ကရင်ပြည်နယ် မြောက်ပိုင်းရှိ တောင်ငူ အပါအဝင် ခရိုင် ၄ ခု ဆက်စပ်၍ တပ်မတော်က လမ်းဖောက်လုပ်ခြင်းကို ရပ်ဆိုင်း ပေးရန် ကရင်အမျိုးသား အစည်းအရုံး(KNU) က တောင်းဆိုလိုက်သည်။
KNU တောင်ငူ ခရိုင်၏ ၆ ကြိမ်မြောက် ခရိုင် ညီလာခံကို တောင်ငူ ခရိုင် ထန်းတပင် မြို့နယ်၌ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ ကျင်းပခဲ့ပြီး ယင်းညီလာခံမှ တပ်မတော် လမ်းဖောက်နေခြင်းကို ရပ်ဆိုင်းရန် လိုအပ်ကြောင်း ဆွေးနွေး သ ဘော တူညီကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
KNU တောင်ငူခရိုင်မှ ပြောခွင့်ရ စောသူးကဘီးက“အဓိကတော့ သူတို့ဖောက်မယ့်လမ်းက ကျနော်တို့ သုံးသပ်တာက ဖာ ပွန် ခရိုင်၊ ညောင်လေးပင် ခရိုင်၊ တောင်ငူ ခရိုင်၊ သထုံ ခရိုင်ကို ဖြတ်ဖောက်တာ။ ကရင်ပြည်နယ် မြောက်ပိုင်း ခရိုင် ၄ ခုကို ဆက်ပြီးတော့မှ သူတို့ရဲ့ ဆက်သွယ်ရေးနဲ့ သွားလာရေး အဆင်ပြေဖို့ အတွက် လမ်းကြောင်းကို ဖောက်တာ။ ကျနော်တို့ နားလည်တာက သူတို့က ဒီဟာကြီးကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဝင်ထွက် သွားလာနိုင်ဖို့ ဖောက်လုပ်ချင်တဲ့ လမ်း လို့ မြင်တယ်”ဟု ပြောသည်။
လက်ရှိ တပ်မတော် ဖောက်လုပ်နေသော လမ်းကို ပြည်သူ လူထုက လက်မခံကြောင်း၊ စစ်ရေး အထောက်အကူ ပြုရန် ဖောက်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အကယ်၍ လမ်းဖောက်မည်ဆိုလျှင် တပ်မတော်က ဖောက်စရာ မလိုဘဲ KNU က ဖောက်မည် ဖြစ်ကြောင်းနှင့် အစိုးရ၏ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနက မဟုတ်ဘဲ တပ်မတော်က ဖောက်ခြင်းသည် နည်းလမ်း မမှန်ကြောင်း တောင်ငူ ခရိုင် ညီလာခံတွင် ဆွေးနွေး ခဲ့ကြသည်ဟု ဆိုသည်။
စောသူးကဘီးက“ဒီလမ်းတွေကို ကျနော်တို့ KNU က ဖောက်လို့ ရတယ်။ တပ်မတော် လာဖောက်ပေးမှ အစိုးရ လာဖောက် ပေးမှ မဟုတ်ဘူး။ လမ်းဖောက်တယ် ဆိုရင် အစိုးရအနေနဲ့ အစိုးရရဲ့ လမ်းပန်း ဆက်သွယ်ရေးကနေ လာပြီးတော့မှ ကျနော် တို့နဲ့ တွေ့ဆုံ စကားပြော၊ ဘာဖြစ်လို့ တပ်မတော်ကနေပြီး လမ်းဖောက်ဖို့ တာဝန် ရှိသလဲပေါ့။ ကျနော်တို့ တောင်ငူ ခရိုင်ရဲ့ သဘောထားကတော့ သက်ဆိုင်ရာ အစိုးရနဲ့ ခေါင်းဆောင်တွေကို ကျနော်တို့ တိုက်တွန်းချင်တယ်၊ အသိ ပေးလိုတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သွားနေတဲ့ အပေါ် အများကြီး ယုံကြည်မှု ပျက်ပြား စေတယ်၊ ကျနော်တို့ သဘောမတူ တဲ့ဟာကို ဆက်မလုပ်ဖို့ ပြောလိုပါတယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကလည်း တပ်မတော်မှ ဖာပွန်ခရိုင်မှာ ခေးပူ-လယ်မူပလော လမ်းဖောက်လုပ်ရာတွင် KNU ၏ တပ် မဟာ(၅)နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး ဒေသခံ ၂ ထောင်ကျော် တိုက်ပွဲ ရှောင်ခဲ့ကြရသလို ယနေ့ချိန်ထိ စစ်ရေး တင်းမာ လျက် ရှိနေသည်။
ထို့ကြောင့် ငြိမ်းချမ်းရေး မထိခိုက်စေလိုသည့် အတွက် တပ်မတော် အနေဖြင့် လမ်းဖောက်လုပ်မှုကို ရပ်ဆိုင်းသင့်ကြောင်း KNU ဘက်က ဆိုထားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) မှ အတွင်းရေးမှူး (၂) တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က JMC သို့ တိုင်စာ မရောက်လာသေး သည့်အတွက် ဆွေးနွေးမှုများ မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးဌာနသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသည့် အတွက် တစုံတရာ မသိရပေ။
တပ်မတော်က လမ်းဖောက်လုပ်ရန် ကြိုးပမ်းနေသည့် KNU ၏ ခရိုင် ၄ ခုအတွင်း KNU ၏ တပ်မဟာ ၄ ခု လှုပ်ရှားလျက် ရှိကြောင်း သိရသည်။
တပ်မဟာ ၄ ခုသည် တောင်ငူခရိုင်တွင် တပ်မဟာ(၂) ၊ ဖာပွန်ခရိုင်၌ တပ်မဟာ(၅)၊ ညောင်လေးပင် ခရိုင်တွင် တပ်မဟာ (၃) နှင့် သထုံခရိုင်တွင် တပ်မဟာ(၁)တို့ အသီးသီး လှုပ်ရှားလျက် ရှိကြောင်း KNU ဘက်က ပြောသည်။
KNU သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် ကရင် လက်နက် ကိုင် အဖွဲ့ဖြစ်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကနေ စတင်၍ ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စ အပါအဝင် တခုတည်း သော တပ်မတော် လက်ခံရေး အစိုးရ၊ တပ်မတော်တို့နှင့် အငြင်းပွားလျက်ရှိကာ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်မှု ကို ယာယီ ရပ်ဆိုင်းထားသည်။
သို့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများကနေ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း KNU က ထုတ်ပြန်ထားသည်။
ယင်း ၆ ကြိမ်မြောက် ခရိုင် ညီလာခံသို့ KNU မှ ကိုယ်စားလှယ် ၈၅ ဦး၊ ဗဟို ခေါင်းဆောင် ၇ ဦး၊ KNU သထုံခရိုင်၊ ညောင် လေးပင် ခရိုင်၊ ဖာပွန်(မူတြော်)ခရိုင်တို့မှ ခေါင်းဆောင် ၅ ဦး၊ အထူး ဖိတ်ကြားထားသူ ၁၁ ဦး၊ လေ့လာသူ ၃၅ ဦး တက် ရောက်ခဲ့ကြကြောင်း သိရသည်။