ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေး ခရိုင်၊ နားမွန် ကျေးရွာ အုပ်စု ပေါက်ကျောင်း ကျေးရွာမှ အသက် ၁၁ နှစ် အရွယ် ကလေးငယ် တဦး ဒီဇင်ဘာ၂ ရက် နံနက်ပိုင်းက မိုင်းထိကာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကျောင်း ကျေးရွာတွင် အလှူ လုပ်နေခြင်းကြောင့် လိုအပ်သည့် ပစ္စည်းများ ဝယ်ရန် တခြား ကျေးရွာသို့ သွားရောက် ကြစဉ် ပေါက်ကျောင်းနှင့် ပန်ပီး ကျေးရွာကြား၌ မြေမြှုပ်မိုင်း ထိခဲ့ခြင်း ဖြစ်ကြောင်း ပန်ပီး ကျေးရွာမှ ဒေသခံတဦးက ပြော သည်။
“ရွာမှာ အလှူလုပ်ဖို့ ဆွမ်းသွပ်ဖို့ ဆိုပြီး ပစ္စည်းသွား ဝယ်နေတာ။ အဲဒီမှာ အသက် ၁၁ နှစ်ပဲ ရှိသေးတဲ့ ခွန်ပီဆိုတဲ့ ကလေး မိုင်းထိသွားတယ်။ ကလေး တယောက်ပဲ ထိတာ၊ ဘယ်ဖက်ခြေထောက်တော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ မြေမြှုပ်မိုင်းသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)မှ ထောင်ထားသည့် မိုင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁ ရက် ညက RCSS ယာယီ တပ်စခန်းချသွားပြီး ဒီဇင်ဘာ ၂ ရက် နံနက် ၆ နာရီမှာ ခွန်ပီ မိုင်းထိခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ပန်ပီး ကျေးရွာ အနီးမှာ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် တပ်မတော် ပူးပေါင်းပြီး တပ်စခန်းများ ဆောက်လုပ်လာခြင်းကြောင့် ပြဿနာများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။
ဒုဗိုလ်မှူးကြီး စိုင်းဦးက“ကျနော် ခရီးထွက်နေလို့ သတင်း မကြားရသေးပါဘူး။ ကျနော် ကြားသလောက်တော့ သူတို့က တပ်နဲ့ PNLO နဲ့ ပေါ့နော်။ သူတို့ ပေါင်းပြီးတော့ ပန်ပီးမှ တပ်စခန်းတွေ ဆောက်နေတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ပန်ပီး အနီးအနားက ရွာသုံးရွာကို ရွှေ့ခိုင်းတယ်လို့ ပြောတယ်။ အမှန်က သူတို့ အဲဒီနယ်မြေမှာ သွားပြီးတော့ နေချင်တာ။ လှုပ်ရှားချင်တာ တပ်စခန်းတွေ ဘာတွေ ဆောက်ပြီးတော့ နောက်ပြီးတော့ တပ်မတော်နဲ့ ပေါင်းပြီးတော့ အဲဒီလို၊ ပြဿနာ တွေ စဖြစ်တာလည်း အဲဒါကြောင့် စဖြစ်တာ”ဟု ပြောသည်။
လက်ရှိတွင် မိုင်းထိပြီး ဘယ်ဘက် ခြေထောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားသည့် ခွန်ပီကို မိုင်းပန်မြို့က ဆေးရုံမှာ သွားရောက် ဆေးကုသနိုင်ရေး အတွက် ဖခင်ဖြစ်သူ ဦးလောက်ခမ်းက မိုက်ပုတ်ရွာသို့ အကူအညီ လာတောင်းသည့် အတွက် ဒေသခံများက ထမ်းစင်နှင့် သွားရောက် ခေါ်ဆောင်နေပြီး ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီ ဝန်းကျင်မှ မိုက်ပုတ် ရွာသို့ ရောက်ရှိမည် ဖြစ်ကြောင်း ပန်ပီး ဒေသခံများက ဆိုသည်။
ထို့နောက် မိုက်ပုတ်ရွာမှ မိုင်းပန်မြို့ပေါ်သို့ ဆေးကုနိုင်ရေး အတွက် တပ်မတော်ကို အကူအညီတောင်း၍ ကားဖြင့် သွား ရောက်ရန် စီစဉ်ထားကြောင်းလည်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက“သူ့ အဖေက ဒီမနက် (၃ ရက်) ၁၁ နာရီမှာ မိုင်းပုတ်ရွာကို ရောက်လာတယ်။ မြို့ဆေးရုံကို ပို့ဖို့ သူ့အဖေ က မိုင်းပုတ်ရွာကို လာ အကူအညီ တောင်းတယ်။ အခုတော့ သူတို့ သွားထမ်းနေပြီး လူနာကို။ မိုင်းပန်ကိုလား တခြား မြို့ ကိုလား မသိဘူး ပို့ရမယ်။ ညနေ ၅ နာရီ ဝန်းကျင်လောက်မှ မိုင်းပုတ်ရွာကို ရောက်မယ် ပြောတယ်။ လမ်းပန်း ဆက်သွယ် ရေးက အရမ်း ခက်ခဲတယ်”ဟု ပြောသည်။
RCSS နှင့် PNLO တို့ အောက်တိုဘာ ၁၆ ရက်က ပန်ပီးကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စစ်ရေး တင်းမာလျက် ရှိနေကြောင်း သိရသည်။
ပန်ပီး ဘုန်းတော်ကြီးကျောင်းလည်း နိုဝင်ဘာ ၇ ရက် ညက မီးလောင်ကျွမ်းသွားခဲ့ပြီး ကိုရင်လေး၂ ပါး ပျံလွန်တော်မူကာ နောက်၂ ပါး ဒဏ်ရာများ ရရှိခဲ့သည်။
RCSS မီးရှို့သည်ဟု ဒေသခံများက စွပ်စွဲထားကြကာ RCSS ကတော့ မိမိတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့် အ လျောက် မီးမရှို့ကြောင်းနှင့် လကွယ်ည ဖြစ်သည့် အတွက် ကိုရင်လေးများ မီးဆော့ရင်း လောင်ခြင်းသာ ဖြစ်နိုင်ကြောင်း ဆိုထားသည်။
RCSS နှင့် PNLO သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုး ထားသည့် လက်နက်ကိုင် အဖွဲ့များ ဖြစ်ပြီး NCA စာချုပ်အရ အရပ်သားများကို ကာကွယ်ပေးရန်နှင့် ကျေးရွာ အပါအဝင် ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းများ အတွင်း တပ်စခန်းများ ချ၍ မလှုပ်ရှားရန် ပြဋ္ဌာန်းထားသည်။
အဆိုပါ နားမွန် ကျေးရွာ အုပ်စု၊ ပန်ပီး၊ မိုက်ပုတ်၊ ပေါက်ကျောင်း ကျေးရွာများ အနီးမှာ တပ်မတော် အပါအဝင် RCSS နှင့် PNLO တို့ စစ်ရေး လှုပ်ရှားလျက် ရှိပြီး အားလုံးသည် NCA စာချုပ်ကို လိုက်နာရန် တာဝန်ရှိကြောင်း သိရသည်။
ယခု မိုင်းထိသွားသည့် ကလေးငယ် နေထိုင်သော ပေါက်ကျောင်းရွာတွင် အိမ်ခြေ ၂၉ လုံးရှိပြီး လူဦးရေ ၁၁၅ ဦး နေထိုင် ကြကြောင်း သိရသည်။