လူအများနှင့် တွေ့ခဲလှသည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေသည် နိုဝင်ဘာလ ၂၈ ရက်နေ့က ပအို့ဝ်တိုင်းရင်းသားခေါင်းဆောင်များကို နေပြည်တော်ရှိ သူ၏နေအိမ်တွင် လက်ခံတွေ့ဆုံပြီး တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်ကံကို ယုံကြည်လွန်းသည့် အယူအဆဟောင်းကို ပယ်ကာ လမ်းများတည်ဆောက်ခြင်း၊ ကလေးများကို ပညာသင်ကြားပေးခြင်းတို့ကို အားပေးလုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။
အသက် ၈၃ နှစ်ရှိပြီဖြစ်သော စစ်အစိုးရ ခေါင်းဆောင်ဟောင်းသည် ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဌဟောင်းနှင့် နာယက ဦးအောင်ခမ်းထီ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။
“ပအို့ဝ်တွေက အရင်ဘဝက ပြုခဲ့တဲ့ ကံကိုသာ မှီခိုအားထားကြပြီး လက်ရှိအခြေအနေကို ဘယ်လိုအကောင်းဆုံး အသုံးချမလဲဆိုတာ မစဉ်းစားကြဘူး။ လက်ရှိဘဝမှာ အားထုတ်မှုလုပ်ရမယ်။ ကံကို အလွန်အကျွံ ယုံကြည်လို့ မရဘူး” ဟု ထိုတွေ့ဆုံပွဲသို့ လိုက်ပါသွားခဲ့သော ပအို့ဝ် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက ဦးသန်းရွှေ၏ စကားများကို အကျဉ်းပြန်ပြောပြသည်။
“ပအို့ဝ်တွေ အမြဲတမ်း အလုပ်ကြိုးစားရမယ်လို့ သူက ကျနော်တို့ကိုပြောတယ်။ ခုချိန်က တိုးတက်မှုအတွက် လုပ်ဖို့ကောင်းတဲ့အချိန်ပဲလို့ ပြောတယ်။ ကံကို ယုံလို့ ဘာမှ ဖြစ်မလာဘူးလို့လည်း ပြောတယ်”။
ပအို့ဝ်များအနေဖြင့် ၎င်းတို့အသိုင်းအဝန်းအကြား ပိုမို စုစည်း ညီညွတ်စေရန် ရှမ်းပြည်တောင်ပိုင်းရှိ ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လမ်းများကောင်းမွန်အောင် လုပ်သင့်ကြောင်း၊ ပအို့ဝ်ကျောင်းသားများ ပညာရေးတိုးတက်စေရန် ဖောင်ဒေရှင်းထောင်ရန်လည်း ဦးသန်းရွှေက အကြံပြုကြောင်းလည်း သိရသည်။
“ဒါဟာ ပအို့ဝ်တွေ သူတို့ဒေသမှာ ပညာ ပိုကောင်းကောင်းတတ်ဖို့ တခုတည်းသော နည်းလမ်းလို့ သူပြောတယ်ဗျ” ဟု ဦးခွန်သိန်းဖေပြောသည်။ “ဒီဒေသမှာ ငြိမ်းချမ်းရေးရပြီးသားဆိုတော့ ဆက်လက်ထိန်းသိမ်းဖို့လည်း သူပြောတယ်” ဟုလည်း ဆိုသည်။
ပအို့ဝ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း PNO နှင့် စစ်အစိုးရ ၁၉၉၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးနောက် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် အသိအမှတ် ပြုခံရကာ PNO ကို လုံခြုံရေးကို စီမံသော ပြည်သူ့စစ်နှင့် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။
ပအို့ဝ်ခေါင်းဆောင်များသည် တပ်မတော်နှင့် တပ်မတော်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီနှင့် နီးစပ်နေဆဲဖြစ်ပြီး ဒေသတွင်းမှ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက PNO သည် ဒေသခံများကို ပြည်သူ့စစ်အဖြစ် အတင်းအကျပ်စေခိုင်းကြောင်း စွပ်စွဲသည်။
PNO ခေါင်းဆောင်များသည် ဦးသန်းရွှေ ထံ တနှစ်တကြိမ် သွားရောက်လည်ပတ်ကြပြီး ဂါရဝပြုကာ ၎င်းတို့ဒေသ တိုးတက်ရေးအတွက် အကြံဉာဏ်တောင်းလေ့ရှိသည်။
နေပြည်တော်ခရီးစဉ်အတွင်း ပအို့ဝ် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်း တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပအို့ဝ်တို့သည် နိုင်ငံအကျိုးအတွက် ဆောင်ရွက်သင့်ကြောင်း၊ ပညာရေးစနစ် တိုးတက်အောင် အရင်လုပ်မှသာ နိုင်ငံအကျိုးဆောင်နိုင်မည်ဖြစ်ကြောင်းပြောသည်ဟု သိရသည်။