အချုပ်သား တဦး သေဆုံးမှုတွင် တာဝန်ရှိသည့် သန်လျင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား စုံစမ်း စစ်ဆေး အရေးယူရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်(MNHRC)က ပြည်ထဲရေး ဝန်ကြီးဌာနသို့ ဒီဇင်ဘာ ၄ ရက်က အကြံပြုချက် ပေး ပို့ခဲ့ကြောင်း သတင်းရရှိသည်။
အငှား ယာဉ်မောင်းဖြစ်သူ ကိုအောင်အောင်သည် ခိုးမှုတွင် မသင်္ကာမှုဖြင့် ဖမ်းဆီးခံရပြီး ရဲတပ်ဖွဲ့ဝင်များက သေဆုံးသည် အထိ ညှင်းပန်း နှိပ်စက်ခဲ့သည်ဟု ဆိုကာ ၎င်း၏ မိခင် ဖြစ်သူ၏ တိုင်ကြားမှုကို လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အသက် ၂၈ နှစ် အရွယ် အငှားယာဉ်မောင်း ကိုအောင်အောင်သည် ဘက်ထရီ ပျောက်ဆုံးမှုတွင် ခိုးယူခဲ့သူ ၂ ဦးက ၎င်း၏ ကားအား ငှားရမ်း စီးနင်းလာရာတွင် ပါဝင် ပတ်သက်သည်ဟု ဆိုကာ စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် ဖမ်းဆီး ခံရပြီး စက်တင်ဘာ ၂၆ ရက် ရုံးထုတ်၌ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အမှုအား ဦးဆောင် စစ်ဆေးခဲ့သည့် MNHRC အတွင်းရေးမှူး ဦးဘုန်းကြွယ်က “ငါးဘယ်နေရာမှာ ရှိတယ်ဆိုတာ ပြပေး လိုက်တာပဲ။ မိအောင်ဖမ်းဖို့က သူတို့ တာဝန်ရှိတယ်။ ကျနော်တို့က ဖမ်းတဲ့သူတွေ မဟုတ်ဘူး၊ ရှာတဲ့ သူတွေပါ”ဟု ဧရာဝတီ သို့ ပြောသည်။
MNHRC က ခေါ်ယူ စစ်ဆေးမှုတွင် ရဲတပ်ဖွဲ့ဝင် ၅ ဦး အထိ ပါဝင်နေသည်ဟု သိရသော်လည်း ရာထူး အဆင့်နှင့် အမည် များ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
ကော်မရှင်၏ စစ်ဆေးမှုတွင် သေဆုံးသူ၏ မိသားစုဝင်များ အပြင် ၎င်းနှင့် ထောင်အချုပ်တွင် အတူနေခဲ့သူ တဦး၊ ခိုးမှု တွင် အတူ ဖမ်းဆီးခံရပြီး အင်းစိန်ထောင် အတွင်း အချူပ်ခံထားရသူ ၂ ဦးနှင့် အလောင်းအား စစ်ဆေးခဲ့သည့် ဆရာဝန် များ စသည်တို့ကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကော်မရှင် အနေဖြင့် စစ်ဆေး တွေ့ရှိမှု အသေးစိတ်အား ထုတ်ပြန်ခြင်း မရှိခဲ့သော်လည်း ပြည်ထဲရေးထံ ပေးပို့သည့် အကြံ ပြုချက် အစီအရင်ခံစာ၌ တဦးချင်းအပေါ် တွေ့ရှိမှုများကိုပါ ဖော်ပြထားကြောင်း သိရပြီး ဆက်လက် အကောင်အထည် ဖော်မှု အခြေအနေကိုလည်း ကော်မရှင် အနေဖြင့် စောင့်ကြည့်လျက် ရှိကြောင်း ဦးဘုန်းကြွယ်က ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အမှုနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုအခြေအနေများကိုလည်း ခရိုင်(သို့) တိုင်း အဆင့် တာဝန်ရှိသူများမှ ကာယကံရှင် မိသားစုထံ နားလည် သဘောပေါက်ရန် ရှင်းပြ ဆွေးနွေးသင့်ကြောင်းလည်း ကော်မရှင်က အကြံပြုထားသည်။
ကိုအောင်အောင်အား ဖမ်းဆီးစဉ်က ပါဝင်ခဲ့သည့် သန်လျင်မြို့မ ရဲစခန်းက ဒုတပ်ကြပ် သူရအောင်က မိသားစုဝင်များ၏ တိုင်ကြားပါ အချက်အလက်များသည် မှားယွင်းချက်များ ရှိနေပြီး ၎င်းအား သက်သေခံ ပစ္စည်းများနှင့် အတူ တွေ့ရှိသည့် အတွက် ဖမ်းဆီးခဲ့ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဒုတပ်ကြပ် သူရအောင်က“ဘာကြောင့်၊ ဘာရောဂါနဲ့ သေတယ် ဆိုတာ ဆရာဝန်ရဲ့ ဆေးစာမှာလည်း ဖော်ပြထားတာပဲ။ အမှန်တရား ပေါ်ပေါက်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး”ဟု ပြောသည်။
၎င်းအနေဖြင့် လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူ တွေ့ဆုံခဲ့သူများတွင်လည်း ပါဝင်ခဲ့သူ ဖြစ်ပြီး ယခု ဖြစ်စဉ် အပေါ် ဝန်ထမ်း တဦး ဖြစ်နေသည့် အတွက် ဖြေရှင်းရမည်သာ ဖြစ်ပြီး အမှန်တရား ပေါ်ပေါက်မည်ဟု မျှော်လင့်ကြောင်းလည်း ပြော ထားသည်။
လက်ရှိတွင် အဆိုပါ ခိုးမှုမှ ဖမ်းဆီးထားသူ ၂ ဦးကိုလည်း အင်းစိန် အကျဉ်းထောင် အချုပ်တွင် ချုပ်နှောင်ထားပြီး အပြီး သတ် အမိန့် မချသေးကြောင်း ကော်မရှင်ထံက သိရသည်။