခုတည်းသော မဟာအင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွက်လာခြင်းတို့တွင် တည်ငြိမ်စွာ ကိုင်တွယ်နိုင်ကြောင်း ပြသခဲ့သည်။
ဘုရှ်သည် အမေရိကတွင် အအောင်မြင်ဆုံး နိုင်ငံရေး နန်းဆက်ကို တည်ထောင်ခဲ့သူအဖြစ်လည်း သမိုင်းဝင်သည်။ ထို ၄၁ ဦးမြောက် သမ္မတသည် ၂၀၁၆ ခုနှစ် ရီပတ်ဗလစ်ကန် သမ္မတလောင်း အဆိုပြုပွဲတွင် ထရမ့်နှင့်ပြိုင်ဆိုင်ခဲ့သော ဂျက်ဘုရှ် ၏ ဖခင်လည်း ဖြစ်သည်။
ဧပြီလက အသက် ၉၂ နှစ်တွင် ကွယ်လွန်ခဲ့သော သူ၏ဇနီး ဘာဘရာနှင့်မွေးသည့် ကလေးခြောက်ယောက်အနက် ညီအကိုနှစ်ဦးမှာ တက္ကဆက်နှင့် ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူးများဖြစ်ကြသည်။ ထိုသို့ နီးကပ်စွာ ဆက်စပ်နေသော မိသားစုတွင် ဘုရှ်အကြီး၏ ကျန်းမာရေး ယိုယွင်းနေသည်ကို အနီးကပ်စောင့်ရှောက်နေကြသည်။ ဘုရှ်ကြီးသည် သွေးလွှတ်ကြောဆိုင်ရာ ပါကင်ဆန် ရောဂါ ခံစားနေရပြီး ဟန်ချက် မထိန်းနိုင်ကာ ၂၀၁၂ ခုနှစ်မှစပြီး ဘီးတပ် ကုလားထိုင် သုံးနေရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အဆုတ်လေပြွန်ရောင် ချောင်းဆိုးရောဂါကြောင့် တက္ကဆက်ပြည်နယ် ဟူစတန်တွင် ဆေးရုံတက်ရခြင်းသည် အထူးကြပ်မတ် ကုသဆောင်တွင် ခဏတာနှင့် စုစုပေါင်း နှစ်လ ကြာခဲ့သည်။ နောက် နှစ် နှစ် ကြာသောအခါ ဘုရှ်သည် ဆေးရုံတွင် နောက်တပတ်နေရသည်။ သူ၏ဇနီး ဈာပနအပြီး နောက်တနေ့တွင် သွေးအတွင်း ရောဂါကူးစက်သောကြောင့် ဆေးရုံထပ်တက်ရခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဘုရှ်သည် သူ၏ သက်ကြီးရွယ်အိုဘဝတွင် တက်ကြွလှုပ်ရှားနေသည်။ သူသည် အိမ်ဖြူတော်မှ အနားယူပြီးနောက် သူ၏မွေးနေ့များအနက် ၉၀ ပြည့်နှစ် မွေးနေ့ပွဲက စပြီး မွေးနေ့တိုင်း ၂၀၁၄ တွင် တကြိမ်အပါအဝင် အနည်းဆုံး သုံးကြိမ် လေထီးခုန် ကျင်းပခဲ့သည်။
၂၀၁၇ ခုနှစ်တွင်မူ သူသည် လိင်ပိုင်းဆိုင်ရာ ထိပါးမှုအတွက် တောင်းပန်ခဲ့ရသည်။ သူ၏ပြောခွင့်ရသူ ဂျင်မက်ဂရက်က သမ္မတဟောင်းသည် ဓါတ်ပုံရိုက်ကူးစဉ်အတွင်း အမျိုးသမီးတဦး၏ ခန္ဓာကိုယ်နောက်ပိုင်းကို ပုတ်ပေးခဲ့ကြောင်း ဝန်ခံသည်။ “ သူ ထိပါးမိသူတိုင်းအတွက် သမ္မတ ဘုရှ်က ရိုးသားစွာတောင်းပန်တယ်” ဟု မက်ဂရက်ကပြောသည်။
ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဘုရှ်သည် ကုလသမဂ္ဂဆိုင်ရာ သံအမတ်၊ တရုတ်နိုင်ငံဆိုင်ရာ အထူးသံတမန်၊ ဝါးတားဂိတ်အရှုပ်တော်ပုံ အပြင်းထန်ဆုံးကာလတွင် ရီပတ်ဗလစ်ကန် အမျိုးသားကော်မတီ ဥက္ကဌ၊ ဗဟိုထောက်လှမ်းရေးအေဂျင်စီ ( CIA) ညွှန်ကြားရေးမှူးနှင့် ဒုတိယ သမ္မတ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့်ပင်သူသည် အမေရိကန် သမိုင်းတွင် အတွေ့အကြုံအရ အသင့်တော်ဆုံး သမ္မတ ဖြစ်သည်ဟုလည်း အချို့က ဆိုကြသည်။ သူသည် သံတမန်နှင့်တိုင်းပြုပြည်ပြုပုဂ္ဂိုလ်အဖြစ် ဆိုဗီယက်ယူနီယံပြိုကွဲမှု ကာလအတွင်း စမ်းသပ်ခံခဲ့ပြီးဖြစ်သည်ဟု ဆိုကြသည်။
ထိုကိစ္စသည် သူနှင့် ထူးထူးခြားခြား သင့်တော်သည်။ သူနှင့် မီခေး ဂေါ်ဗာချော့အကြား ရင်းနှီးသော ဆက်ဆံရေးသည် ဆိုဗီယက် ယူနီယံ ပြိုကွဲစဉ် ကမ္ဘာ့တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။
၁၉၉၁ ခုနှစ် ဇန်နဝါရီလက ပါရှန်း ပင်လယ်ကွေ့တွင် ဆက်ဒမ် ဟူစိန်၏ ကူဝိတ်ကျူးကျော်မှု အပေါ် အမေရိကန်ဦးဆောင်သော အရေးယူမှု စတင်သည်။ ဆက်ဒမ်၏ တပ်များကို ချေမှုန်းခဲ့သော လျင်မြန်သည့် စစ်ဆင်ရေးသည် အရေးပါသော နိုင်ငံခြားရေးမူဝါဒ အမှားဟု သတ်မှတ်ခံရသည့် သူ၏သား ဘုရှ် အငယ်၏ အီရတ်မှ ၈ နှစ်ကြာ ရေရှည်စစ်နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။
ဘုရှ်ကြီးသည် နိုင်ငံခြားရေး မူဝါဒနှင့်ပတ်သက်သော အမြင်တွင် အသိအမှတ်ပြုခံရသော်လည်း ပြည်တွင်းစစ်မျက်နှာတွင် အောင်မြင်မှု မရှိလှဘဲ ၁၉၉၂ ရွေးကောက်ပွဲတွင် သမ္မတ ကလင်တန်ကို ရှုံးနိမ့်ခဲ့သည်။ သူ၏ ရှုံးနိမ့်မှုမှာ အလုပ်လက်မဲ့ ကြီးထွားနေချိန်တွင် တိုင်းပြည်စီးပွားရေးကို ညံ့ဖျင်းစွာ ဦးဆောင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်ဟု ဆိုကြသည်။
လက်တွေ့တွင် ဘုရှ်နှင့်ပတ်သက်သော မှတ်သားစရာ အကောင်းဆုံးစကားမှာ ၁၉၈၈ ခုနှစ် ရီပတ်ဗလစ်ကန် အမျိုးသား ညီလာခံတွင် ဒုတိယ သမ္မတအဖြစ်ပြောကြားသည့် ကတိဖြစ်သည်။ “ကျနော့် ပါးစပ်ကိုယုံ၊ ဘာအခွန်သစ်မှ မကောက်ဘူး” ဟု ထိုစဉ်က သူပြောသည်။
ဘုရှ်၏ အခွန်နှင့်ပတ်သက်သော ကတိကဝတ်ကြောင့် ရှေးရိုးစဉ်လာ ဝါဒီများ နှစ်ခြိုက်ကြသော်လည်း လွန်စွာ မှားယွင်းကြောင်း နောက်ပိုင်း သိလာရသည်။ အာဏာရလာသောအခါ သူ့ ယခင်သမ္မတလက်ထက်က တိတ်တဆိတ် ကြီးထွားနေသော အသုံးစရိတ် လိုငွေသည် ပိုမိုကြီးထွားလာသောကြောင့် ဒီမိုကရက်တို့ ထိန်းချုပ်ထားသော ကွန်ဂရက်တွင် သူ၏ ကတိကို သူ ချိုးဖျက်ခဲ့ရသည်။
ဘုရှ်သည် ဥပဒေပြုရေးနှင့်ပတ်သက်သော အရေးပါသည့် မှတ်တမ်းနှစ်ခု ရှိခဲ့သည်။ တခုမှာ ၁၉၉၀ တွင် ဥပဒေ အဖြစ် လက်မှတ်ရေးထိုးခဲ့သော Clean Air Act Amendments လေသန့် ဥပဒေပြင်ဆင်ချက်နှင့် အခြားတခုမှာ ထိုနှစ်တွင်ပင် ဘုရှ်အတည်ပြု လက်မှတ်ရေးထိုးသော အမေရိကန် မသန်မစွမ်းသူများ အက်ဥပဒေ Americans with Disabilities Act ဖြစ်သည်။
သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် သူ၏ ဇနီး မစ်ချဲလ်တို့က ဘုရှ်ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်သည်။ “ ဂျော့ ဟားဗတ် ဝေါ့လ်ကာ ဘုရှ်ကို ဆုံးရှုံးရခြင်းကြောင့် အမေရိကသည် နှိမ့်ချသော ပြည်သူ့ဝန်ထမ်း မျိုးချစ်တဦးကို ဆုံးရှုံးရသည်။ မိမိတို့၏ နှလုံးသားများသည် ယနေ့လေးလံနေသော်လည်း ကျေးဇူးတရားများနှင့် ပြည့်နေသည်။ မိမိတို့၏ ၄၁ ဦးမြောက် သမ္မတအဖြစ်သာမက သူချစ်သော နိုင်ငံတော်အတွက် ရေတပ်လေယာဉ်မှူးဘဝမှ ကာကွယ်ရေး ဦးစီးချုပ် သမ္မတအဖြစ် အဆင်ဆင့် ထမ်းဆောင်ပြီး သူပေးဆပ်ခဲ့သော နှစ်ပေါင်း ၇၀ အတွက်ပါ ကျေးဇူးတင်ရှိနေမည်ဖြစ်သည်” ဟု ထိုကြေညာချက်တွင်ဖေါ်ပြထားသည်။
ကိုးကား။ ။ The Guardian