ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုရှိ ပန်ပီးအပါအဝင် ရွာ ၃ ရွာအား အဓမ္မ ရွှေ့ပြောင်း ခိုင်းခြင်း မရှိခဲ့ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) က ကြေညာချက်ထုတ် ပြောဆို လိုက်သည်။
ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ယင်းထုတ်ပြန်ချက်တွင် ဒီဇင်ဘာလ ၁ ရက်က Taifreedom ဝက်ဘ် ဆိုက်တွင် စတင်ဖော်ပြခဲ့သည့် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပွန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စုအတွင်းရှိ ပန်ပီးရွာ၊ ဝမ်မုတ်ရွာ၊ ပေါက်ကျောင်းရွာ စသည့် ကျေးရွာ ၃ ရွာအား မိမိတို့ PNLO/PNLA က အဓမ္မ ရွှေ့ပြောင်းစေသည်ဟု စွပ်စွဲ ရေးသားထားမှုမှာ မဟုတ်မှန်ကြောင်းနှင့် မှားယွင်းသည့် သတင်းဖော်ပြချက်သာ ဖြစ်ကြောင်း ပါရှိသည်။
“PNLO/PNLA သည် ပြည်သူလူထုအား ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် လုပ်ရပ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ လူမျိုးတမျိုး နှင့် တမျိုးကြား လူမျိုးရေးပဋိပက္ခ ဖြစ်စေသည့် လုပ်ရပ်များကို အမြဲရှောင်ကြဉ်လျက် ရှိသည်”ဟု ထုတ်ပြန်ချက်မှ တဆင့် PNLO က ပြောဆိုထားသည်။
Taifreedom ဝက်ဘ်ဆိုက်သည် ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ တရားဝင် သတင်း ဝက်ဘ်ဆိုက် တခု ဖြစ်ကြောင်း သိရသည်။
မှားယွင်းသောသတင်း ဖြန့်ချိမှုများကို PNLO အနေဖြင့် ယခင်ကတည်းက ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့သော်လည်း ရှမ်းပြည် ညီညွတ်ရေးကို အလေးထားသည့်အတွက် မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ကြောင်း၊ ယခု ဖော်ပြခံရသည့် သတင်းသည် မှားယွင်းစွာ ဖော်ပြခြင်းဖြစ်ကာ မမှန်ကန်ကြောင်းနှင့် ပဋိပက္ခများ ပိုမိုကြီးထွားစေကာ ရှမ်းပြည် ညီညွတ် ရေးကို ထိခိုက်စေကြောင်းလည်း PNLO ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
PNLO က ယင်းသတင်း ဖော်ပြချက် မဟုတ်မှန်ကြောင်း ပြောဆိုနေသော်လည်း တပ်မတော်နှင့် PNLO ပူးပေါင်းကာ ပန်ပီး ကျေးရွာအနီးတွင် တပ်စခန်းများ ချမှတ်နိုင်ရေး အတွက် ပြောင်းရွှေ့ခိုင်းမှုများ ရှိနေသည်ဟု RCSS/SSA ဘက် က ဆိုသည်။
RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦးက“ကျနော်ကြားသလောက်တော့ သူတို့က တပ်နဲ့ PNLO နဲ့ ပေါ့ နော်။ သူတို့ ပေါင်းပြီးတော့ ပန်ပီးမှာ တပ်စခန်းတွေ ဆောက်နေတယ်လို့ ပြောတယ်၊ စခန်း ဆောက်နေတယ် အဲဒီလို ကြားတယ်။ နောက်ပြီးတော့ ပန်ပီးအနီးအနားက ရွာ ၃ ရွာကို ရွှေ့ခိုင်းတယ်လို့ ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။
ကျေးရွာ ပြောင်းရွှေ့ခိုင်းမှုနှင့် ပတ်သက်၍ ပန်ပီးကျေးရွာ ဒေသခံတဦးအား ဆက်သွယ် မေးမြန်းရာ“အဲဒါ ကျနော်တို့ မသိဘူး။ လူကြီးချင်း ပြောကြလားမသိဘူး၊ ကျနော်တို့ မကြားဘူး။ လမ်းပေါ်မှာတော့ စစ်ကြောင်းအများကြီးပဲ။ မိုင်းပန် ဘက်မှာ တောက်လျှောက် စစ်ကြောင်းတွေ အများကြီးပဲဗျ”ဟု ပြောဆိုသည်။
ပြောင်းရွှေ့ခံရသည်ဟု သတင်း ထွက်နေသည့် ပန်ပီးကျေးရွာတွင် အိမ်ခြေ ၄၇၄ လုံးရှိကာ လူဦးရေ ၂၃၀၀ ကျော် နေထိုင်ပြီး ဝမ်မုတ်ကျေးရွာတွင် အိမ်ခြေ ၂၉ လုံးနှင့် လူဦးရေ ၁၀၅ ဦး၊ ပေါက်ကျောင်းကျေးရွာတွင် အိမ်ခြေ ၂၉ လုံး နှင့် လူဦးရေ ၁၁၀ ကျော် နေထိုင်ကြကြောင်း သိရသည်။
အဆိုပါ ကျေးရွာများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်သည့် ရွာများဖြစ်ကာ ပြီးခဲ့သည့် အောက်တိုဘာ လ ၁၆ ရက်က PNLO နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မလုံခြုံမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု လည်း ဆိုသည်။
ပန်ပီးကျေးရွာ ဒေသခံ တဦးက“အခု မိုင်းထောင်ထားတယ်၊ သွားရလာရတာ မသွားရဲဘူးဗျ။ ရွာပတ်ဝန်းကျင်လည်း မထွက်ရဲဘူး။ ထွက်ရင် မိုင်းသွားနင်းမိတယ်။ စားဝတ်နေရေးဆိုတာက ထမင်းငတ်တယ်။ အခု မိုင်းတွေ ထောင်ထား တော့ မသွားရဲဘူး။ ဒါကြောင့် အခု စားဝတ်နေရေးပါ ထိခိုက်လာတယ်”ဟု ပြောသည်။
ပေါက်ကျောင်းကျေးရွာမှ အသက် ၁၁ နှစ်အရွယ် ခွန်ပီ ဆိုသူ ကလေးငယ်မှာ ဒီဇင်ဘာလ ၂ ရက်က ပေါက်ကျောင်း နှင့် ပန်ပီးကျေးရွာကြားတွင် မိုင်းထိကာ ဘယ်ဘက်ခြေထောက် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သေးသည်။
လက်ရှိတွင် ပန်ပီးကျေးရွာ အနီးတွင် တပ်မတော်အပါအဝင် PNLO နှင့် RCSS/SSA တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှု ရှိနေသည်ဟုလည်း ဒေသခံများထံမှ သိရကာ PNLO နှင့် RCSS/SSA တို့ကြား တိုက်ပွဲများဖြစ်ကာ စစ်ရေးတင်းမာမှု များလည်း ရှိကြောင်း ဆိုသည်။
မိုင်းပန်မြို့နယ်သည် RCSS/SSA ထိန်းချုပ်ရာ နယ်မြေအတွင်း ပါဝင်ကာ ဒေသခံများက အကူအညီတောင်းသည့် PNLO/PNLA က ကူညီရန် လာရောက်ရာ စတင်ပစ်ခတ်ခံရသည့် အတွက် တိုက်ပွဲများ ဖြစ်ပွားရသည်ဟု သိရသည်။
PNLO ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက“အခုကိစ္စကတော့ ရွာသားတွေရဲ့လုံခြုံမှု အခြေအနေ။ သူတို့က လာပြီးတော့ ကြည့်ရှုကူညီပါဦးဆိုပြီးတော့ ခေါ်လို့ ကျနော်တို့ လူတွေရောက်သွားတဲ့ သဘောမျိုးပါ။ ကျနော်တို့ အဖွဲ့ တွေ ကတော့ သွားပစ်တာ မရှိပါဘူး။ ရောက်သွားတော့ ဒေသခံတွေနဲ့ စကားသွားပြောတယ်။ လာတိုက်တဲ့ အခါကျ တော့ ခုခံကာကွယ်တဲ့ သဘောပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
RCSS/SSA နှင့် PNLO တို့သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့များဖြစ် ကာ စာချုပ်တွင် အရပ်သားများကို ကာကွယ်ရန်နှင့် အရပ်သားများ ထိခိုက်စေမည့် လုပ်ရပ်များအား ရှောင်ရှားရမည့် တာဝန်ရှိသည်ဟု ပါရှိသည်။
ဆက်စပ် ဖတ်ရှုရန် – လင်းခေးတြင် အသက် ၁၁ နွစ် အရြယ် ကေလး တဦး မိုင်းထိ