ရန်ကုန်မြို့အခြေစိုက် တီးတိန် မြို့နယ် အသင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချင်း သူရဲကောင်းဘွဲ့ ပေးအပ်လိုက်သည်ဟု သတင်း ရရှိသည်။
ဒီဇင်ဘာလ ၄ ရက်က တီးတိန်မြို့နယ် အသင်းမှ ကက်သလစ် ဘုန်းတော်ကြီးများ၊ နှစ်ခြင်း သင်းအုပ် ဆရာများနှင့် အဖွဲ့ ဝင်များသည် နေပြည်တော်၊ ဘုရင့်နောင် ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံကာ သူရဲကောင်းဘွဲ့ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
တီးတိန်မြို့နယ် အသင်းသည် တီးတိန် (ဇိုမီး) အသင်းဟုလည်း အမည်ရှိကာ ချင်းလူမျိုးများ၏ သာရေး၊ နာရေး၊ ဘာသာ ရေး၊ စာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များတွင် ကူညီ ဆောင်ရွက်နေသည့် အသင်း ဖြစ်ပြီး အသင်း သက်တမ်းမှာ နှစ် ၂၀ ကျော်ပြီ ဖြစ်သည်။
တီးတိန်မြို့နယ် အသင်း၊ အတွင်းရေးမှူး ဦးကပ်ခင်းပေါင် က ခရစ္စမတ် ရာသီ ဖြစ်သဖြင့် တိုင်းပြည် ခေါင်းဆောင်များကို နှုတ်ခွန်း ဆက်သရန် သွားရောက်ရာတွင် သူရဲကောင်းဆုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးကပ်ခင်းပေါင်က“ချင်းက ပေးတော့ ချင်းသူရဲကောင်း ဖြစ်သွားတာ။ ကျနော်တို့က ဗိုလ်ချုပ်မှူးကြီးကို သူရဲကောင်းလို့ သတ်မှတ်ပြီးတော့ ပေးလိုက်တဲ့ဟာပါ။ ဘာလို့လဲ ဆိုတော့ သူက ကျနော်တို့ မြန်မာနိုင်ငံရဲ့ တပ်မတော်မှာ အကြီးဆုံး တယောက်။ သူ့ကိုမှ သူရဲကောင်း မပေးရင် ဘယ်သူ့ကို ပေးမလဲ”ဟု ပြောသည်။
ခေတ်ဟောင်း ကာလတွင် ရှိခဲ့သည့် ချင်း သူရဲကောင်းများကို အစွဲပြု၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပေးခြင်း ဖြစ်ကာ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ကာလတွင် ပထမဆုံး ပေးအပ်သည့် ချင်း သူရဲကောင်းဘွဲ့လည်း ဖြစ်သည်ဟု ဦးကပ်ခင်းပေါင်က ပြောဆိုသည်။
ချင်း သူရဲကောင်းဘွဲ့၏ အဓိပ္ပာယ်မှာ ချင်းပြည်နယ်ကို ကျူးကျော်လာမည့် ရန်သူများ၊ တောရဲ တိရစ္ဆာန်များ ရန်မှ ကာကွယ် ပေးသူ၊ ချင်းလူမျိုးများ ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးပြီး ကာကွယ်ပေးသူ ဖြစ်သည်ဟု ဆိုသည်။
ချင်း ဘာသာဖြင့် Gal Hang Pah Tawi Na Award (ချင်း သူရဲကောင်းဘွဲ့) ဟု ရေးသားထားသည့် မှတ်တမ်း လက်မှတ် တခု၊ အင်္ဂလိပ်နှင့် ဂျပန် စစ်တပ်များ ချင်းပြည်နယ်သို့ ဝင်ရောက်လာစဉ်က ချင်းခေါင်းဆောင်များ ကိုင်စွဲ တိုက်ခိုက်ခဲ့သည့် ဓားနှင့် ပုံစံတူ ပြုလုပ်ထားသည့် ဓားရှည် တလက်၊ ချင်းရိုးရာ ဒေသထွက် ပစ္စည်းများကို ပေးခဲ့သည် ဟုလည်း သိရသည်။
တီးတိန် မြို့နယ် အသင်းက သူရဲကောင်း ဘွဲ့ပေးပြီးနောက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေသည့် ချင်းပြည်နယ်ကို ကာ ကွယ်ရေး ဦးစီးချုပ် အနေဖြင့် ကြည့်ရှု စောင်မပေးရန်၊ ဒေသ ဖွံ့ဖြိုးရေး အတွက် ကူညီပေးရန်လည်း အကူအညီ တောင်းခဲ့ သည်ဟု ဦးကပ်ခင်းပေါင်က ဆိုသည်။
“ကာချုပ် အနေနဲ့လည်း မကြာခင်မှာ နယ်လုံ ဝန်ကြီးကို လွှတ်ပြီးတော့ တတ်နိုင်သလောက် လုပ်ပေးဖို့ လာခဲ့ပါ့မယ်လို့ ပြောသွားပါတယ်။ ဒေသ ဖွံ့ဖြိုးရေးပေါ့။ ကျနော်တို့ဆီမှာ ဒေသ ဖွံ့ဖြိုးရေးပဲ လိုတာပါ”ဟုလည်း ဦးကပ်ခင်းပေါင် က ပြော ဆိုသည်။
တီးတိန်မြို့နယ် အသင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပြီးနောက် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကိုလည်း တွေ့ဆုံခဲ့ပြီး ချင်းလူမျိုး ဒုသမ္မတ (၂) ကိုလည်း တွေ့ကာ ဘာသာရေး အရ ဆုတောင်းပေးခြင်းများ လုပ်ဆောင် ခဲ့သည်ဟု သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်၌ တိုင်းရင်းသားများက နိုင်ငံအနှံ့ ပျံ့နှံ့ နေထိုင်ကြ သဖြင့် လူမျိုးစွဲ၊ ဒေသစွဲ မထားဘဲ ညီအစ်ကို မောင်နှမစိတ်ဖြင့် ညီညီညွတ်ညွတ် နေထိုင်ရန်၊ ယခင်ကတည်းက ချင်းပြည်နယ် တွင် လက်နက်ကိုင် ပဋိပက္ခများ မရှိသဖြင့် ဖြူစင်နေသည့် နယ်မြေကို အရောင်မစွန်း စေလိုကြောင်း ပြောဆိုသည်ဟု ရေးသား ထားသည်။
ထို့ပြင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုများကို တပ်မတော်က ကူညီ ပေးနေပြီး ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ကူညီမည် ဖြစ်ကြောင်း၊ အတန်းပညာများ မရှိမဖြစ် လိုအပ်သဖြင့် သားသမီးများ ပညာရေးကိုလည်း အလေးထား ဆောင်ရွက်ပေး ရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်ဟု အဆိုပါ ထုတ်ပြန်ချက်၌ ပါရှိသည်။
တီးတိန်မြို့နယ် အသင်းမှ ဘုန်းတော်ကြီး Rev.Fr. Joseph Thang Nen Zo Mung ကလည်း ချင်း တိုင်းရင်းသားများ အနေဖြင့် တပ်မတော်နှင့် အတူ အမြဲ ရပ်တည် ဆောင်ရွက်မည် ဖြစ်သည်ဟု ပြန်လည် ပြောဆိုကြောင်း သိရသည်။
တီးတိန်မြို့နယ် အသင်းမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ချင်းသူရဲကောင်း ဘွဲ့ပေးအပ်ပြီးနောက် နိုင်ငံရေး အသိုင်း အဝိုင်းမှ တိုင်းရင်းသား လူမျိုးများကြား မထောက်ခံကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှုများ ရှိလာပြီး တချို့ ချင်းလူမျိုးများ ကလည်း တီးတိန်မြို့နယ် အသင်း၏ လုပ်ရပ်မှာ ၎င်းတို့ကို ကိုယ်စားမပြု ဟူသည့် စာများ ရေးတင်ကြသည်ကို တွေ့ရ သည်။
တီးတိန် မြို့နယ် မဲဆန္ဒနယ် အမှတ်(၅) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဂင်ကမ်းလျန်က ချင်းလူမျိုးများတွင် သူရဲ ကောင်းဘွဲ့ဟူသည်မှာ ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများတွင်လည်း စွမ်းဆောင်မှု တခုခု လုပ်ပါက ရွာသူရွာသားများ ကို ပေးအပ်လေ့ ရှိသည့် အသိအမှတ်ပြုမှု တခုဖြစ်ပြီး ယခု လုပ်ရပ်မှာလည်း ချင်းလူမျိုး အားလုံးကို ကိုယ်စားမပြုဘဲ ၎င်း တို့ အသင်း တခုကိုသာ ကိုယ်စားပြုခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
တီးတိန်မြို့နယ် အသင်း အနေဖြင့် သူရဲကောင်းဘွဲ့ပေးကာ တပ်မတော်ကို ထောက်ခံကြောင်း ပြသခြင်း ဖြစ်သည်ဟု လည်း ဦးဂင်ကမ်းလျန်က ပြောသည်။
ဆက်လက်၍ ဦးဂင်ကမ်းလျန်က“ကာချုပ် အနေနဲ့ ကောင်းတာပေါ့။ ဒါပေမယ့် တိုင်းပြည် အခြေအနေကို စဉ်းစားဖို့ လို တယ်။ ရှမ်း၊ ရခိုင်၊ ကချင် ပြည်နယ်တွေမှာ စစ်ဘေးတွေ အများကြီး ဖြစ်နေတာ ချင့်ချိန်ပြီး ပေးရမယ်။ ပေးတဲ့ အဖွဲ့က လည်း မျှော်လင့်ချက် တခုခုနဲ့ သွားပေးသလား မသိဘူး”ဟုလည်း ပြောဆိုသည်။
ဦးဂင်ကမ်းလျန်၏ မိခင်ပါတီ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့သည့် ချင်းခေါင်း ဆောင် ၃ ဦးနှင့် ဗိုလ်ချုပ် အောင်ဆန်းကို ၂၀၁၂ ခုနှစ်က ချင်း သူရဲကောင်းဘွဲ့ ချီးမြှင့်ဖူးသည်။