ပြည်ပချေးငွေ ရယူကာ ဝန်ကြီးဌာနနှင် အစိုးရအဖွဲ့အစားများက အကောင်အထည် ဖော်နေသည့် စီမံကိန်းများမှာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်းကြောင့် ချေးငွေအတိုးများမှာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်လိုက်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အစိုးရက ပေးပို့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရ၏ ကြွေးမြီ နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဝေဖန်နေကြခြင်း ဖြစ်သည်။
ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ထပ်မံတင်သွင်းရာ ဝန်ကြီးဌာနများအနေဖြင့် ငွေချေးသည့် နိုင်ငံ/ အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရာတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှု အားနည်းခြင်းကြောင့် ငွေချေးစာချုပ် ချုပ်ဆိုပြီးနောက် ထုတ်ယူသုံးစွဲနိုင်မှုနှင့် စီမံကိန်း အကောင်အထည်ဖော်မှုတွင် နှောင့်နှေး ကြန့်ကြာမှုများ ရှိနေသည်ကို တွေ့ရသည်ဟု ကော်မတီအစီရင်ခံစာ၌ ဖော်ပြပါရှိသည်။
ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က “ဝန်ကြီးဌာနတွေက စီမံကိန်းတွေကို သတ်မှတ်ထားတဲ့နှစ်အတွင်းမှာ မဆောင်ရွက် နိုင်တဲ့အတွက် ချေးထားတဲ့ချေးငွေတွေက အတိုးပေးရမယ့် အချိန်မှာ ပေးရတာရှိသလို အရင်းပြန်ဆပ်ရတာတွေ ရှိတယ်လေ။ ပြောရရင် ဝန်ကြီးဌာနတွေက စီမံကိန်းတွေကို တင်ပြပြီး အကောင်အထည်မဖော်နိုင်ဘူးဆိုရင် တိုင်းပြည် အတွက် ကြွေးမြီ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်တယ်။ နောက် နှစ်စဉ် တိုင်းပြည်အတွက် လိုငွေပြနေတဲ့ ဘတ်ဂျက်တွေက ဒီဟာထဲက ပါနေတာပေါ့။ ပြောရရင် တိုင်းပြည်စီးပွားရေးကို ထိခိုက်သလို နိုင်ငံတော်ရဲ့ ငွေကြေးလှည့်ပတ် သုံးစွဲမှုတွေမှာလည်း အများကြီး ထိခိုက်တာ ရှိလာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချေးငွေ ရယူကာ လုပ်ဆောင်နေသည့် စီမံကိန်းများ ကြန့်ကြာမှုနှင့် ပတ်သက်၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ချေးငွေစာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ စီမံကိန်း ရည်မှန်းချက် ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ထိရောက်စွာ သုံးစွဲရန် လိုအပ်ကြောင်းလည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကောင်မတီက သဘောထား မှတ်ချက် ပေးထားသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုကလည်း “သဘောက စီမံကိန်းက ငါးနှစ်၊ ပိုက်ဆံမထုတ်နိုင်လို့ ငါးနှစ်ကနေ ၁၀ နှစ်ဖြစ်မယ်။ ငါးနှစ်မှာ လုပ်ငန်းပြီးရင် ၆ နှစ်၊ ၇ နှစ်၊ ၈ နှစ်မှာ ပိုက်ဆံရှာလို့ရမယ်။ ပြီးရမယ့်အချိန်မှာ မပြီးရင် ပိုက်ဆံလည်း ရှာလို့မရဘဲ နိုင်ငံအတွက် အတိုးလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာမယ်။ သူ့စာချုပ် စည်းမျဉ်းအတိုင်း ပိုက်ဆံထုတ်နိုင်ရင် အကောင်းဆုံးပေါ့” ဟု ဆိုသည်။
ပြည်ပ ချေးငွေရယူမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ဖြစ်သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းများမှ ချေးငွေရယူမှု စာချုပ်ချုပ်ဆိုခြင်းမှာ ဒေါ်လာ သန်း ၃၈၀၀ ကျော်ရှိသော်လည်း ထုတ်ယူသုံးစွဲမှု ပမာဏမှာ ဒေါ်လာ ၉၁ သန်းကျော်သာ ရှိသေးသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာအရ သိရသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အစိုးရက ပြင်ပနိုင်ငံနှင့် အဖွဲ့အစည်း ၈ ခုမှ ပြည်ပချေးငွေ စာချုပ် ချုပ်ဆိုထားသည့် ချေးငွေပမာဏမှာ ဒေါ်လာ ၁၉၁၇ ဒသမ ၃၉၉ သန်း ရှိပြီး ထုတ်ယူသုံးစွဲမှု ပမာဏမှာ ၆၉၆ ဒသမ ၈၉၈ သန်းသာ ရှိသေးသည်။
ချေးငွေ ပြန်ဆပ်မှုမှာ ချေးငွေအရင်း ဒေါ်လာ ၄၆၅ ဒသမ ၂၈၉ သန်းနှင့် အတိုး ၂၃၂ ဒသမ ၈၈၃ သန်း ရှိကာ၊ စုစုပေါင်း အတိုးနှင့်အရင်း ပြန်ဆပ်မှု ပမာဏ ၆၉၈ ဒသမ ၁၇၂ သန်း ရှိသည်ဟု သိရသည်။
ပြည်ပ ချေးငွေ ရယူထားသည့် ဝန်ကြီးဌာနများအနက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှာ အမေရိကန်ဒေါ်လာ သန်း ၃၂၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကာ ယင်းနောက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒေါ်လာ သန်း ၂၃၀၀ ကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဒေါ်လာ သန်း ၁၇၀၀ ခန့်နှင့် စက်မှုဝန်ကြီးဌာနက ဒေါ်လာ သန်း ၁၄၀၀ ကျော် ချေးငွေရယူထားကြသည်။
“ချေးငွေနဲ့ ဆောင်ရွက်နေပြီး ဒီနေ့အချိန်အထိ ဖွံ့ဖြိုးတိုးတက်မှု မရှိတာက ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီး ဌာန၊ လယ်/ဆည်ဝန်ကြီးဌာန ဆောက်လုပ်ရေးပေါ့။ ဒါတွေက တိုးတက်မှု အင်မတန်နှေးတယ်။ ငွေပမာဏကလည်း များတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။
ပြည်ပ ချေးငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများမှာ ငွေသားရယူ အကောင်အထည်ဖော်သည့် စီမံကိန်းများဖြစ်ပြီး ချေးငွေထုတ်ယူသုံးစွဲရာတွင် မြန်ဆန်သော်လည်း စီမံကိန်းအတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူခြင်း၊ စီမံကိန်း အသေးစိတ်ပုံစံ ရေးဆွဲခြင်း၊ တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်ရခြင်း၊ ချေးငွေပေးသည့် နိုင်ငံနှင့် အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများကို လေ့လာရခြင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများတွင် ကျွမ်းကျင်ဝန်ထမ်းများ မလုံလောက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြထားသည်။
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက “ဘယ်လိုပဲဆိုဆို ချေးငွေတရပ်ယူမယ်ဆိုရင် မြီရှင်နိုင်ငံ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ရမှာပဲ။ ကျွမ်းကျင်မှုမရှိသေးရင် ကျွမ်းကျင်မှုရှိအောင် လုပ်ရမှာ၊ တာဝန်ယူ တာဝန်ခံစနစ်နဲ့ပေါ့။ ကျွမ်းကျင်မှုမရှိလို့ အဲဒီရဲ့လုပ်ငန်းစဉ်တွေကြောင့် နှောင့်နှေးရတယ်ဆိုတဲ့ကိစ္စက ရေရှည်မှာတော့ အကြောင်းပြချက် တခုအနေနဲ့ မဖြစ်သင့်တော့ဘူး” ဟု ဆိုသည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်းဝင်းက “ဝန်ကြီးဌာနကတွေက အကောင်အထည် မဖော်နိုင်တာပေါ့။ ချေးငွေက အပိုင်းတခုချင်းအလိုက် ထုတ်ပေးတာကိုး။ အဲဒီတော့ ပထမအပိုင်းမပြီးရင် နောက်အပိုင်းက ရဖို့ အခက်အခဲရှိတာကိုး။ အစိုးရပိုင်းက ကတိကဝတ် ပေးထားပေမယ့် တကယ်ထုတ်ယူတဲ့ အပိုင်းက နည်းနေသေးတယ်” ပြောသည်။
၎င်းက ဆက်လက်ပြီး “ရန်ကုန်မြို့တော် စည်ပင်သာယာက ရန်ကုန်မြို့တွင်း ၆ မြို့နယ် ရေကြီးရေလျှံကာကွယ်ဖို့အတွက် ချေးထားတဲ့ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်က အကောင်အထည် မဖော်ရသေးဘူး။ ဒီစီမံကိန်းတွေက ရှေ့က အကောင်အထည် မဖော်ရသေးဘဲနဲ့ နောက်က ထပ်ချေးနေတဲ့ သဘော ဖြစ်နေတယ်။ အခုဆိုရင် ရန်ကုန်မြို့ မြစ်ကြောင်း တလျှောက်အတွက် ထပ်ချေးတယ်ပေါ့နော်။ ကျနော်တို့က တကယ်လိုတဲ့ နေရာမှာ ချေးဖို့၊ ထိထိရောက်ရောက် အသုံးချဖို့ လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ တိုက်တွန်းချင်တယ်။ ထိရောက်အောင် မလုပ်နိုင်ဘဲ အစိုးရက အာမခံပြီး နောင်လာမယ့် မျိုးဆက်တွေ ဆပ်ရမယ့် ချေးငွေမျိုးကို မဖြစ်စေချင်ဘူး” ဟု ဆိုသည်။
မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းခြင်းကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စီမံကိန်း ဆောင်ရွက်မည့် နည်းလမ်းနှင့် ကြွေးမြီပြန်ဆပ်ရေး မူဝါဒကို ခိုင်မာစွာ ရေးဆွဲထားရန်၊ ချေးငွေ ထုတ်ယူထားသော်လည်း သုံးစွဲခြင်း မရှိသေးသည့်အတွက် အတိုးစရိတ်များ ကျခံရမည်ဖြစ်သဖြင့် မလိုပါဘဲ ချေးငွေ ကြိုတင်ထုတ်ယူခြင်း မပြုရန်လည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုထားသည်။
၁၉၈၈ ခုနှစ်မတိုင်မီ ကာလမှ လက်ရှိ ၂၀၁၈ ခုနှစ် မတ်လအထိ ပြန်ဆပ်ရမည့် ပြည်ပကြွေးမြီ ပမာဏမှာ ဒေါ်လာ သန်း ၁၀၀၀၀ ကျော် ရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကောင်မတီ၏ ၂၀၁၈-၁၈ ခုနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၀-၁၁ ခုနှစ်အထိ တရုတ်နိုင်ငံ Exim Bank of China နှင့် China Development Bank တို့မှ ချေးငွေ အများဆုံး ရယူခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁-၁၂ မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ အများဆုံး ရယူခြင်းဖြစ်သည်ဟု သိရသည်။
၂၀၁၇-၁၇ မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ကမ္ဘာ့ဘဏ် (အိုင်ဒီအေ) မှ ချေးငွေ အများဆုံး ရယူခဲ့ခြင်းဖြစ်ကာ ကျန်ရှိ ကြွေးမြီ စုစုပေါင်းအနက် အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပေးဆပ်ရမည် ဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ထုတ်ရောင်းခြင်းဖြင့် ရယူထားကာ ပြန်လည်ပေးဆပ်ရမည့် ပြည်တွင်းချေးငွေ ပမာဏမှာ ကျပ် ၂၀၇၂၄ ဒသမ ၆ ဘီလီယံ ရှိသည်ဟုလည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
ပြည်ပချေးငွေ ရရှိမှု မမျှတဟု ဆွေးနွေးသည့် ရခိုင်အမတ် သတိပေးခံရ
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် အတည်ပြု