သတင်း

ပရိယတ္တိ ပညာရေး စနစ်သစ် ရေးဆွဲရန် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ပရိယတ္တိ စာပေများ သင်ကြားရာတွင် ပြင်ပ ကျောင်းသုံး ဘာသာရပ်တချို့အား ထည့်သွင်း သင်ကြားပေးသည့် စနစ် သစ် တခု ရေးဆွဲ အကောင်အထည် ဖော်ရန် ဗုဒ္ဓဘာသာ ထေရဝါဒ ပရိယတ္တိ သာသနာတော် ဆိုင်ရာ ပညာရေး ဆွေးနွေး ပွဲတွင် သံဃာတော် တချို့က တိုက်တွန်း လိုက်သည်။

အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၄ ရက်က မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသဘင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကာ သံဃာနှင့် သီလရှင် အပါး ၇၀၀ ကျော် တက်ရောက်ခဲ့ သည်။

ပရိယတ္တိ ပညာရေး စနစ်သစ် ရေးဆွဲရာတွင် ရဟန်းနှင့် လူပညာရှိများ ပါရှိသည့် ကော်မတီတရပ် ဖွဲ့စည်း ဆောင်ရွက် သင့် ကာ ခေတ်နှင့် လျော်ညီသည့် သင်္ချာနှင့် အင်္ဂလိပ် ကဲ့သို့သော ဘာသာရပ်များ ထည့်သွင်းသင့်ကြောင်း သင်္ဃန်းကျွန်း မြို့နယ် အသောက သီတဂူ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ က စာတမ်း တင်သွင်းခဲ့သည်။

ဆရာတော် ဘဒ္ဒန္တပဏ္ဍိတက“ကိုရင် လာလာ၊ ကျောင်းတွေ ဖွင့်တော့မယ်၊ ကျောင်းပြန်တက်ရမယ်။ ဘုန်းကြီး ဖြစ်ရင် ဖြစ်၊ မဖြစ်လို့ လူထွက်ခဲ့သော် ကန့်လန့်ကြီး ဖြစ်နေလိမ့်မယ်”ဟု ဆိုကာ စာသင်သား ကိုရင်များ အပေါ် မိဘများက ပြောဆိုမှုကို အကြိမ်ကြိမ် ကြုံတွေ့နေရကြောင်း မိန့်သည်။

လက်ရှိတွင် စာသင်သား ရဟန်း သာမဏေငယ်များ ဘုန်းတော်ကြီး ကျောင်းများ၌ ပညာသင်ကြားမှု နည်းပါးလာ ကြောင်းနှင့် ဘုန်းတော်ကြီး ပညာရေးစနစ် အပေါ် ယုံကြည်အားထားမှသာလျှင် မိဘများက ၎င်းတို့၏ သားသမီးများ အား စေလွှတ်မည် ဖြစ်ကြောင်းလည်း အခြားသော သံဃာတော်များက ဆွေးနွေးကြသည်။

အနာဂတ် ကာလတွင်လည်း လူပုဂ္ဂိုလ်များအနေဖြင့် သံဃာတော်များ ဟောပြောသမျှအား လွယ်လင့်တကူ လက်ခံကြ တော့မည် မဟုတ်ဘဲ ဘာသာရေးနှင့် ပတ်သက်သည့် စူးစမ်းမေးမြန်း လာနိုင်သည့် မေးခွန်းများ ရှင်းလင်းဖြေကြားရာ တွင် သံဃာတော်များ အနေဖြင့် ခေတ်နှင့် လျော်ညီစွာ ဖြေကြားနိုင်ရန် လိုအပ်လာမည် ဖြစ်ကြောင်းလည်း ဆွေးနွေးမှု များ ရှိသည်။

သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက်မှ ဆရာတော် ဒေါက်တာ အရှင်ဉာဏိန္ဒ က“ရဟန်းတော်တွေ အနေ နဲ့ လူတွေထံကနေ ကျိုးနွံရိုသေမှုများကို အလွယ်တကူ မျှော်လင့်နေလို့ မရနိုင်တော့ပါဘူး၊ လေးစားမှု၊ ရိုကျိုးမှုတွေကို လူတွေ မေးမြန်းလာမည့် ဘာသာရေး ဆိုင်ရာ မေးခွန်းများ၊ တရားဓမ္မများကို ဖြေရှင်း ဟောပြောပေးခြင်း ဖြင့်သာ ရရှိလာနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းတင်သွင်းသည့် စာတမ်းတွင် ဖော်ပြထားသည်။

ယနေ့ ဆွေးနွေးပွဲတွင် တိုင်းနှင့် ပြည်နယ် (ဂိုဏ်းပေါင်းစုံ) ရှိ သံဃနာယက အဖွဲ့မှ ဆရာတော်များနှင့် ပရိယတ္တိ စာသင် တိုက် အသီးသီးမှ သံဃာတော် ၆၈၆ ပါးနှင့် သီလရှင် အပါး ၄၀ တက်ရောက်ခဲ့ကာ ပညာရေးဆိုင်ရာ စာတမ်း ၅၄ စောင် တင်သွင်းခဲ့သည်။

ပရိယတ္တိ ပညာရေးတွင် ခေတ်မီ ဘာသာရပ်များ ထည့်သွင်း သင်ကြားရေးနှင့် ပတ်သက်၍ ၁၉၆၂ ခုနှစ်က မှော်ဘီ မြို့နယ် တွင် ပြုလုပ်သည့် ပညာရေးမူ ဆွေးနွေးပွဲတွင် ဘာသာဋီကာ ကျမ်းပြု အကျော်၊ အမရပူရ မဟာဂန္ဓာရုံ ကျောင်း တိုက် ဆရာတော် အရှင်ဇနကာ ဘိဝံသ က တင်ပြခဲ့ဖူးသော်လည်း ကန့်ကွက်မှုများ ရှိခဲ့သည့် အတွက် ပယ်ပျက်ခဲ့ဖူး ကြောင်းလည်း ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ က မိန့်ကြားသည်။

ပရိယတ္တိ စာပေနှင့် ပြင်ပ ကျောင်းသုံးဘာသာရပ်များ ရောထွေးသင်ကြားမှုကြောင့် ပရိယတ္တိ စာပေဘက်တွင် အား လျော့ မှုများ ရှိလာမည်ဟုလည်း သံဃာတော် တချို့က စိုးရိမ် နေကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းပေါင်း ၆၆,၆၆၄ ကျောင်းတွင် ရဟန်း ၂၉၂,၀၆၀ ပါး၊ သာမဏေ ၂၃၄,၈၆၇ ပါး သီတင်းသုံးနေပြီး သီလရှင် ကျောင်းပေါင်း ၄,၅၆၅ ကျောင်းတွင် သီလရှင် ၆၇,၄၂၈ ပါး ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တဣဒ္ဓိဗလ ၏ တင်ပြချက်တွင် ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading