ဝေးလံခေါင်ဖျား၍ သွားလာရ ခက်ခဲသည့် ဒေသများရှိ ကလေးငယ်များအတွက် သွားရောက် ပညာ သင်ကြားပေးကြရန် ဆရာ၊ ဆရာမများအား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်သည်။
နေပြည်တော် MICC-2 ခန်းမတွင် ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်သည့် (အခြေခံပညာကဏ္ဍ) ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် အမှာစကားပြောကြားရာ၌ ထည့် သွင်းပြောဆိုလိုက်ခြင်းဖြစ်ကာ နိုင်ငံ့ တာဝန်ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်သည့် အခွင့် အရေးအဖြစ် ရှုမြင်စေလိုကြောင်းလည်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဝေးလံခေါင်သီတဲ့၊ သွားရေးလာရေးခက်ခဲတဲ့၊ ဖွံ့ဖြိုးတိုးတက်မှုဟာ တနိုင် ငံလုံးထက်စာရင် နောက်ကျနေတဲ့ နေရာတွေမှာ သွားပြီး ပညာပေးရေးတာဝန်ကို ထမ်းဆောင်မယ် ဆိုတဲ့ စိတ်ဓာတ်ကို မွေးစေချင်ပါတယ်” ဟု မိန့်ခွန်းစကားတွင် ထည့်သွင်း ပြောဆိုသည်။
၎င်းက ဆက်လက်ပြီး “ဆရာ ဆရာမများ၊ ပညာသင်ဆဲလူငယ်များလည်း နောင်ကျရင် ငါတို့လည်း ဆက်လက်ပြီး ပညာသင်ကြားပေးမယ်။ ခက်ခဲတဲ့နေရာမှာ သင်ကြားပေးခြင်းဟာ ပိုပြီး တန်ဖိုးရှိပါ တယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်” ဆိုသည်။
လက်ရှိတွင် ဝေးလံသည့် ဒေသများသို့ ကြိုးစားသွားရောက်၍ တာဝန်ထမ်းဆောင်နေသည့် ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမများ ရှိသော်လည်း အများစုမှာ သွားရောက် တာဝန်ထမ်းဆောင်လိုခြင်း မရှိ သည့် အခြေအနေများ ရှိနေကြောင်း လည်း ပညာရေးဝန်ကြီးဌာနဘက်မှ သိရသည်။
အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “ဝေးလံခေါင်ဖျားဒေသမှာ ဆရာတွေကို ခန့်လိုက်ရော၊ တနှစ်နေပြီးရင် ပြန်ပြောင်းခွင့်ပေးတယ်ဆိုတော့ ပြန်ပြောင်းဖို့ ကြိုးစားကြတယ်။ အဲဒီ မှာ တသက်လုံး ဘယ်နေမလဲ။ တနှစ်လည်း ပြီးရော လစ်လပ်သွားရော။ လပ်သွားရင် လူရှာရပြန် ရော အဲဒီလိုဖြစ်နေတယ်” ဟု ရှင်းပြသည်။
ယင်းလစ်လပ်နေရာများအတွက် ဆရာ၊ ဆရာမ လုပ်လိုသည့် ဘွဲ့ရပြီး ဒေသခံများကို လုပ်အားပေး အဖြစ် ခေါ်ယူကာ ဆရာအတတ်သင် သင်တန်းများပေး၍ ဆရာအဖြစ် ခန့်အပ်နေရသည့် အခြေအနေ များ ရှိနေကြောင်းလည်း သိရသည်။
ဆရာ၊ ဆရာမ အများစုမှာ မိမိနေထိုင်ရာ ဒေသနှင့် မဝေးကွာသည့် ဒေသများတွင်သာ တာဝန်ထမ်း ဆောင်လိုကြသူများ ရှိသည့်အပြင် အချို့မှာ ဝေးလံဒေသများတွင် တာဝန်ထမ်းဆောင်ပါက လစာ နှစ်ဆခံစားခွင့်ရသော်လည်း နေထိုင် စားသောက်မှု အခက်အခဲနှင့် လုံခြုံရေး စိတ်မချရမှုများကြောင့် မသွားရောက်လိုကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဦးစိုင်းမျိုးခိုင်ထွန်းက “အဓိကကတော့ ဝေးလံဒေသမှာ သွားတဲ့ ဆရာ၊ ဆရာမ တွေရဲ့ နေရေး ထိုင်ရေး လုံခြုံရေးပါပဲ။ နေရေးထိုင်ရေး အခက်အခဲ ရှိတယ်။ သူစိမ်းနယ်ထဲမှာ အထူးသဖြင့် ဆရာမတွေ ပေါ့။ သူတို့အတွက် တခါတရံ လူမှုပတ်ဝန်းကျင်မှာ နေရတာ မလုံခြုံဘူးလို့ ကြားရပါတယ်” ဟု ပြောသည်။
ယင်းအခြေအနေများကြောင့် ဒေသခံ ဆရာ၊ ဆရာမများ လေ့ကျင့်မွေးထုတ်ပေးသည့် အစီအစဉ်မှာ ပိုမိုသင့်တော်ကြောင်း လည်း ဆက်လက် ပြောဆိုသည်။
တောင်ပေါ်ကျေးရွာတခုတွင် မူလတန်းပြ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ နေပြည်တော်မှ ဆရာမ ဒေါ်နန္ဒာ လင်းက “သွားလာရ ခက်တယ်၊ တောင်ကျရေ ကြောက်ရတာမျိုး ရှိတယ်။ မြွေကင်း ပေါတာ ရှိတယ်၊ နေရတဲ့ အိမ်က မလုံတာ၊ မိန်းကလေးဆို တော့ နှောင့်ယှက်ချင်တဲ့သူ တွေနဲ့လည်းရှိသေးတယ်” ဟု ဆိုသည်။
ပညာရေးကဏ္ဍအတွက် ဆရာလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် နေ့စား လပေးဆရာများ ခေါ်ယူနေခြင်းထက် ဝေးလံ ဒေသများမှ ကျောင်းသူကျောင်းသားများအား ပညာရေးကောလိပ်သို့ တက်ရောက်နိုင်ရန်အတွက် ကောလိပ်ဝင်ခွင့် အမှတ် ကန့်သတ်ချက်များကို လျှော့ပေါ့ပေးရန် လိုအပ်ကြောင်းလည်း အကြံပြုမှုများ ရှိသည်။
ဒေါ်နန္ဒာလင်းက “အခုက အမှတ်တွေ အမြင့်ကြီးခေါ်တာလို့ သိရတယ်။ နေပြည်တော်က လျှောက်တဲ့ ၄၃၉ မှတ် ရတဲ့ သူတောင် ဝင်ခွင့်မရတာ ရှိတယ်။ အမှတ် ၃၅၀ လောက်ဆိုရင်လည်း ကောလိပ်မှာ ကောင်းကောင်း သင်ယူနိုင်ပါတယ်။ ဒီလို ဝေးလံဒေသက ဒေသခံတွေအနေနဲ့ ကိုယ့်ဒေသမှာ ကိုယ် ဆရာဖြစ်ခွင့်ရရင် အားလုံးအတွက်လည်း အဆင်ပြေ တယ်” ဟု ပြောသည်။
သွားလာရ ခက်ခဲသည့် ဝေးလံသော ဒေသများတွင် တာဝန်ထမ်းဆောင်ရသည့် ပညာရေးဝန်ထမ်း များ၏ အခက်အခဲများ ကို အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများ နားလည်ရန် လိုအပ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုထား သည်။
၎င်းက “သူတို့ရဲ့ ခံစားချက်တွေကို သိမှ ဘာတွေကို ပံ့ပိုးရမယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ ဘဝလုံခြုံမှ သူတို့ ပြုစုပျိုးထောင်ပေးနေတဲ့ ကလေးတွေလည်း ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အခြေခံ ပညာရေး ကဏ္ဍအတွက် မြန်မာတပြည်လုံးတွင် ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၇ သန်းခန့်ရှိကာ ဆရာအရေအတွက် ၄ သိန်းခန့်သာ ရှိသည်ဟု ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။