ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တည်ဆောက်နေသော အထက်ရဲရွာ ရေကာတာစီမံကိန်းကြောင့် ရေမြုပ်နိုင်ခြေရှိသည့် တာလုံ ဒေသခံများက ပြောင်းရွှေ့ပေးရန် အစီအစဉ်မရှိကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။
ရှမ်းပြည်နယ် အတွင်း နမ္မတူမြစ် (မြစ်ငယ်မြစ် (သို့) ဒုဋ္ဌဝတီ) နှင့် နမ့်တိန်းမြစ်ပေါ် တည်ဆောက်နေသည့် ရေကာတာ များ ၏ အကျိုးဆက်များနှင့် ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်ပွဲနှင့် ရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် ရှိ City Hotel Yangon တွင် ယမန်နေ့က ပြုလုပ်စဉ် တာလုံ ဒေသခံများက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
တာလုံကျေးရွာ ဒေသခံတဦးဖြစ်သူ နန်းလောဝ်ခမ်းက“ကျမတို့ လုံးဝ မပြောင်းပေးချင်ဘူး။ အဆုံးအစွန် မဖြစ်မနေ ပြောင်းရွှေ့ရမယ်ဆိုရင်တောင် မပြောင်းရွှေ့ချင်ဘဲနဲ့ ပြောင်းလိုက်ရတယ်ဆိုတဲ့ သမိုင်းကို ရေးခဲ့ပါမယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက တိုင်းရင်းသားများဖြစ်၍ မြို့ပြတွင် မနေတတ်ကြောင်း၊ ပညာမတတ်သူများဖြစ်၍ အသက် မွေးဝမ်း ကျောင်း အတွက် အခက်အခဲရှိကြောင်းနှင့် နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ရေကာတာ အားလုံး သည် မြစ်ကြောင်း၏ ဂေဟစနစ်များကို များစွာထိခိုက်နိုင်သည့် အတွက် ကန့်ကွက်ကြောင်း ဆိုသည်။
သီပေါမြို့နယ် နားမခေါ်အုပ်စုရှိ တာလုံကျေးရွာတွင် အိမ်ခြေ ၁၇၅ အိမ်ရှိပြီး လူဦးရေ ၆၈၃ ဦး နေထိုင်ကာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးကြကာ လိမ္မော်၊ ကျွဲကော၊ ကမ္ဗလာများကို အဓိက စိုက်ပျိုးကြကြောင်း သိရသည်။
စီမံကိန်းပြီးစီးပါက ယင်းဒေသတွင် ရေအမြင့် ပေ ၄၀ အထိ တက်လာမည်ဖြစ်ပြီး တာလုံကျေးရွာသည် ရေဝပ်ဧရိယာ တွင် ပါဝင်သည်ဟုဆိုကာ စီမံကိန်းလုပ်ပိုင်ခွင့်ရ ကုမ္ပဏီနှင့် အစိုးရက ပြောင်းရွှေ့ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု တာလုံ ဒေသခံများ အဆိုအရ သိရသည်။
တာလုံကျေးရွာဒေသခံ ဦးကျားလုံက“အထက်ရဲရွာ ရေကာတာတည်ဆောက်လိုက်ရင် ကျနော်တို့ရွာ ရေအောက်ကို နစ် မြုပ် သွားမယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ကျနော်တို့ကလည်း ပြောင်းရွှေ့ဖို့ အစီ အစဉ် မရှိပါဘူး။ ပြောင်းရွှေ့ဖို့ မြေလွတ် မြေရိုင်းလည်းမရှိဘူး။ ဝယ်ယူမယ်ဆိုလည်း တအားဈေးကြီးတယ်”ဟု ဆိုသည်။
ဒေသခံများ အခြေအနေနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ သိရှိနိုင်ရန် သီပေါ ပြည်သူ့လွှတ်တော် နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက တင်ပြမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရှိသေးကြောင်း သိရသည်။
သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်က“ရေကာတာကို ကန့်ကွက်ရတဲ့အကြောင်းရင်းမှာ ရွာ သားတွေရဲ့ သူတို့နေရာကို မပြောင်းရွှေ့ချင်တဲ့ ဆန္ဒက အဓိကပိုကျတာပါ။ တနိုင်ငံလုံးအကျိုးစီးပွားကို ဆောင်ရွက်တဲ့ နေရာမှာ ပြည်နယ်တွေရဲ့ အကျိုးစီးပွား၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထည့်တွက်ဖို့ အများကြီးလိုတယ်။ တိုက်ရိုက် ထိတွေ့ခံစားရတဲ့ တာလုံကျေးရွာဒေသခံတွေအနေနဲ့ အသားတကျဖြစ်နေတဲ့ လူမှုဘဝကြီးကို လုံးဝစွန့်လွှတ်ပြီး နေရာ သစ်ကို သွားရမယ့်အခါကျတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး ယင်းစီမံကိန်းကိစ္စအား လွှတ်တော်တွင် မေးမြန်းဖူးသော်လည်း ကျေနပ်လောက်သည့် အဖြေ ရလဒ် မရှိခဲ့သည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှုများနှင့် ပတ်သက် ၍ လူထုအား အသိပေးရှင်းပြမှု အားနည်းကြောင်း၊ ဒေသခံများ၏ သဘောဆန္ဒများကို နည်းလမ်းပေါင်းစုံဖြင့် အစိုးရထံ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ဆိုသည်။
အထက်ရဲရွာ ရေကာတာ စီမံကိန်းပြီးစီးပါက ၂၈၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နှစ်စဉ် ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၁၄၀၉ ထွက်ရှိမည်ကာ မဟာဓာတ်အားလိုင်းကွန်ရက်မှတဆင့် တနိုင်ငံလုံးသို့ ဖြန့်ဖြူးသွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဋ္ဌေးအောင်က ရှင်းလင်း ပြောဆိုထားသည်။
နမ္မတူမြစ်ပေါ်တွင် အစိုးရက ရေအားလျှပ်စစ်စီမံကိန်း ၄ ခု တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ရှမ်းပြည်နယ် မြောက် ပိုင်း၊ ကျောက်မဲခရိုင်တွင် ၃ ခုနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၁ ခု ဖြစ်ကြောင်း၊ ပထမဆုံး တည်ဆောက်ခဲ့သော ရဲရွာ ရေကာတာသည် ၂၀၁၀ တွင် ပြီးစီးခဲ့ပြီး လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် အကြီးဆုံးရေကာတာ ဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေသည့် အစီရင်ခံစာများအရ သိရသည်။
အစီရင်ခံစာတွင် ဆောက်လုပ်ဆဲ အထက်ရဲရွာ ရေကာတာစီမံကိန်းကို ၂၀၀၈ ကတည်းက စတင်ခဲ့ပြီး ၂၀၁၈ တွင် အပြီးတည်ဆောက်ရန် ခန့်မှန်းထားကြောင်း၊ တည်ဆောက်မည့် ရေလှောင်ကန်သည် အကျယ်အဝန်း ၆၀ ကီလို မီတာ ရှိပြီး ရေလွှဲပေါက် ဥမင်လိုဏ်ခေါင်းများ ပြီးစီးနေပြီ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
စီမံကိန်းများနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်ကျမှသာ ဒေသခံများ သိရှိခဲ့ရခြင်းဖြစ်ပြီး ပုံစံမျိုးစုံဖြင့် ကန့်ကွက် တောင်းဆို မှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ တစုံတရာ ထူးခြားမှု မရှိသေးကြောင်း နန်းလောဝ်ခမ်းက ရှင်းပြသည်။
ဒေသခံများကလည်း အထက်ရဲရွာ ရေကာတာအပါအဝင် နမ္မတူမြစ်ပေါ်ရှိ ရေကာတာသစ် တည်ဆောက်ရန် စီမံကိန်း အကောင်အထည်ဖော်မှု အားလုံး ချက်ချင်းရပ်တန့်ပေးစေလိုသည့်ဆန္ဒ ရှိနေကြသည်။
နမ္မတူမြစ်ပေါ်တွင် ရေအားလျှပ်စစ် တည်ဆောက်နေသည့် ကုမ္ပဏီများမှာ ဆွစ်ဇာလန်၊ ဂျာမနီ၊ တရုတ်၊ ဂျပန် နိုင်ငံတို့မှ ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။