ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်တွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၆ ရက်ခန့် ရှိပြီ ဖြစ်သည်ဟု သတင်းရရှိသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက“ဒီမနက် ၆ နာရီခွဲလောက် ကတည်းက စပြီး နေ့လယ် ၂ နာရီ အထိ အကြီးအကျယ် ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ အခုထိ တိုက်ပွဲက ကြိုကြား ကြိုကြား ဖြစ်တုန်း ရှိသေးတယ်” ဟု ပြောသည်။
AA နှင့် တပ်မတော် တို့သည် ဘူးသီးတောင် မြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်ရှိ နဟန်းရွာ၊ ဝါးနက် ရုံရွာ ရှိသည့် နေရာများနှင့် နယ်စပ် မှတ်တိုင် BP-46 ဧရိယာ တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုက်ပွဲများမှာ နိုဝင်ဘာလ၂၉ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်တွင် ပိုပြင်းထန်လာ ကြောင်း၊ နယ်စပ် ဒေသတွေ AA ထိန်းချုပ်ထားသည့် နယ်မြေများကို တပ်မတော်ဘက်မှ တဖက်သတ် ထိုးစစ်ဆင်ခြင်း ဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။
ဒီဇင်ဘာလ ၃ ရက်မှစ၍ တိုက်ပွဲများ ပိုပြင်းထန်လာပြီး နိုဝင်ဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် မနက် ၆နာရီ ဝန်းကျင်မှ စ၍ ညနေပိုင်းထိ တိုက်ပွဲများ ဖြစ်ပွားသည်ဟု သိရသည်။
AA ဘက်မှ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ဘူးသီးတောင်မြို့နယ်တွင်း ခြေကုပ် ယူထားသည့် နေရာများတွင် ဆက် လက် ထိန်းချုပ်ထားဆဲ ဖြစ်ပြီး စခန်းရွှေ့ပြောင်း ပေးရခြင်း၊ နောက်ဆုတ်ပေးရခြင်းများ မရှိဟု ဦးခိုင်သုခက ဆိုသည်။
ဆက်လက်၍ ဦးခိုင်သုခက“ဗမာ့ တပ်မတော်ဘက်ကနေ အလောင်းတွေ လက်နက်ခဲယမ်းတွေ ကျနော်တို့ သိမ်းဆည်း ရမိတာ ရှိတယ်။ လက်နက် ခဲယမ်း မီးကျောက်က တော်တော်များများ ရထားတယ်။ စာရင်း အတိအကျက ကျနော့်ဆီ ရောက်မလာသေးဘူး”ဟုလည်း ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက် တိုက်ပွဲများနှင့် ပတ်သက်၍ မေးမြန်းရန် တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ များကို ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရခဲ့ပေ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှလည်း ဘူးသီးတောင်မြို့နယ်တွင်း တိုက်ပွဲများနှင့် ပတ်သက်၍ သတင်း တစုံ တရာ ထုတ်ပြန်ခြင်း မရှိပါ။
ဧရာဝတီမှ ဘူးသီးတောင် မြို့နယ် အခြေစိုက် လူမှု အရပ်ဘက် အဖွဲ့အစည်းအချို့နှင့် ဒေသခံများကို ဆက်သွယ် မေးမြန်းရာ တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် သတင်းများ ကြားသိရသော်လည်း မြို့နှင့် အလှမ်းဝေး သည့် ဧရိယာတွင် ဖြစ်နေခြင်း ဖြစ်သဖြင့် သတင်းသာ ကြားကြောင်း၊ သတင်းဌာနနှင့်လည်း တိုက်ပွဲသတင်းများ အကြောင်း အမေးအဖြေ မလုပ်လိုကြောင်း ငြင်းဆိုကြသည်။
ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက တိုက်ပွဲ ဖြစ်ပွားနေသည့် ဧရိယာမှာ မြို့ဧရိ ယာနှင့် အလှမ်းဝေးပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကာ ဖုန်းလိုင်း အဆက်အသွယ်လည်း မရှိသဖြင့် တိုက်ပွဲကြောင့် မြေပြင်တွင် ဖြစ်နေသည့် အခြေအနေများကို ပြောပြနိုင်ခြင်း မရှိပါဟု ဆိုသည်။
ဘူးသီးတောင် မြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တဝိုက်တွင် ရခိုင် လူမျိုးစုများ ဖြစ်သည့် မြို၊ ခမီရွာများ ရှိသော် လည်း တောတောင်ထဲ ဖြစ်သဖြင့် အဆက်အသွယ် မရှိပါဟု ဦးထွန်းအောင်သိန်းက ပြောသည်။
ဦးထွန်းအောင်သိန်းက“ကျနော်တို့ ပြည်သူတွေ အတွက်က တိုက်ပွဲ ဖြစ်တာထက် ငြိမ်းချမ်းရေး ဆွေးနွေးတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီလိုပဲ ပြောချင်ပါတယ်”ဟုလည်း ဆိုသည်။
AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ် မေလ အတွင်းကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တကြောတွင် တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီး AA က ဘူးသီးတောင် အခြေစိုက် ခြေလျင် တပ်ရင်း ခလရ ၂၆၃ မှ တပ်မတော်သား ၃ ဦးကို သုံ့ပန်း အဖြစ် ဖမ်းမိခဲ့သည်။
ကနဦး ဖမ်းဆီးစဉ်က ထို ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့ထိ လွှတ်ပေးခြင်း၊ လွှဲပြောင်း ပေးခြင်း များ မရှိပါ။
တိုက်ပွဲ အတွင်း အဖမ်းခံခဲ့ရသည့် တပ်မတော်သား ၃ ဦးမှာ နေရပ်ရင်းနှင့် တပ်မတော်တွင်းသို့ ပြန်သွားရမည်ကို ကြောက်ရွံ့ နေသဖြင့် ပြန်မလွှဲပေးဘဲ AA ထိန်းချုပ် ဧရိယာအတွင်း ဆက်လက် ထားခြင်း ဖြစ်သည်ဟုလည်း AA ဘက်မှ ပြောသည်။
တိုက်ပွဲတွင်း အဖမ်းခံခဲ့ရသည့် တပ်မတော်သား ၃ ဦးနှင့် ပတ်သက်၍လည်း တပ်မတော်ဘက်မှ တစုံတရာ သတင်း ထုတ်ပြန် ခြင်း မရှိပါ။
AA သည် တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည်။
AA က ၎င်း၏ မဟာမိတ် ၆ ဖွဲ့နှင့် အတူ ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် ပါဝင်ပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) မဟုတ်သည့် အပစ် ရပ် စာချုပ်သစ်တခု ကို ချုပ်ဆိုပေးရန် တောင်းဆိုထားသည်။
တပ်မတော်က မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့်အတူ AA ကို လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်သည် ဟူ သော ထုတ်ပြန်ချက် ထုတ်ပြီးမှ ဆက်လက် ဆွေးနွေးရန် ပြောဆိုထားပြီး ၎င်းတို့ ၃ ဖွဲ့က လက်မခံသဖြင့် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်။
AA သည်၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ရခိုင်လူငယ် ၂၀ ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ်၊ ကချင်လွတ် လပ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့တွင် ဌာနချုပ် အခြေစိုက်ကာ လှုပ်ရှားကြောင်း သိရသည်။
၂၀၁၅ ခုနှစ် မတိုင်မီတွင် ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ် တို့ အတွင်း ဝင်ရောက် လှုပ်ရှားလာပြီး ၂၀၁၅ ခုနှစ်မှစ၍ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလာသည့် အဖွဲ့ ဖြစ်သည်။