နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဖိအားပေး ခံနေရသည့် ရခိုင်အရေးကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စု တပ်မတော် တည်ထောင်နိုင်ရမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်မှူးချုပ် ဟောင်း သူရ ဦးအောင်ကိုက ပြောသည်။
“ကိုယ့်နိုင်ငံမှာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ရှိကြတယ်။ အချင်းချင်း သင့်မြတ်နေရမယ်။ တခုကလည်း Union Army (ပြည်ထောင်စု တပ်မတော်) လို ဟာမျိုးကို တည်ထောင်နိုင်ရမယ်။ Union Army တည်ထောင်နိုင်မယ် ဆိုရင် အရှေ့ တောင် အာရှမှာ အင်အားအကောင်းဆုံး ကြည်းတပ် ဖြစ်လာမယ်”ဟု ၎င်းက နေပြည်တော်တွင် ယမန်နေ့က ပြော သည်။
ပြည်ထောင်စု တပ်မတော် ဖြစ်လာသည့် အခါ မိမိနယ်မြေနှင့် အချုပ်အခြာ အာဏာကို ရာနှုန်းပြည့် ကာကွယ်နိုင်သည့် အနေအထားမျိုး ရလာမည် ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ဘဲ တယောက်နှင့် တယောက် တိုက်ခိုက်နေပါက နွားကွဲရင် ကျားဆွဲသည် ဆိုသည့် အနေအထားမျိုး ရောက်လိမ့်မည် ဖြစ်ကြောင်း၎င်း ဆက်လက် ပြောကြားသည်။
သူရ ဦးအောင်ကိုက“ကြုံတွေ့လာမယ့် အန္တရာယ်က လက်တကမ်း ရောက်နေပါပြီ။ နယ်မြေ တောင်းနေပါပြီ။ သူတို့ ကို ပြန်လွှတ်မယ် ဆိုရင်လည်း လုံခြုံရေး အာမခံချက် ရာနှုန်းပြည့် ပေးရမယ်တဲ့။ လုံခြုံရေး အာမခံချက်ဆိုတာ အစိုးရ က စီစဉ်ပေးတဲ့ အာမခံချက်တွေကို မဆိုလိုဘူး။ ကုလသမဂ္ဂက စီစဉ်ပေးတဲ့ လုံခြုံရေး ဖြစ်ရမယ်။ OIC (အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) လုံခြုံရေး ဖြစ်ရမယ်တဲ့။ နောက် ရခိုင်ပြည်နယ်မှာ စချမယ် ဆိုရင် တစတစနဲ့ စွန်းထင်း သွားမယ့် သဘော ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့ကြောင့် ယင်းကိစ္စကို စိုးရိမ်စိတ်ဖြင့် ကရင်ပြည်နယ်၊ မြိုင်ကြီးငူ အထူးဒေသတွင် ဘင်္ဂါလီ အန္တရာယ်ကို ရည်ညွှန်း၍ အစွန်းရောက် ဘာသာတရားဟု သုံးနှုန်းလိုက်သည့် အခါ ပြည်တွင်းမှ ပုဂ္ဂိုလ်များ၏ ကန့်ကွက်မှုကို ခံရကြောင်းလည်း ၎င်းက ဆိုသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဦးသောင်းအေးကမူ နိုင်ငံတော် လုံခြုံ ရေး အတွက် တပ်မတော် တခုတည်း လုပ်မရဘဲ ပြည်သူ တရပ်လုံး ပါဝင်ရမည် ဖြစ်ကြောင်း၊ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံနေ၍ လူမျိုး ပေါင်းစုံ ဘာသာပေါင်းစုံသည့် တပ်မတော်ကြီး ဖွဲ့မည်ဆိုသည်ကို မည်သည့် နေရာတွင်မျှ မကြား ကြောင်း ဧရာဝတီသို့ ပြောသည်။
“လက်ရှိ ဖွဲ့စည်းထားတဲ့ တပ်မတော်ကလည်း တိုင်းရင်းသား ပေါင်းစုံ ပါဝင်တာပဲလေ။ ဒီအထဲမှာ ခရစ်ယာန် ကိုး ကွယ် တဲ့ သူလည်း ရှိတာပဲ။ မျိုးစုံ ပါပါတယ်။ နိုင်ငံတော်မှာ ရှိတဲ့ တခုတည်းသော တပ်မတော် အပေါ်မှာပဲ ဒီဟာကို စွမ်းအား ထက်အောင် လုပ်ဖို့ပဲ လိုတယ်”ဟု ၎င်းက ပြောဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ကေ်ာမတီဝင်လည်း ဖြစ်သူ ဦးသောင်းအေးက “တကယ့် ဖြစ်စဉ် အမှန်ပေါ်မှာပဲ ဆက်စပ် သုံးသပ်ပြီး ပြောတဲ့စကားက ပိုကောင်းလိ့မ်မယ်။ အောက်ခြေနဲ့ ကင်းကွာ တဲ့ သဘောတရားတွေ အပေါ်မှာ ရပ်တည်ပြီးတော့ ပြောဆိုနေမယ် ဆိုရင်တော့ လေထဲ တိုက်အိမ်ဆောက်တာပဲ ဖြစ်မယ်။ မြန်မာ့ရေမြေ သမိုင်းကြောင်းနဲ့ ကိုက်ညီမှာ မဟုတ်ဘူး”ဟုလည်း ဆိုသည်။
ဝန်ကြီး သူရဦးအောင်ကို၏ပြောဆိုချက်ကို လက်ခံသော်လည်း လက်တွေ့၌ မဖြစ်နိုင်ကြောင်း၊ တပ်မတော်နှင့် အာဏာရ အစိုးရ ခေါင်းဆောင်များ၏သဘောထားပေါ်တွင် မူတည်နေပြီး ပြည်ထောင်စု စိတ်ဓာတ် တည်ထောင်မည် ဆိုပါက စစ် တိုက်ရန် မလိုတော့ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“ပြည်သူတွေက စစ်ပန်းနေပြီ။ တိုင်းရင်းသားတွေရော တပ်မတော်ရော ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်ထောင်စု တပ်မတော် တည်ထောင် နိုင်မယ်။ အချင်းချင်း ချမနေတော့ဘဲ နိုင်ငံတကာ အကြမ်းဖက်မှုတွေ ဖိအားတွေနဲ့ နိုင်ငံတကာ စစ်ရေး ကျူးကျော်မှုတွေကို ဦးတည်သွားမယ် ဆိုရင် အများကြီး ဖြစ်နိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။
ရန်ကုန်မြို့မှ သတင်းစာ သင်တန်း ဆရာ ဦးစိန်ဝင်းကမူ သူရဦးအောင်ကိုက ပြည်ထောင်စု တပ်မတော်ဟု ပြောဆိုနေ ချိန်တွင် တိုင်းရင်းသားများက ဖက်ဒရယ် တပ်မတော်ကို လိုချင်ခြင်း ဖြစ်၍ သဘောတရားအရပင် ကွာဟနေကြောင်း ပြောသည်။
“ပြည်ထောင်စု တပ်မတော် ဆိုတာက တိုင်းရင်းသားတပ်တွေက လာပေါင်းပြီးတော့ နေလိုက်ကြတာ။ အဲဒီတော့ အမိန့် ပေး စနစ်က ရှိရင်းစွဲ ကာကွယ်ရေး ဦးစီးချုပ်မှာပဲ ရှိတော့ BGF လို ဖြစ်သွားမှာပေါ့။ အဲဒါက Union Army ရဲ့ သဘောတရားပဲလေ။ တိုင်းရင်းသားတွေ လိုချင်တာက အဲဒီလို မဟုတ်ဘူး”ဟု ဦးစိန်ဝင်းက ရှင်းပြသည်။
ယခုအခါ ရခိုင်ပြည်နယ် နယ်စပ်တွင် ဘင်္ဂါလီ အရေအတွက်ကို ၉ သိန်းကျော်ဟု ပြောနေပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလသမဂ္ဂတွင် ၁ သန်းဟု ပြောနေကြောင်း၊ ၎င်းတို့သည် နိုင်ငံတကာ အကူအညီ အထောက် အပံ့များ ကို ဝေမျှစားနေကြပြီး ဒုက္ခသည်များကို ပြန်လွှတ်ပေးပါ ဆိုသည့်အခါလွှတ်မပေးတော့ကြောင်း သူရ ဦးအောင်ကိုက ပြောသည်။
“ဘင်္ဂါလီ လူငယ်လေးတွေကို ဒုက္ခသည် စခန်းတွေမှာ ရိုက်သွင်းထားတဲ့ စိတ်ဓာတ်က ရခိုင်ကို ချီတက်ကြမယ်။ မြန်မာ နိုင်ငံကို ချီတက်ကြမယ်။ ဒီလို ဖြစ်နေတာ။ ပြည့်ကျပ်နေတဲ့ လူဦးရေတွေနဲ့ ဘင်္ဂါလီတွေရဲ့ အနာဂတ် ရည်မှန်းချက်က မြန်မာနိုင်ငံကို ချီတက်ကြမယ်ပဲ။ အဲဒီလို ဖြစ်လာတာ”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားဖြစ်စေခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခကြောင့် ဒုက္ခသည် ၈ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ခိုလှုံခဲ့ရကြောင်း နိုင်ငံတကာ ထုတ်ပြန်ချက်များနှင့် သတင်းများတွင် ဖော်ပြထားသည်။
၎င်းတို့အား ပြန်လည် စိစစ်လက်ခံရန် မြန်မာဘက်မှ အသင့်ပြင်ထားသော်လည်း တနှစ်ကျော် နှောင့်နှေးခဲ့ပြီးနောက် နိုဝင်ဘာလ ၁၅ ရက်မှ စကာ ဒုက္ခသည် ၂၀၀၀ ကို စတင် လက်ခံသွားရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့သော်လည်း မအောင်မြင်ဘဲ လာမည့်နှစ်သို့ ထပ်မံ ရွှေ့ဆိုင်းထားရသည်။