အိန္ဒိယနိုင်ငံ ဒါဝါနာဂီရိ သွေးလှူဘဏ်တွင် ထားရှိသည့် “ဘုံဘေရှားပါးသွေး” အမျိုးအစားနှစ်ပုလင်းကို ယူ၍ မိုင်ပေါင်းများစွာ ဝေးကွာသော မြန်မာနိုင်ငံမှ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတဦး နှလုံးခွဲစိတ်ကုသရာတွင် သုံးနိုင်ခဲ့ကာ အသက်ကယ်နိုင်ခဲ့ကြောင်း Times of India သတင်းစာက ရေးသည်။
မြန်မာနိုင်ငံ ရန်ကုန်ဆေးရုံကြီးမှ အဆိုပါ ရှားပါးသွေးအမျိုးအစားကို အလှူခံ ပန်ကြားခဲ့ခြင်းဖြစ်သည်။
သွေးအလှူရှင်နှင့် သွေးလက်ခံမည့်သူ (သို့မဟုတ်) သူ၏ ဆွေမျိုးသားချင်းမှာ အဝေးတနေရာသို့ သွားရောက် နိုင်ခြင်းမရှိသည့် အခြေအနေဖြစ်သည်။ လိုအပ်သော သွေးပမာဏကို အပူချိန် ၂ – ၈ ဒီဂရီ ဆဲစီးယပ်စ် အောက်တွင် ကောင်းစွာ ထိန်းသိမ်းထားပြီး ပေးပို့ရသည်။ လက်ခံမည့်နေရာ အရောက် ကြာချိန်မှာ ၃ ရက် အချိန်ယူရသည် ဟု သတင်းက ရေးသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာကာတာ ပြည်နယ်၊ ဘန်ဂါလူရာမြို့အခြေစိုက် စန်ကလပ် အိန္ဒိယဖောင်ဒေးရှင်းက ၎င်းတို့ထံ စာရင်းပေးထားသည့် ဘုံဘေသွေးအလှူရှင်များထံမှ ရရှိထားသော ရှားပါးသွေးကို မြန်မာနိုင်ငံမှ ဆရာဝန် တဦးထံ ချိတ်ဆက်ပေးပို့ခဲ့သည်။
စန်ကလပ် အိန္ဒိယဖောင်ဒေးရှင်း၏ ပမာဏခြေလှမ်းဖြစ်သည့် BombayBloodGroup.Org ဘုံဘေသွေးအုပ်စု အဖွဲ့သည် ရှားပါး သွေးအုပ်စုများ အတွက် ထိရောက်သော စီမံခန့်ခွဲမှုပေးနိုင်ရန် ထူထောင်ထားသော ကွန်ရက်တခုဖြစ်သည်။
“ဒီအဖွဲ့ကနေ ဘုံဘေသွေးအုပ်စု အလှူရှင်ကို ခြေရာခံရှာဖွေခဲ့ပါတယ်။ ရနိုင်မယ့် သွေးယူနစ်တွေနဲ့ အိန္ဒိယက ရှားပါး သွေးအုပ်စုအတွက် တောင်းခံခဲ့တာမှာ နိုင်ငံရပ်ခြားအထိ ပါပါတယ်။ မြန်မာနိုင်ငံမှာ သွေးလှူရှင်မရတာနဲ့ အိန္ဒိယနိုင်ငံမှာပဲ သွေးလှူရှင်ရှာဖို့ တခုတည်းသော ရွေးချယ်စရာ ဖြစ်လာပါတယ်” ဟု စန်ကလပ် အိန္ဒိယဖောင်ဒေးရှင်းမှ စီစဉ်သူ ရာဂျက်အာဂဝယ်က ပြောသည်။
ယင်းအတွက် ပထမခြေလှမ်းမှာ ဒါဝါနာဂီရိရှိ SS ဆေးသိပ္ပံနှင့် သုတေသနဌာနမှာ ဘုံဘေသွေးအမျိုးအစား နှစ်ယူနစ်ကို လက်တွေ့သုံးနိုင်၊ မသုံးနိုင် ဆန်းစစ် အတည်ပြုခြင်းဖြစ်သည်။
ယင်းနောက် စန်ကလပ် အိန္ဒိယဖောင်ဒေးရှင်းသည် သွေးလှူဘဏ်မှ တာဝန်ခံဆရာဝန် ဒေါက်တာကဗီသာဂူနှင့် ဆေးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာဘီအက်စ် ပရာဆက်တို့နှင့် ပူးပေါင်း၍ ရှားပါးသွေး ရရှိရေး အကောင်အထည် ဖော်ခဲ့ကြသည်။
နိုဝင်ဘာလ ၂၇ ရက်တွင် ဒါဝါနာဂီရိမှ လိုအပ်သော သွေးယူနစ်များကို ရရှိခဲ့သည်။ သွေးနမူနာများကို နိုင်ငံတကာ ချောပို့ ဝန်ဆောင်မှုမှတဆင့် ဇီဝဆိုင်ရာ နမူနာအဖြစ် တင်ပို့နိုင်ခဲ့သည်။
စန်ကလပ် အိန္ဒိယဖောင်ဒေးရှင်း (SIF) သည် မွန်ဘိုင်း (ဘုံဘေ) မြို့အခြေစိုက် သွေးခုခံမှုဆိုင်ရာ အမျိုးသား သိပ္ပံသို့ ချဉ်းကပ်၍ ယင်းသွေးနမူနာများကို နိုင်ငံရပ်ခြားသို့ ပို့ဆောင်နိုင်ရန် ခွင့်ပြုချက် တောင်းခံခဲ့သည်။
သွေးလှူဘဏ်တွင် ပုံမှန်အတိုင်း သွေးကို ထိန်းသိမ်းစောင့်ရှောက်ရသည့် ကာလမှာ ၃၅ ရက်ဖြစ်သည်။
“မကြာသေးခင်က သွေးအလှူခံရင်းနဲ့ ဒီရှားပါးသွေး အမျိုးအစားယူနစ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။ ဒီသွေးက နောက် ၁၀ ရက်ဆို သက်တမ်းကုန်ပါပြီ။ သွေးလှူရှင်တွေ ကိုယ်တိုင်ကလည်း သူတို့သွေးဟာ ရှားပါးသွေးအုပ်စု ဖြစ်နေမှန်း မသိကြပါဘူး။ ကျနော်တို့က သူတို့ဆီ အသေးစိတ်စုံစမ်းပြီး အကြံပေး ဆွေးနွေးဖို့ လိုပါတယ်” ဟု ဒေါက်တာကဗီသာက ပြောသည်။
ဘုံဘေသွေးအုပ်စုဆိုသည်မှာ
ဘုံဘေသွေးအုပ်စုမှာ ကမ္ဘာ့လူဦးရေ၏ ဝ.၀၀၀၄ ရာခိုင်နှုန်းတွင် တွေ့ရှိရပြီး O+ve သွေးအုပ်စုကြီးထဲတွင် ပါဝင်သည်။ အိန္ဒိယနိုင်ငံတွင် လူတသောင်းမှ တသောင်းခုနစ်ထောင်ကြားတွင် တဦးသာ ယင်းသွေးအမျိုးအစား တွေ့ရသည်။ ယင်းသွေးအုပ်စုတွင် ပါဝင်သူများသည် အလားတူသွေးအုပ်စု ပြန်သွင်းမှသာ ရသည်။
ကမ္ဘာပေါ်တွင် ယင်းသွေးအုပ်စုကို ဘုံဘေမြို့၌ ၁၉၅၂ ခုနှစ်က စတင်တွေ့ရှိ၍ သီးခြား သတ်မှတ်နိုင်ခဲ့သည်။