သတင်း

သီပေါတွင် တွေ့သော အလောင်းသည် ပျောက်ဆုံး ကိုရီးယား အမျိုးသမီး မဟုတ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်အတွင်း လွန်ခဲ့သော ရက်သတ္တပတ်ကုန်က တွေ့ရှိသော ရုပ်အလောင်းသည် ပျောက်ဆုံးနေသော တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသည် အမျိုးသမီး၏ အလောင်းမဟုတ်ဘဲ လွန်ခဲ့သော ငါးလက ထိုမြစ်အတွင်း သေဆုံးသူ၏ အလောင်းသာဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့နှင့် ကိုရီးယားသံရုံးတို့က အတည်ပြုပြောကြားလိုက်သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ကိုရီးယား အမျိုးသမီးတဦးနှင့် အခြားကမ္ဘာလှည့် ခရီးသည်လေးဦးတို့သည် သီပေါမြို့နယ် နမ္မတူသို့ သွားရောက်ခဲ့ကြသည်။ ထိုဒေသသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပြင်းအထန် အင်အားပြိုင်နေသော ရှမ်းပြည်မြောက်ပိုင်းတွင် တည်ရှိသည်။ မကြာသေးမီလများအတွင်းက အနီးရှိ ကျောက်မဲမြို့နယ်တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ထိုကိုရီးယား အမျိုးသမီးနှင့် မိတ်ဆွေ ခရီးသည်များသည် ဘောကွင်းဖြင့် မြစ်အတွင်း ရေကူးနေကြပြီး အသက်ကယ်ဝတ်စုံများ ဝတ်ဆင်ထားခြင်း မရှိဟု သိရသည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ယန်ဟီး ဟီယိုသည် ဘောကွင်းမှ ပြုတ်ကျပြီး ရေစီးသန်သော နမ္မတူမြစ်အတွင်းတွင် ပျောက်ဆုံးသွားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့နှင့် ဒေသအာဏာပိုင်များက တပတ်ကြာ ရှာဖွေသော်လည်း ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်တွင်မူ မည်သူမည်ဝါ မသိရသော အမျိုးသားအလောင်းတလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ဟီယို ပျောက်ဆုံးသည့်နေရာမှ ၁၃ မိုင်ခန့်အကွာတွင် ထိုနေ့က ကယ်ဆယ်ရေးအဖွဲများ တွေ့ရှိခဲ့သည့် အလောင်းသည် ဦးခေါင်းခွံနှင့် ပေါင်ရိုးမျာသာဖြစ်သည်ဟု ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ ဦးဌေးလွင်က ဧရာဝတီသတင်းဌာနသို့ ဖုန်းဖြင့်ပြောသည်။ ထိုအလောင်းသည် ဟီယို၏အလောင်း ဟုတ်၊ မဟုတ်ကို သိပ္ပံနည်းကျ စစ်ဆေးရန်အတွက် မှုခင်းဆေးပညာစစ်ဆေးမှုလုပ်ရန် အာဏာပိုင်များက မန္တလေးဆေးရုံသို့ အလျှင်အမြန် ပေးပို့ခဲ့သည်။

ထိုအရိုးများသည် လွန်ခဲ့သော ၅ လကျော်ခန့်က သေဆုံးခဲ့သော အမျိုးသားအလောင်းဖြစ်ကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံက အရိုးတည်ဆောက်ပုံကို အခြေခံပြီး ကောက်ချက်ချခဲ့သည်ဟု ရဲအရာရှိ ဦးဌေးလွင်က ဆိုသည်။

“ပိုပြီးသေချာအောင် ဆရာဝန်တွေက မျိုးဗီဇ စစ်ဆေးမှုတွေပါ လုပ်ခဲ့တယ်” ဟု သူပြောသည်။

အမည်ထုတ်ဖေါ်ပြောဆိုခြင် းမပြုရန် မေတ္တာရပ်ခံခဲ့သည့် ကိုရီးယား သံရုံးမှ အရာရှိတဦးကလည်း ထို အရိုးများသည် အမျိုးသားတဦး၏ အရိုးများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာကို အတည်ပြုပြောဆိုသည်။

ရန်ကုန်ရှိ ကိုရီးယား သံရုံးသည် အလောင်းကို ရှာတွေ့ပါက ဒေါ်လာ ၅၀၀၀ ဆုချီးမြှင့်မည်ဟု တရားဝင်ကြေညာထားကြောင်း ပြည်တွင်း သတင်းစာများက ဖေါ်ပြကြသည်။ ထိုသို့ ဆုငွေကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး မေးမြန်းသောအခါ သံရုံးအနေဖြင့် မည်သည့် ငွေကြေးဆုလာဘ်မျှ ကမ်းလှမ်းထားခြင်းမရှိကြောင်း၊ ထိုအချက်မှာ သေဆုံးသူ၏ မိသားစုဝင်တဦးက ဖေ့ဘွတ်တွင် ဖေါ်ပြသော အချက်သာ ဖြစ်ကြောင်း ထိုသံရုံးအရာရှိက ဖြေသည်။

ဟီယိုသည် အသက်ရှင်လျှက်ရှိနိုင်သေးကြောင်း သူနှင့် သူ့မိတ်ဆွေက ယုံကြည်သည်ဟု မြန်မာနိုင်ငံအကြောင်း ကိုရီးယားဘာသာစကားဖြင့် ဖေါ်ပြသည့် ခရီးသွားလုပ်ငန်းနှင့် လူနေမှုပုံစံ အင်တာနက်စာမျက်နှာ Myabiz ပိုင်ရှင် ဘွမ်ရဲချွန်က ဒီဇင်ဘာလ ၄ ရက်နေ့နံနက် လူမှုကွန်ယက်တွင် မေတ္တာရပ်ခံရေးသားခဲ့သည်။

“ မစ် ဟီယို ပျောက်ဆုံးနေသည်မှာ ၁၂ ရက်ကျော်ပြီဖြစ်သော်လည်း သူသည် စိတ်ဓါတ်ခိုင်မာသော အမျိုးသမီးတယောက်ဖြစ်သောကြောင့် တနေရာရာတွင် သူ အသက်ရှင်လျှက်ရှိသည်ဟု မိမိတို့ ယုံကြည်သည်” ဟု သူက သူ၏ ဖေ့ဘွတ် စာမျက်နှာနှင့် အများပြည်သူ ဖေ့ဘွတ် အုပ်စု ဖြစ်သော ‘သီပေါသတင်း’ တွင် ရေးသားခဲ့သည်။

ထိုရေးသားဖေါ်ပြချက်တွင် ဟီယို၏ ဓါတ်ပုံကိုလည်း ဖေါ်ပြထားပြီး သူမကို တွေ့မြင်ခဲ့သည်ဟု ယူဆသော သို့မဟုတ် လက်ရှိပြုလုပ်နေသော ရှာဖွေစုံစမ်းမှုကို အထောက်အကူပြုသော သတင်းအချက်အလက်ရှိသူ မည်သူမဆိုအနေဖြင့် အနီးဆုံးရဲစခန်းသို့ သတင်းပို့ရန် မေတ္တာရပ်ခံခဲ့သည်။

ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနသည် ကမ္ဘာလှည့် ခရီးသည်များကို သီပေါမြို့လယ်တွင်သာ လည်ပတ်ခွင့်ပြုသော်လည်း ကမ္ဘာလှည့် ခရီးသည် အများအပြားတို့သည် တခါတရံ ခရီးကြမ်းထွက်ခြင်း၊ လှေစီးခြင်းနှင့် နက်ရှိုင်းသော တောအတွင်းမှ လင့်တဲများတွင် အိပ်စက်ခြင်း တို့ကို နယ်မြေကျော် လုပ်ဆောင်တတ်ကြသည်။ အနီးရှိ ကျောက်မဲ မြို့နယ်တွင် တအောင်းန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြားတိုက်ပွဲများမှာ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေသောကြောင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် နမ္မတူ မြစ်ကြောင်းတလျှောက်တွင် ဆက်လက်ရှာဖွေခြင်း မပြုနိုင်သေးပေ။

(အင်္ဂလိပ်ဘာသာဖြင့် Body Found in Hsipaw Not That of Missing Korean Tourist  တွင် ဖတ်ပါ။)

ဆက်စပ်ဖတ်ရှုရန် – တောင်ကိုရီးယား အမျိုးသမီး ကမ္ဘာလှည့်ခရီးသည် နမ္မတူမြစ်ထဲ သေဆုံးဟု ယူဆရ

 

Did you find apk for android? You can find new Free Android Games and apps.
Loading