သတင်း

မြန်မာယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီက ထပ်တိုးမြေဧက တသိန်းလျှောက်ထား

Want create site? Find Free WordPress Themes and plugins.

လက်ပံတောင်း ကြေးနီ စီမံကိန်းလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီက ကြေးနီထပ်မံ တူးဖော်ရေးအတွက် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ယင်းမာပင်ဒေသတွင် မြေယာ စစ်ဆေးခြင်းပြုလုပ်ရန် လျှောက်ထားလာသော ကြောင့် ဒေသခံများမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် မြေယာ အသိမ်းခံရမည့် အရေးအတွက် ထပ်မံ ပူပင်နေကြရသည်။

ဘေဂျင်း အခြေစိုက် ဝမ်ပေါင် သတ္တုတူးဖေါ်ရေး လီမိတက်၏ လုပ်ငန်းခွဲတခု ဖြစ်သော မုံရွာမြို့နယ် ဆားလင်းကြီး ရှိ လက်ပံတောင်း ကြေးနီတူးဖေါ်ရေးနယ်မြေတွင် လုပ်ကိုင်နေသော မြန်မာယန်စီ ကြေးနီလီမိတက်သည် ဆားလင်းကြီး၊ ယင်းမာပင်နှင့် ကန္နီ မြို့နယ်များတွင် နောက်ထပ်ကြေးနီတူးဖေါ်ရန်အတွက် မြေဧက တသိန်းကျော်တွင် ပဏာမ မြေယာစစ်ဆေးမှုပြုလုပ်ရန် လျှောက်ထားခဲ့သည်။

ထိုသို့ခွင့်ပြုချက်လျှောက်ထားခြင်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က တိုင်းအစိုးရသို့ လျှောက်ထားခဲ့ပြီး ခွင့်ပြုချက်မှာမူ ချထားပေးခြင်း မရှိသေးကြောင်း တိုင်းအစိုးရ အရာရှိများ၏အဆိုအရ သိရသည်။

“အဲဒီကုမ္ပဏီက မြေယာ စစ်ဆေးဖို့ လျှောက်ထားလာပြီး သူတို့နဲ့ အစိုးရအရာရှိတွေ နိုဝင်ဘာလကုန်က တွေ့ခဲ့ကြတယ်။ ဒါကို အစိုးရက စဉ်းစားနေတုန်းပဲ။ ဘာခွင့်ပြုချက်မှ ချမပေးရသေးဘူး” ဟု စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇမုံက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ထိုကုမ္ပဏီသည် ကန္နီ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအနီး မြေဧက တသိန်းတွင် မြေစစ်ဆေးရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၆ သန်းမှ ၁၀ သန်းအထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သော်လည်း စီမံကိန်း အသေးစိတ်အစီအစဉ်ကို မသိရသေးပေ။

“မြေစစ်ဆေးဖို့ ခွင့်ပြုရင်တောင်မှ အဲဒီနေရာမှာ သူတို့ သတ္တုတူးဖို့ ခွင့်ပြုတယ်လို့ မဆိုလိုဘူး။ လက်ပံတောင်းမှာ လောလောဆယ်ဖြစ်နေတဲ့ ပြဿနာတွေကိုတောင်မှ မရှင်းရသေးလို့ ကျနော်တို့လည်း စိုးရိမ်မှုရှိပါတယ်” ဟုလည်း သူပြောသည်။

သို့သော် မြန်မာယန်စီ ကြေးနီလီမိတက်သည် မြေနမူ စစ်ဆေးမှုများကို နေရာအချို့တွင် စတင်လုပ်ကိုင်နေသည်ဆိုသည့် ကောလာဟလများမှာ ဒေသခံများအကြားတွင် ပျံ့နှံ့နေသည်။ ဒေသခံများသည် လက်ပံတောင်း သတ္တုမိုင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် အတင်းအကျပ် ရွှေ့ပြောင်းခံရခြင်းများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ဖြစ်၍ အလားတူဖြစ်ရပ်မျိုးကို သူတို့ဒေသတွင် မကြုံတွေ့လိုကြောင်း ဆိုကြသည်။

“အဲဒီ ကုမ္ပဏီက စက်ပစ္စည်းတွေနဲ့ မြေစမ်းဖို့ သူတို့ဒေသကို လာတာတွေ ရှိတယ်လို့ ယင်းမာပင်နဲ့ ကန္နီက ဒေသခံတွေက ကျနော်တို့ကို ပြောတယ်။ သူတို့ဒေသ လက်ပံတောင်းလို ဖြစ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်” ဟု ကန္နီမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ကြေးနီတူးဖေါ်ရန် မြန်မာယန်စီ ကြေးနီကုမ္ပဏီက မျက်စိကျနေသောနေရာတွင် ရွာပေါင်း အနည်းဆုံး ၃၀ ရှိပြီး လယ်မြေဧက ထောင်ပေါင်းများစွာ ရှိနေသည်။ ကန္နီမြို့နယ်တွင် မီးတောင်သေ နှစ်လုံးရှိပြီး ၎င်းတို့သည် စစ်ဆေးမည့် နေရာတွင် ပါဝင်နေသည်။

“ဒေသတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒေသထဲမှာ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်တဲ့ စီမံကိန်း တခု ထပ်မလိုချင်တော့ဘူး။ ပြည်သူ့အသံနဲ့ အချက်အလက်တွေကောက်ခံပြီး ဒီဒေသမှာ သတ္တုတူးခွင့် ထပ်မပြုဖို့ လွှတ်တော်ကို တင်သွင်းသွားမယ်” ဟု ယင်းမာပင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မာရီ ကပြောသည်။

တပ်မတော်ပိုင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံ ဝမ်ပေါင် လုပ်ငန်းတို့အကြား ဖက်စပ်ဖြစ်သော ပထမ လက်ပံတောင်းကြေးနီ စီမံကိန်းကို ၂၀၁၀ ခုနှစ်က စတင်ခဲ့သည်။

ဆားလင်းကြီး မြို့နယ်အတွင်းမှ မြေ ၇၈၀၀ ဧကခန့်ကို စီမံကိန်းအတွက် သိမ်းယူခဲ့ပြီး မြေယာလျှော်ကြေး ပေးချေမှု နည်းခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ထိုစီမံကိန်းသည် ဒေသခံများ၏ ပြင်းထန်သော ဆန့်ကျင်မှုကို ခံနေရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading