တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်းအားဖြင့် ဖြစ် ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုနှင့် ဆက်ဆံရေးအခြေအနေအပေါ် သုံးသပ်ရန်အတွက် အစည်းအဝေး လုပ်သွားမည်ဟု နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K) ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောသည်။
အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင်း နန်းယွင်း၊ တာဂါဒေသရှိ ဌာနချုပ်တွင် ပြုလုပ် မည်ဖြစ်ကာ အဖွဲ့ဥက္ကဋ္ဌ ဦးယုံးအောင် အပါအဝင် ဌာနဆိုင်ရာမှ ထိပ်သီးခေါင်းဆောင်များလည်း တက်ရောက်ကြမည် ဖြစ်သည်။
NSCN-K မှ ပြောခွင့်ရ ဦးကျော်ဝမ်းစိန်က “ဘာတွေ လုပ်သင့်လဲပေါ့။ NCA ကို လုပ်သင့်လား မလုပ် သင့်ဘူးလား၊ လုပ်ရင်ကော ဘာကို ဘယ်လိုလုပ်ရမလဲပေါ့။ NCA ထိုးဖို့ မထိုးဖို့ အဲဒီလို ဆုံးဖြတ်ချက် ချမယ်လို့တော့ မဟုတ်သေးဘူး။ ကျနော်တို့ ဖေဖော်ဝါရီလမှာ ထိုင်မယ်ဆိုတာက ကျနော်တို့ အတွင်း ရေးမှာ တစုံတရာ တခုကို တိုင်ပင်ဆွေးနွေးပြီးတော့မှ လူထုနဲ့ ပြန်တွေ့ပြီးတော့ တိုင်ပင် ဆွေးနွေးရ မယ်။ အဲဒီခါကျမှပဲ လုပ်သင့် မလုပ်သင့်ဆိုတာ အဖြေပေါ်လာမှာ” ဟု ပြောသည်။
အိန္ဒိယရှိ နာဂအဖွဲ့အစည်းများနှင့် နာဂလူထုက မြန်မာအစိုးရက ကမ်းလှမ်းထားသည့် NCA လက် မှတ်ထိုးရန် NSCN-K အား တိုက်တွန်းမှုများ ရှိနေသော်လည်း အဖွဲ့အတွင်းမှာမူ ညှိနှိုင်းတိုင်ပင်ဆဲ အဆင့်သာ ရှိသေးသည်ဟု သိရသည်။
“ညှိနှိုင်းတိုင်ပင် နေတယ်ဆိုတာက NCA ရဲ့ အနှစ်သာရပေါ့။ NCA လက်မှတ်ထိုးခြင်းအားဖြင့် ဘယ်လိုပုံစံမျိုး သက်ရောက် နေမလဲပေါ့။ NCA လက်မှတ်ထိုးလိုက်သောအားဖြင့် တချို့သော နေရာ မှာကျတော့ တယောက်နဲ့ တယောက် ဆက်ဆံရေး တွေ ဘာတွေ၊ ပျက်ပြားသွားတာတွေလည်း ရှိတယ်လေ” ဟု ဦးကျော်ဝမ်းစိန်က ဆိုသည်။
နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K) သည် မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲများ မဖြစ်သော်လည်း အိန္ဒိယစစ်တပ်နှင့်မူ မြန်မာ- အိန္ဒိယနယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကိုင်းတိုင်းရှိ လေရှီး၊ ခန္တီး၊ လဟယ်နှင့် နန်းယွန်းဒေသများတွင် လှုပ်ရှားသည်။
NSCN-K သည် ယခင်က အိန္ဒိယနှင့် မြန်မာ ၂ နိုင်ငံရှိ နာဂလူမျိုးများ၏ အရေးကို ခြုံငုံနိုင်သည့် စေ့စပ်ညှိနှိုင်းမှု ရမှာသာ လျှင် NCA လက်မှတ်ထိုးမည်ဟု ဆုံးဖြတ်ထားရာ ယခုနှစ် သြဂုတ်လ အတွင်းက အဖွဲ့အစည်းအဝေးလုပ်ကာ ဥက္ကဋ္ဌဖြစ်သူ အိန္ဒိယနိုင်ငံသား ဦးခါးငေါ်ကို ဖြုတ်ချပြီး ကာကွယ်ရေး ဒုဝန်ကြီးဖြစ်သူ ဦးယုံးအောင်အား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းနှင့် ပတ်သက်၍ သဘောထား အနည်းငယ် ပျော့ပြောင်းလာခြင်း ဖြစ်သည်။
ဦးယုံးအောင်သည် ၂၀၁၇ ခုနှစ်က ကွယ်လွန်သွားသည့် အဖွဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးကပ္ပလန်၏ တူ ဖြစ်ပြီး ၂၀၁၂ ခုနှစ်က အစိုးရနှင့် NSCN-K အဖွဲ့အကြား တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲ ရေး လက်မှတ်ရေးထိုးနိုင်ရန် အကြံပေးခဲ့သူ လည်း ဖြစ်သည်ဟု သိရသည်။
အစိုးရနှင့် NSCK-K နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေနှင့် ပတ်သက်၍ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) ထံ ဆက်သွယ်ခဲ့ရာ အဖွဲ့တာဝန်ရှိသူက မအားသေးသည့်အတွက် နောက်မှ ပြန်လည် ခေါ်ဆိုရန် ပြော၍ ဖုန်းချသွားခဲ့ပြီး ထပ်မံခေါ်ယူသော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိတော့ပေ။
NSCN-K သည် ဇူလိုင်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးကာ ဇူလိုင် ၁၂ ရက်တွင် ငြိမ်းချမ်းရေးကော်မရှင် (PC) ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် NSCN-K မှ ဦးကျော်ဝမ်းစိန်၊ ဦးအမ်ကန့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု တချို့ ပြုလုပ်ခဲ့ကြသေးသည်။