စမတ်စီးတီးအဖြစ် မန္တလေးမြို့ တိုးတက်လာမှုကို သဘောကျမိကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသည့် ရန်ကုန်မြို့တွင် စုပြုံနေသူများလည်း အခြားနေရာများသို့ ပျံ့နှံ့သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြော သည်။
နေပြည်တော် ပြည်ထောင်စုလွှတ်တော်သို့ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာစဉ် မန္တလေးမြို့မှာ စမတ် စီးတီး အဖြစ် နာမည်ကောင်း ရနေချိန်တွင် ၎င်းတာဝန်ယူရသည့် ရန်ကုန်မြို့မှာ မည်သည့်အတွက်ကြောင့် ရှေ့ မရောက် ဖြစ်နေရပါသနည်းဟု ဧရာဝတီက မေးမြန်းရာ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးမောင်မောင်စိုးက“မန္တလေးတိုးတက်ရင် ကျနော် ပိုကြိုက်တယ်။ ဘာလို့ဆိုတော့ ရန်ကုန် စီးပွားရေးရှာလို့ ကောင်းတဲ့ နေရာကနေ ပျံ့ပြီး ထွက်သွားမယ်။ ဧရာဝတီ၊ ကချင်၊ ကရင် အကုန်လုံး တိုးတက်ရင် ကောင်းတယ်။ အဲဒီတော့မှ လူဦး ရေ ပျံ့သွားမှာ။ အခက်အခဲတွေ ကြားထဲမှာ စီးပွားရှာလို့ ကောင်းတယ်ဆိုပြီး လူဦးရေက တိုးလာတော့ လူများလေ အမှိုက်များလေ အကုန်များလေ။ ပြဿနာများလေပဲ”ဟု ပြောသည်။
မြို့တော်ဟူသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို နားလည်ရန် လိုကြောင်းနှင့် မန္တလေးတွင် လူဦးရေ ၁ သန်းသာ ရှိပြီး ရန်ကုန်တွင် လူဦးရေ ၇ သန်း ရှိနေသည်ဟု ဆိုကာ“တရပ်ကွက်လုံးထက် စာရင်တော့ အိမ် တအိမ် ရှင်းရတာ လွယ်တာပေါ့။ ကျနော်တို့သည် အရှိန်တော့ မလျော့ပါဘူး။ သို့သော် ကိုယ့်ဟာနဲ့ကိုယ် လုံးချာလိုက်နေတာ မန္တလေးကို လှည့်တောင် မကြည့်အားဘူး။ မန္တလေးက လာလာ၊ ကြည့်ကြည့်ပြီး ပြောနေတာ ကျနော် အံ့သြတယ်။ တော်တော် အားများ နေကြလား မသိဘူး”ဟုလည်း ဦးမောင်မောင်စိုးက ဆိုသည်။
မြန်မာပြည်၏ မြို့တော်ဟောင်းနှင့် စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် မန္တလေးမြို့ထက် ပိုမို ကျယ်ဝန်း သော်လည်း ယခု တိုင်းအစိုးရ လက်ထက်အတွင်း စီမံခန့်ခွဲမှု အားနည်းခြင်းများကြောင့် မတိုးတက်ရခြင်း ဖြစ်ကာ အစိုးရခန့် ကော်မတီဝင်များ သည်လည်း စည်ပင်သာယာရေး လုပ်ငန်းအား ကျွမ်းကျင်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ထောက်ပြ ပြောဆိုသည်။
၎င်းက“အားမကောင်းဘူးဆိုရင် ဘာကြောင့် ၃ နှစ်လောက် ရွေးကောက်ပွဲ မလုပ်ဘဲ နေတာလဲ။ ကျယ်ပြန့်လို့ မြို့တော်ဝန် တယောက်တည်း မလုံလောက်ရင် ဒုမြို့တော်ဝန် ခန့်လိုက်ပေါ့။ ဒုမြို့တော်ဝန် ခန့်ဖို့လည်း Delegation (အလုပ်ခွဲဝေမှု) လုပ်ဖို့ အရမ်း တွန့်နေတယ်။ ဒါမျိုးလည်း မလုပ်ချင်ဘူး။ နောက် တကယ်နိုင်သလား ဆိုတော့လည်း မနိုင်ဘူး”ဟု ပြောသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ခေါင်းဆောင်သည့် ရန်ကုန်တိုင်း အစိုးရ လက်ထက်တွင် ယခင် အစိုးရလက်ထက်က ပြည်သူ လူထုက မဲပေး ရွေးချယ်ထားသည့် မြို့နယ်၊ ခရိုင်နှင့် ကော်မတီဝင်အဆင့် စည်ပင်သာယာရေး ဝန်ထမ်းများ ကို ဖြုတ်ချခဲ့ကာ အစိုးရခန့် ကော်မတီဝင်များကို ပြန်လည်ခန့်ထားခဲ့သော်လည်း ရွေးကောက်ပွဲများအား ယနေ့ အချိန် အထိ ပြန်လည် ပြုလုပ်ပေးခြင်း မရှိသေးပေ။
ဒေါ်စန္ဒာမင်းက“ရန်ကုန်မြို့ကြီးက ကျယ်ပြန့်တယ်ဆိုရင် ကျယ်ပြန့်တဲ့အလျောက် လုပ်နိုင်ကိုင်နိုင်တဲ့ ဝန်ထမ်းဦးရေ၊ ကော်မတီဝင် ဦးရေတွေကို တိုးချဲ့လိုက်ပါလား။ အစိုးရက Selected Person တွေ ခန့်ထားတယ်။ စည်ပင်သာယာ လုပ်ငန်းတွေနဲ့ လုံးဝ မကျွမ်းဝင်တဲ့သူတွေ ဖြစ်နေတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တွေက အောက်ခြေအထိ မရောက်ဘူး။ အဲဒါက လုပ်ငန်းကို လုံးဝ မအောင်မြင်စေသော အချက်ပဲ”ဟု ပြောဆိုသည်။
မင်းနေပြည်တော်ဟောင်း တခုဖြစ်သည့် မန္တလေးမြို့တွင်မူ ရေပေးဝေရေးစနစ်၊ ရေဝေရေလဲဒေသ ပြုပြင်မှု၊ စမတ် နည်းပညာ အသုံးပြုသော အစိုင်အခဲအညစ်အကြေး စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် နှစ် ၃၀ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ရေးဆွဲထားသလို မြို့၏ လမ်းများပေါ်မှ မော်တော်ယာဉ်များကို အချိန်နှင့်တပြေးညီ စောင့်ကြည့် ထိန်းချုပ်ရန်နှင့် ပိုက်လိုင်းများ၊ ရေမီတာများနှင့် အီလက်ထရွန်နစ် လမ်းအသုံးပြုခ ကောက်ခံမှု စနစ်များ ကို စောင့်ကြည့်ရန် အာရုံခံ ကိရိယာများကို တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။
“စမတ်စီးတီး ဆိုတာ ဂျိန်းစ်ဘွန်းကားထဲကလို အဆင်မြင့် နည်းပညာ လက်နက်ကိရိယာတွေ အများကြီးနဲ့ မြို့လိုမျိုး ထင်တဲ့သူတွေလည်း ထင်မှာပဲ။ တချို့ကျပြန်တော့လည်း ငွေတွေ အများကြီးသုံးပြီး မြို့ထဲက အရာရာကို အဆင့်မြှင့် တင်မယ်လို့ ထင်ရင် ထင်နိုင်တယ်။ အဲဒီလို လုံးဝ မဟုတ်ပါဘူး။ စမတ်စီးတီး ဆိုတာ အများပြည်သူ ဝန်ဆောင်မှု တွေကို နည်းပညာသုံးပြီး အဆင်ပြေချောမွေ့အောင် လုပ်ပေးတဲ့ မြို့ကြီးတမြို့ပါ”ဟု မန္တလေး စည်ပင်သာယာရေး ကော်မတီဝင် ဦးရဲမြတ်သူက နိုဝင်ဘာလအတွင်းက ဧရာဝတီသို့ ပြောဆိုထားသည်။
ထို့ပြင် မကြာမီ ကာလအတွင်း မန္တလေးမြို့၏ မည်သည့်နေရာမဆို အလွယ်တကူ ရှာနိုင်သည့် စံချိန်မီ မြေပုံ ထုတ်လုပ် နိုင်ရေး၊ အမေရိကန် စံနှုန်းနှင့်အညီ လမ်းညွှန်ဆိုင်းဘုတ်များ ရေးဆွဲရန် ရှိကြောင်း၊ ပြည်သူများအနေဖြင့် အိမ်ခြံမြေ ခွန်၊ ဆောက်လုပ်ရေး ခွင့်ပြုချက်များကို ရုံးသို့လာရန် မလိုသည့် ငွေပေးချေမှု စနစ်များ ဆောင်ရွက်နိုင်ရန် မန္တလေး စည်ပင်သာယာရေး ကော်မတီက ကြိုးပမ်းလျက် ရှိသည်။
ရန်ကုန်မြို့သည် ၂၀၁၆ ခုနှစ် မတိုင်မီ နေပြည်တော် မပေါ်ပေါက်ခင်အထိ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး လူဦးရေ သိပ်သည်းလာသည့် အတွက် မြို့သစ်များ တိုးချဲ့တည်ဆောက်ခဲ့သော်လည်း လူနေမှု အဆင့်အတန်း ဆက်လက် နိမ့်ကျနေဆဲ ဖြစ်သည်ဟု ဝေဖန်မှုများ ရှိသည်။
“ရန်ကုန်က လူတွေ အရမ်းများနေပြီ။ အသံချဲ့စက်တွေကလည်း ဆူတယ်။ ကားလမ်းပိတ်တာတော့ ပုံမှန်လို ဖြစ်နေ တော့ မပျော်တော့ဘူး။ ဒါပေမယ့် ပညာရှာဖို့၊ စီးပွားရေး အခွင့်အလမ်းတွေ အတွက်ကတော့ ဒီမှာပဲ နေရမှာပဲ။ ပြည်တွင်းမှာ တခြားလည်း သွားလုပ်စရာက မရှိသေးဘူး”ဟု ရန်ကုန်မြို့ စမ်းချောင်းတွင် နေထိုင်သူ ဦးညီညီက ပြောဆိုသည်။