မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်းတွင် နေ့ ည ဖွင့်လှစ်နိုင်သည့် ဈေးသစ်တခုအား ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
အဆိုပါဈေးကို အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်းနှင့် ၆၆ လမ်းကြား၊ ၁၄ လမ်း (ကျုံးအရှေ့ဘက်) တလျှောက်တွင် တည်ဆောက်မည်ဖြစ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းပြီး ဖြစ်သည်။
ဈေးသစ်အတွက် မြေတိုင်းခြင်း၊ မြေပြုပြင်ခြင်း၊ ရေမြောင်းစနစ် ပြုပြင်ခြင်းများကို ပထမဦးစား လုပ်ဆောင်မည်ဖြစ်ကာ လမ်းခင်းခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းတို့ ပြုလုပ်ပြီးမှသာ အကောင်အထည်ဖော် ဆောက်လုပ်မည် ဖြစ်သည်ဟု သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က “ကျုံးအရှေ့ဘက်ကို ညပိုင်းအချိန်မှာ စည်စည်ကားကားလေးနဲ့ စားစရာတွေကို ဝယ်ယူစားသုံးလို့ရမယ့်အပြင် အပန်းဖြေ အနားယူနိုင်အောင်အတွက်ပါ ဈေးတန်းတခု ဖော်ဆောင်ပေးတာပါ၊ ခေတ်မီဆိုင်ခန်းတွေ ဆောက်ရမှာဆိုတော့ လုပ်ငန်းအဆင့်တွေများတဲ့ အတွက် ၂ဝ၁၉ ခုနှစ်လောက်မှ ဈေးက အကောင်အထည် ပေါ်လာမှာပါ” ဟု ပြောသည်။
ဈေးကို ကျုံးအရှေ့ဘက် ၁၄ လမ်းရှိ ရေဆိုးမြောင်းအား ကြိုတင် ပုံစံလောင်းထားသည့် ကွန်ကရစ်တုံး (Concrete Pre-cast) များဖြင့် ပြန်လည်ပြုပြင်ကာ ခေတ်မီ ဆိုင်ခန်းများ တည်ဆောက်မည် ဖြစ်ပြီး အပန်းဖြေအနားယူနိုင်သည့် ပန်းခြံတခုလည်း ပါဝင်မည်ဟု သိရသည်။
“Precast မြောင်းတွေရဲ့ အားသာချက်တွေက အများကြီးပါ။ စက်ရုံထုတ်ဖြစ်လို့ အရည်အသွေးကို တိတိကျကျ ထိန်းသိမ်းနိုင်သလို အလေအလွင့်မရှိလို့ အုတ်စီမြောင်း ကုန်ကျစားရိတ်ထက် သက်သာပါတယ်။ အုတ်စီမြောင်းနဲ့ ယှဉ်ရင် တည်ဆောက်ချိန် အရမ်းမြန်ပါတယ်။ မြောင်းဖုံးနဲ့ မြောင်းက ကွက်တိဖြစ်နေလို့ လူတက်လျှောက်လို့ရတော့ လျှောက်လမ်း ကျဉ်းတဲ့ နေရာတွေအတွက် လူသွားလမ်း ပိုကျယ်လာပါတယ်။ အဲဒီလိုလုပ်ပြီးတော့မှ ဈေးကို အကောင်အထည် ဖော်မှာပါ”ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ရက် facebook စာမျက်နှာတွင် ရေးသားထားသည်။
ဈေးတွင် အစားအသောက်နှင့် ဒေသထွက်ကုန် အရောင်းဆိုင်များ၊ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ စာအုပ်ဆိုင်များ ပါဝင်မည်ဖြစ်ကာ တနေရာတည်းတွင် တစုတစည်းတည်း ဝယ်ယူစားသောက်နိုင်မည့် စားသောက်ဆိုင်တန်းများလည်း ပါဝင်မည်ဟု သိရသည်။
ဈေးသစ် တည်ဆောက်ပြီးပါက ဆိုင်ခန်းဖွင့်လိုသူများကို အငှားစနစ်ဖြင့် နေရာချထားပေးမည်ဖြစ်ကာ သတ်မှတ် ကုန်ပစ္စည်းများသာ ရောင်းချနိုင်ရေးအတွက် စည်းကမ်းချက်များ ထုတ်ပြန်သွားမည်ဟု မန္တလေး စည်ပင်ကော်မတီထံမှ သိရသည်။
မန္တလေးမြို့ခံ စာရေးဆရာ သိုက်ထွန်းသက်က “အဓိကကတော့ ကားပါကင် နေရာက အရေးကြီးပါတယ်။ ဒါကို ထည့်သွင်း စဉ်းစားသင့်တယ်။ အရေးကြီးဆုံးကတော့ သန့်သန့်ရှင်းရှင်းနဲ့ တရားဥပဒေ စိုးမိုးမှုရှိတဲ့ ဈေးတခု ဖြစ်ဖို့လိုပါတယ်။ ထပ်ပြောရမယ်ဆိုရင် အခုဈေးကိုလည်း ကြိုဆိုသလို အခြားဈေးတွေကိုလည်း အဆင့်မြှင့်တင် ပြုပြင်မှုတွေ ပြုလုပ်ပေးသင့်တယ်” ဟု ပြောသည်။