ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပြည်နယ် ဒွိုင်လောင်ခရိုင်တွင် ယနေ့နံနက်ပိုင်းက မက်သာဖက်တမင်း ဆေးပြား ၆.၁သန်း သယ်ဆောင်လာသူ တဦးကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းကဆိုသည်။
သေဆုံးသူမှာ ချင်းခေါင်ခရိုင် ရင်းခေါင်မြို့နယ်တွင် နေထိုင်သူ အသက် ၂၅နှစ်ရှိ အနုချာ ပါကစ် အူဒွမ် ဆိုသူဖြစ်ပြီး၊ ၎င်းမှာ ချင်းခေါင်၊ ချင်းဆန် စသည့် ခရိုင်များကို ဖြတ်၍ မူးယစ်ဆေးဝါး သယ်လာ သည်ကို သတင်းရ၍ ရဲတပ်ဖွဲ့က စောင့်၍ ဖမ်းဆီးရာမှာ ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
၎င်း၏ ကားကို ဒွိုင်လောင်ခရိုင် နောင်ပါက မြို့နယ်အတွင်း စစ်တပ်နှင့် ရဲ ပူးပေါင်းတပ်ဖွဲ့က ရပ်တန့်ရန် အချက်ပြပြီး တားဆီးရာ အနုချာက သေနတ်ဖြင့်ပစ်၍ ထွက်ပြေးရန် ကြိုးစားရာမှ အပြန်အလှန် ပစ်ခတ်မှုတွင် သေဆုံးသွားကြောင်း၊ ၎င်းနှင့်အတူ ပါလာသည့် အခြားသံသယရှိ သူများမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်းလည်း ဆိုသည်။
သေဆုံးသူ အနုချာမှာ ချင်းခေါင်ခရိုင်၊ ရင်းခေါင်ဒေသအခြေစိုက် မူးယစ်ဂိုဏ်းအတွက် လုပ်ကိုင်နေပေးသူဖြစ်ကြောင်း ယုံကြည်ရသည်ဟုလည်း ရေးသားထားသည်။