ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ ခရိုင် မင်းလှမြို့နယ် စိန်ကန့်လန့် ကျေးရွာ ရွှေကြီးမြင့် ဘုရားပွဲ အတွင်းသို့ ဝါးကား ၁ စီး အရှိန် မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ရာ ၅ ဦးသေဆုံး၍ ၂၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဝါးကားမှာ ဘရိတ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း မင်းလှ မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ် သန်းဇော်ဦးက ဧရာဝတီကို ပြောသည်။
ရဲအုပ် သန်းဇော်ဦးက“လောလောဆယ်တော့ ကျနော်တို့ စာရင်းမှာ သေဆုံးက ၅ ဦးပဲ ရှိသေးတယ်။ ပုဒ်မ ၃၀၄-က ၃၃၈၊ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ အပြင်းအထန် နာကျင်စေမှု၊ သာမန် နာကျင်စေမှု) နဲ့ ယာဉ်မောင်း တင် မောင်ဝင်း ဖမ်းဆီးပြီး ကျနော်တို့ လုပ်ထုံး လုပ်နည်း အရ အမှု တည်ဆောက်နေတယ်”ဟုလည်း ပြောပြသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အခင်းဖြစ်ပွားရာ နေရာ၌ ပွဲချင်းပြီး ၃ ဦး သေဆုံး၍ ဆေးရုံတွင် ၂ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူများမှာ ၁ နှစ်ခွဲ အရွယ် တဦး၊ ၇ နှစ်အရွယ် တဦးနှင့် ၉ နှစ် အရွယ် မိန်းကလေး ၂ ဦး စုစုပေါင်း ကလေး ၄ ဦးနှင့် အသက် (၄၀) အရွယ် အမျိုးသမီးတဦးတို့ ဖြစ်ကြောင်း ဓမ္မဝိဇယ အုတ်ဖို လူမှုကူညီရေး အသင်းမှ ကိုကျော် ဝင်းလှိုင်က ဧရာဝတီကို ပြောသည်။
“တောင်ပေါ်ကဆင်းလာတဲ့ ဝါးကားက အဆင်း ဆိုတော့ ဘရိတ်မမိဘဲ ပွဲတော်ထဲ မောင်းချလာတာ။ အဲဒီနားက က လေး တွေ များတော့ အရင်ဆုံး ၁ နှစ်ခွဲ အရွယ်ကလေးနဲ့ မိခင်ကို စတိုက်တယ်”ဟု ၎င်းက ရှင်းပြသည်။
အခင်း ဖြစ်ပွားပြီးနောက် ဒေသတွင်း လူမှုရေး အသင်းအဖွဲ့များဖြစ်ကြသည့် အုတ်ဖိုမြို့ ဓမ္မဝိဇယ အသင်း၊ သန္တိသုခ အသင်းနှင့် လက်ပံတန်း မြို့လူမှု ကယ်ဆယ်ရေး အသင်းများ၏ အရေးပေါ် ယာဉ်များဖြင့် ဒဏ်ရာရှိသူ လူနာ အ ယောက် ၂၀ ကျော် အနက် စိုးရိမ်ရသူ လူနာ ၇ ဦးအား ရန်ကုန် ဆေးရုံကြီးနှင့် သာယာဝတီ ဆေးရုံကြီးများသို့ ပို့ ဆောင်ပေးခဲ့ပြီး ကျန်လူနာများကို မင်းလှမြို့နယ် ပြည်သူ့ ဆေးရုံသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။