နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လေတပ်ဗိုလ်မှူးကြီးဟောင်းတဦးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးသစ်အဖြစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ခန့်အပ်လိုက်ပြီး သူ၏ အစိုးရအဖွဲ့အတွင်းသို့ တပ်မတော်သားဟောင်းတဦးကို ထပ်မံ ထည့်သွင်းလိုက်ပြန်သည်။
ဦးမင်းသူကို ခန့်အပ်လိုက်ခြင်းကြောင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ၂၅ ခုအနက် ခြောက်ခုကို လက်ရှိနှင့် အငြိမ်းစား တပ်မတော်သားများက ဦးဆောင်နေပြီး ထိုဝန်ကြီးဌာနများတွင် လုံခြုံရေးမှသည် သာသနာရေး ဝန်ကြီးဌာနအထိ ပါဝင်သည်။
၂၀၁၆ ခုနှစ် အစောပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို စတင် တာဝန်ထမ်းဆောင်ချိန်မှ စတင်ပြီး ဆယ်စုနှစ် များစွာကြာ မှားယွင်းသော စစ်အုပ်ချုပ်ရေးမှ ဖြည်းညှင်းစွာ ရုန်းထွက်နေသော နိုင်ငံကို ပြုပြင်စီမံရန် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသူ အလုံအလောက် NLD တွင် ရှိ မရှိ လူအများက မေးခွန်းထုတ်နေကြသည်။
၂၀၀၈ ခုနှစ်တွင် ပြဌာန်းခဲ့သော ဖွဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြောင့် တပ်မတော်သည် ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ရဲတပ်ဖွဲ့ကို ကွပ်ကဲသော ပြည်ထဲရေး ဝန်ကြီးများကို ခန့်အပ်ခွင့်ရှိသည်။
သို့သော် NLD သည် ကျန်ဝန်ကြီးများ ခန့်အပ်ရန် ရုန်းကန်နေရပြီး ယခင်ဝန်ထမ်းဟောင်းများနှင့် တပ်မတော်သားဟောင်းများကို အားကိုးနေရပုံပေါက်သည်။
တပ်မတော်ကခန့်အပ်သော ဝန်ကြီး သုံးဦးအပြင် တပ်မတော် အရာရှိဟောင်းများသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများကို စီမံခန့်ခွဲနေရသည်။
NLD သည် စစ်အုပ်ချုပ်ရေးကာလက တပ်မတော် သစ္စာခံ အရပ်သားနှစ်ဦးကိုလည်း အခြားဝန်ကြီးဌာန နှစ်ခုကို ဦးဆောင်ရန် တာဝန်ပေးထားသည်။ တဦးမှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်သော ဦးသောင်းထွန်းနှင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဦးဆောင်သော ဦးကျော်တင့်ဆွေဖြစ်သည်။ တပ်မတော်က ကျင်းပသည့် အမျိုးသားညီလာခံကို သပိတ်မှောက်ရန် NLD ၏ ၁၉၉၅ ခုနှစ်က ဆုံးဖြတ်ချက်ကြောင့် ဦးသောင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် ဝေဖန်ခဲ့သည်။ ဦးကျော်တင့်ဆွေမှာ ယခင် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် တပ်မတော်ကို ကုလသမဂ္ဂတွင် ခုခံကာကွယ်ပေးသူဖြစ်သည်။
ထိုသို့ရွေးချယ်မှုများကြောင့် ဝေဖန်မှုများရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ရွေးချယ်မှုများနှင့် ပတ်သက်ပြီး လူသိရှင်ကြား ရှင်းလင်းပြောကြားခြင်း မရှိပေ။ သို့သော် အချို့သော လေ့လာသူများက ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကို ဒီမိုကရေစီသို့ တွန်းအားပေးနေချိန်တွင် တပ်မတော်ကို ကျေနပ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မြင်ကြသည်။ အခြားသူများကမူ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အတွင်းစည်းတွင် အရည်အချင်းပြည့်မီသူ ရှာဖွေမရဖြစ်နေသည်ဟု ရိုးရှင်းစွာမြင်ကြသည်။
အစိုးရအဖွဲ့ ပြင်ပတွင်လည်း NLD သည် အရေးပါသော ကော်မရှင်နှစ်ခုကို ဦးဆောင်ရန် ဗိုလ်ချုပ်ဟောင်းများကို ခန့်အပ်ထားရသည်။ တဦးကို လက်ရှိဥပဒေများ ပြန်လည်သုံးသပ်ရန် တာဝန်ပေးထားပြီး အခြားတဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရန် တာဝန်ပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးရွှေမန်းကို လွှတ်တော် တရာဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ပြန်လည်သုံးသပ်ရေးကော်မရှင် ဥက္ကဌ အဖြစ် ခန့်အပ်ထားသည်။ ထိုကော်မရှင်က ပြန်လည်သုံးသပ်နေသည့် ဥပဒေများတွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေလည်း ပါဝင်သည်။ ဦးရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရတွင် တတိယအရေးအပါဆုံး ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ထိုစဉ်က သမ္မတ ဦးသိန်းစိန်နှင့် အာဏာပြိုင်ပွဲတွင် သူ့ကို စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးနောက် သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းသွားသော “သစ္စာဖောက်” ဟု တံဆိပ်ကပ်ခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အငြိမ်းစား ဗိုလ်ချုပ်နှင့် ပြန်ကြားရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်က ဦးဆောင်သည်။ စစ်အုပ်ချုပ်ရေးခေတ်က ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ချခံရစဉ်က သူသည် ဆက်ဆံရေးအရာရှိအဖြစ်လည်း တာဝန်ယူခဲ့သည်။
အစိုးရဌာနအများအပြားကိုလည်း ယခင်နှင့် လက်ရှိ တပ်မတော်အရာရှိများက စီမံခန့်ခွဲနေဆဲဖြစ်သည်။
(The Government Leadership’s Military Ties in Pictures ကို ဘာသာပြန်သည်။)