အစ္စရေးနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် ထိုင်းစိုက်ပျိုးလုပ်သားများ လုပ်ငန်းခွင် အခြေအနေ ဆိုးဝါးနေမှု စွပ်စွဲချက်ကို ထိုင်းနိုင်ငံရှိ အစ္စရေးသံရုံးက တနင်္ဂနွေနေ့တွင် ငြင်းပယ်လိုက်သည်။
အစ္စရေးရောက် ထိုင်းစိုက်ပျိုးရေး အလုပ်သမားများ ၂သောင်း ခွဲခန့်ရှိပြီး၊ ၎င်းတို့သည် လုပ်ခလစာ၊ နေထိုင်မှုနှင့် လုပ်ငန်းခွင်တွင် မတော်မတရားပြုကျင့်ခံနေကြောင်း BBC သတင်းက ပြောဆိုပြီးနောက် ထိုသို့ ထိုင်းအခြေစိုက် အစ္စရေး သံရုံးက ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
သံရုံး၏ ပြောကြားချက်တွင် အစ္စရေးအလုပ်အကိုင် ခန့်ထားရေးအဖွဲ့များကို အမျိုးသားလူကုန်ကူး တားဆီးမှု ညှိနှိုင်းရေးမှူးရုံးမှ အရာရှိများဖြင့် ဖွဲ့စည်းထားကြောင်း၊ အစ္စရေးလူမှုရေးနှင့် လူမှုဝန် ဆောင်မှုဝန်ကြီး ဌာန အပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားအာဏာပိုင်များကပါ နိုင်ငံရပ် ခြားမှလုပ်သားများကို အလုပ်သမားဥပဒေဖြင့် စနစ်တကျကြီးကြပ်နေကြောင်း အစ္စရေးသံရုံး ကဆို သည်။
“ထိုင်းလုပ်သားတွေအနေနဲ့ အဆင်မပြေတာရှိရင် ဆက်သွယ်သတင်းပို့နိုင်ဖို့ ထိုင်းဘာသာနဲ့ သီးသန့် တယ်လီဖုန်းနံပါတ်ထားရှိပါတယ်” ဟု သံရုံးက ဆက်လက်ပြောကြားသည်။
BBC သတင်းဌာန၏ထိုင်းဘာသာအစီအစဉ်က အဓိကစုံစမ်းတွေ့ရှိချက်တခုအနေဖြင့် အစ္စရေးရောက် ထိုင်းလုပ်သားများသည် ခေါင်းပုံဖြတ်အမြတ်ထုတ်၍ အကြမ်းဖက်ခြင်းခံနေရကြောင်း၊ အချို့မှာ သေဆုံးသည်အထိ ဖြစ်ပွားနေကြောင်း သတင်းထုတ်လွှင့်ထားသည်။
သို့သော် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အစ္စရေးအစိုးရနှင့် နိုင်ငံတကာရွှေ့ပြောင်းလုပ်သား အဖွဲ့ (IOM) တို့ ပူးတွဲအကောင်အထည်ဖော်ခဲ့သည့် လုပ်သားများ နေရာချထားမှု အပေါ်ထိုင်း-အစ္စရေး ပူးပေါင်းဆောင်ရွက် ရေး သဘောတူညီချက်(TIC) ရှိကြောင်း၊ ယင်းအတွက် အစ္စရေးနိုင်ငံသို့ စိုက်ပျိုးရေး သွားရောက်လုပ်ကိုင်ကြ ရန် ထိုင်းရွှေ့ပြောင်းလုပ်သားများအတွက် ဝန်ဆောင် ခဖြတ် တောက်ခြင်းကိစ္စ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ တချိန်တည်းမှာပင် ၎င်းတို့အလုပ်သမား အခွင့်အရေးများလည်း ကာကွယ်ပေးနေကြောင်း အစ္စရေးသံရုံးက အခိုင်အမာပြောကြားထားသည်။
အဆိုပါ IOM အဖွဲ့သည် အစ္စရေးနိုင်ငံသို့ နိုဝင်ဘာလက သွားရောက်ခဲ့ပြီး ၎င်းတို့ရင်ဆိုင်နေသော အခြေ အနေကို မေးမြန်းခဲ့ရာ အစ္စရေးရောက်ထိုင်းလုပ်သားများထံမှ အပေါင်းလက္ခဏာဆောင် သည့်အဖြေများ ရရှိခဲ့ကြောင်း၊ လုပ်သားအင်အား ၉၅ ရာခိုင်နှုန်းက အဆိုပါသဘောတူညီချက်ကို အကောင်းသည်မှ အကောင်း ဆုံးအထိဟူ၍ ယုံကြည်ကြကြောင်း IOM ၏ စစ်တမ်းကောက်ယူချက်က ပြသနေသဖြင့် အထူးပြောစရာမရှိဟု သံရုံးက ဆိုသည်။
“အစ္စရေးနိုင်ငံအနေနဲ့ နိုင်ငံခြားသားလုပ်သားတွေရဲ့အခွင့်အရေးကာကွယ်မှုနဲ့ သင့်လျော်လုံလောက်တဲ့ အလုပ် ခန့်ထားရေး စည်းမျဉ်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးဖို့ ကတိပြုပြီးဖြစ်ပါတယ်။ အဲဒီဆောင်ရွက်တဲ့ နေရာမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးကြေညာစာတမ်းနဲ့ နိုင်ငံတကာဥပဒေတွေ အတိုင်း အစ္စရေးနိုင်ငံဘက်က လိုက်နာကျင့်သုံးဖို့ ကတိကဝတ်အတိုင်းပါပဲ” ဟု သံရုံးက ပြောသည်။
နိုဝင်ဘာလ ၂၄ ရက်တွင် BBC(ထိုင်း) အစီအစဉ်က အွန်လိုင်းပေါ်သို့ အစ္စရေးရောက် ထိုင်းလုပ်သား များ အရေးနှင့်ပတ်သက်၍ သတင်းထုတ်လွှင့်ခဲ့ရာ ၎င်းတို့နေထိုင်မှုအခြေအနေ၊ လုံခြုံရေးတို့နှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရကြောင်း ဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ် ထိုင်း-အစ္စရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်(TIC) စတင်အသက်ဝင်ခဲ့ပြီး နောက် အစ္စရေးနိုင်ငံတွင် ထိုင်းလယ်ယာလုပ်သားပေါင်း ၁၇၂ ဦး သေဆုံးခဲ့ရကြောင်း ဘီဘီစီသတင်းက ဆိုသည်။
မည်သည့်အရေးကိစ္စများကြောင့် ယင်းဖြစ်စဉ်များဖြစ်ပေါ်ခဲ့ရကြောင်း မသိရပေ။ အစ္စရေးဥပဒေ သတ်မှတ်ချက်အရ အနိမ့်ဆုံး လုပ်ခလစာအောက် လျော့နည်း၍ အလုပ်သမားအများအပြားမှာ ရရှိခဲ့ကြောင်း၊ အလုပ်ချိန် ကြာမြင့်ပြီး ကျန်းမာရေးနှင့်မညီညွတ်သောနေထိုင်မှုအခြေအနေများတွင် အတင်းအဓမ္မနေထိုင်စေခဲ့ကြောင်း အဆိုပါသတင်းတွင် ပါရှိသည်။
အန္တရာယ်များသောဓာတုပစ္စည်းများနှင့် ထိတွေ့လုပ်ကိုင်နေရ၍ အသက်သေဆုံးအထိ ခြိမ်းခြောက်မှု မြင့် တက်နေသည်ဟု ဆိုသည်။ ယခင်သီတင်းပတ်က ထိုင်းကျန်းမာရေးအဖွဲ့တဖွဲ့ကို အစ္စရေးသို့ စေလွှတ်၍ ထိုင်းလုပ်သားများအခြေအနေစုံစမ်းလေ့လာရန် တာဝန်ပေးခဲ့ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးက ပြောကြားခဲ့သည်။