ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကျင်စမ်း ကျော့ဂိတ်တွင် လုံခြုံရေးယူထားသည့် နမ့်ခမ်းမြို့မ ပြည်သူ့ စစ် အဖွဲ့ကို အရပ်ဝတ် လက်နက်ကိုင် ၃ ဦးက ဝင်ရောက် ပစ်ခတ်သဖြင့် ပြည်သူ့စစ် ၃ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ ခဲ့ကြောင်း သတင်းရရှိသည်။
ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာမှာ မူဆယ်မြို့နှင့် ၉ မိုင်ခန့် ကွာဝေးသည့် ကျင်စမ်းကျော့ ဂိတ်တွင် ဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက် ည ၉ နာရီဝန်းကျင်က အရပ်ဝတ် လက်နက်ကိုင် ၃ ဦးက ဆိုင်ကယ်ဖြင့် ရောက်လာကာ ပစ်ခတ်သွားခြင်း ဖြစ် ကြောင်း သိရသည်။
သေဆုံးသူများ နှင့် ဒဏ်ရာရသူများကို မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် မူဆယ်မြို့ ကရုဏာ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက “ဒဏ်ရာရတဲ့ တယောက်က ပေါင်ကို ကျည်ဆန်၂ ချက် မှန်တယ်။ နောက် တယောက် က ပစ်လိုက်တဲ့ ကျည်ဆန်က မှန်ကို မှန်ပြီး မှန်စက နဖူးမှာ မှန်တယ်။ ဒါပေမယ့် သူက နည်းနည်းလေးပဲ ထိတဲ့ ဒဏ်ရာ ဖြစ်တဲ့အတွက် တယောက်ကိုပဲ ဆေးရုံတင်ထားတယ်”ဟု ပြောသည်။
တိုက်ခိုက်ခံမှု ဖြစ်ပြီးနောက် တရုတ်အာဏာပိုင်များက ၎င်းတို့၏ ကုန်သည်များကို မြန်မာဘက်သို့ မသွားရန် တားမြစ် ထားသည် ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ရှမ်းပြည်နယ် ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စန်းဝင်းက ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ၎င်းတို့ အနေဖြင့် ကြေးနန်း သတင်းကိုသာ ရရှိထားပြီး နယ်မြေ အခြေအနေကို အသေးစိတ် မသိကြောင်း ပြောသည်။
ဧရာဝတီက မူဆယ်ခရိုင် ရဲတပ်ဖွဲ့သို့ ထပ်မံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ဦးသောင်းထွန်းက “ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေး ရစေချင်တယ်။ ငြိမ်းချမ်းရေးရမှ ဖွံ့ဖြိုးရေး လုပ်ငန်း တွေ၊ လမ်းပန်း ဆက်သွယ်ရေးတွေ၊ စီးပွားရေးတွေ အဆင်ပြေကြမှာ”ဟု ပြောသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း လားရှိုးမြို့ ရိုးမဘဏ်တွင် ပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်တွင် မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီး မိုင်း ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သေးသည်။
ထို့ပြင် ၂၀၁၈ ခုနှစ် မေလကလည်း မူဆယ်မြို့ပေါ်သို့ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ရဲနှင့် ပြည်သူ့စစ် စခန်းများကို ဝင်ရောက် တိုက်ခိုက်သဖြင့် နမ့်ခမ်းမြို့မ ဌာနေ ပြည်သူ့စစ်နှင့် အရပ်သား စုစုပေါင်း ၁၉ ဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။