နေပြည်တော် လေဆိပ်၌ လက်နက်များ ဖမ်းဆီးရမိသဖြင့် အမှု ရင်ဆိုင်နေရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့် ဆန်း အမှုတွင် စစ်ဆေးရန် တရားလိုပြ သက်သေ ဦးရေ ၁၀၀ ကျော် ကျန်နေသေးကြောင်း သတင်းရရှိသည်။
လက်ရှိ၌ တရားလိုပြ သက်သေ၂၇၀ ကျော်တွင် ၁၀၀ ကျော်သာ စစ်ဆေးပြီး ဖြစ်သဖြင့် အမှုမှာ ကြန့်ကြာဦးမည်ဟု ဖြိုး ကိုကိုတင့်ဆန်း၏ ရှေ့နေ ဦးမြင့်အောင်က ပြောသည်။
တရား လွှတ်တော် ရှေ့နေ ဦးမြင့်အောင်က“သက်သေ စစ်တာပဲ ကြာဦးမယ့် သဘော ရှိပါတယ်။ ၁၀၀ နီးပါး လောက် ပဲ ရှိသေးတယ်။ ဒီသက်သေတွေက တရားစွဲ အဖွဲ့အစည်းက ထည့်ထားတဲ့ အတွက်ကြောင့် ဒီဟာတွေကို ဆက်စစ် မယ်၊ မစစ်ဘူး ဆိုတာက တရားစွဲရဲ့ သဘောထားပဲ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့၌ နေပြည်တော်ရှိ ဒက္ခိဏ ခရိုင် တရားရုံးတွင် တရားလိုပြ သက်သေ ၃ ဦးကို စုစုပေါင်း ၁၀ မှု စစ်ဆေး ခဲ့သည်။
စစ်ဆေးသည့် သက်သေ ၃ ဦးမှာ ပျဉ်းမနားမြို့မှ ရာအိမ်မှူး ၂ ဦးနှင့် အခင်း ဖြစ်ပွားစဉ်က ဟိုတယ် ACE တွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေး ဝန်ထမ်း တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံး၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင် စစ်ဆေးမှုများ ပြုလုပ် ခဲ့ ရာ ၁၁ လကျော် ကြာမြင့်သည့် အချိန်ထိ အမှုနှင့် ပတ်သက်၍ နေပြည်တော်မှ တရားလိုပြ သက်သေ ၁၄၂ ဦးတွင် ၉၇ ဦး စစ်ဆေးခဲ့ပြီး ရန်ကုန်မှ တရားလိုပြ သက်သေ ၁၃၆ ဦးတွင် ၂၀ သာ စစ်ဆေးနိုင်သေးကြောင်း သိရသည်။
ပဲခူးတိုင်း ဒေသကြီးမှ တရားလွှတ်တော် ရှေ့နေ ဦးအောင်ထွန်းက“ရာဇဝတ်မှု ဆိုတာ ထမင်း၊ ဟင်းတို့လို မသိုးသွား ဘူး။ စစ်တာ ကြာနေပေမယ့်လည်း အမှုမှာ အမှန်တရားပေါ်ဖို့ အရေးကြီးတယ်။ ရှေ့နေနဲ့ တရားစီရင်ရေး နယ်ပယ်မှာ ကြာတာ မကြာတာထက် အမှုမှန် ပေါ်ပေါက်ဖို့သာ အရေးကြီးတာပါ”ဟု ပြောသည်။
ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်တုပ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ဥပဒေ ပုဒ်မ တို့ဖြင့် အမှုပေါင်း ၂၀ ကျော် စွဲဆိုထားခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ ထံမှ ပစ္စတို၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွ ဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေ အိမ်၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်း များ ကို တွေ့ရှိခဲ့သဖြင့် အမှု ဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရား လွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့် အတွက် အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကို နေပြည်တော် ဒက္ခိဏ သီရိ ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး အမှုတွဲ များကို နေ ပြည်တော်မှ အမှုတွဲ၊ ရန်ကုန်မှ အမှုတွဲ တလှည့်စီ တနင်္လာနေ့တိုင်း စစ်ဆေးမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ် သည်။
ယင်းအမှုနဲ့ ပတ်သက်၍ နောက်ထပ် ရုံးချိန်းကို ဒီဇင်ဘာ ၁၇ ရက်တွင် ပြန်လည် စစ်ဆေးမည် ဖြစ်ကြောင်း ဒက္ခိဏ ခရိုင် တရားသူကြီး ဦးတင့်လွင် တရားခွင်တွင် ပြောကြားသွားသည်။