အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ချင်း ပြည်နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တို့ မေးခွန်း မေးမြန်းစဉ် သဘောထား ကွဲလွဲ၍ အငြင်းပွားမှု ဖြစ်ပွားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ မှ ဦးဇုန်လှယ်ထန်းက ကိုယ်စားလှယ် တယောက် အနေဖြင့် မဲဆန္ဒနယ်ကို သွားချိန် ပြည်သူလူထုမှ အမြဲတမ်း မေးလေ့ရှိသည်မှာ ဒီမိုကရေစီ နည်းကျ လွှတ်တော် ကိုယ်စားလှယ်ကို ရွေးထားကြောင်း၊ သို့ သော် လည်း လွှတ်တော် ကိုယ်စားလှယ်များတွင် မည်သည့် အာဏာမှ မရှိဟု ပြောနေကြောင်း၊ ယခု ကျင့်သုံးနေသည့် ဒီမို ကရေစီမှာ မည်ကဲ့သို့သော ဒီမိုကရေစီမျိုး ဆိုသည်ကို မေးခွန်းထုတ် ခံနေရကြောင်း ယမန်နေ့က ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသား လွှတ်တော်သို့ တင်ပြခဲ့သည်။
ထို့ပြင် ၎င်းက လွှတ်တော် ကိုယ်စားလှယ်များအား၊ မဲဆန္ဒနယ်ရှိ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲရာတွင်လည်း ကောင်း၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍတို့နှင့် ပတ်သက်၍ ပြည်သူများ၏ ဆန္ဒဖော်ဆောင်ရာတွင် သက်ဆိုင်ရာ အာဏာ ပိုင် အဖွဲ့အစည်းများက ဖြစ်စေ၊ အာဏာပိုင် ပုဂ္ဂိုလ်က ဖြစ်စေ အလေးထား တိုင်ပင်ရန် အစီအစဉ် ရှိ မရှိနှင့် ပတ်သက် သည့် မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ယင်းမေးခွန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးကျော်လင်းက မဲဆန္ဒနယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဆွေးနွေး တိုင်ပင် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည့် အပေါ် ဆက်စပ် မေးခွန်း အနေဖြင့် ဦးဇုန် လှယ်ထန်းက မေးမြန်းခဲ့ရာတွင် သဘောထား ကွဲလွဲ၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆက်စပ် မေးခွန်းမှာ“သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများဟု ကျနော် မေးထားပါတယ်။ ဥပဒေမှာလည်း သက်ဆိုင် ရာ အဖွဲ့အစည်းများလို့ ဆိုထားပါတယ်။ လာဖြေတာကတော့ ဆောက်လုပ်ရေး ဝန်ကြီး တခုတည်း ဖြစ်တယ်။ လာဖြေတာ လည်း သူတို့ပဲ လာဖြေတဲ့ အတွက်ကြောင့် ကျနော် မေးချင်တာကတော့ ဒီဝန်ကြီးဌာနများ အခုဆောက်လုပ်ရေး ဝန်ကြီး ဌာနက လာဖြေတဲ့ ပုံစံမျိုး ဝန်ကြီးဌာန အားလုံးက ဖြေကြားပေးနိုင်ရန် စီစဉ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိ မေးမြန်း အပ်ပါ တယ်”ဟု ဖြစ်သည်။
ထိုသို့ မေးခွန်း မေးမြန်း အပြီးတွင် မေးခွန်းနှင့် ပတ်သက်၍ လွှတ်တော် ဥက္ကဋ္ဌက ပြန်လည် ဖြေကြားချိန်တွင် သဘော ထား ကွဲလွဲပြီး အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ် သိချင်သည့် မေးခွန်းများကို လုပ်ထုံး လုပ်နည်းနှင့် အညီ မေးစေလိုကြောင်း၊ ဆက်လက်၍ မမေးမြန်းရန် လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆိုသည်။
လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က“ချင်းပြည်နယ် အစိုးရက ဆောက်လုပ်ရေးတွေ၊ ဘာတွေ လိုမယ်ဆို ဆောက်လုပ် ရေး ဝန်ကြီးကိုပဲ အပ်ရတာ။ ဆောက်လုပ်ရေး ဌာနကိုပဲ အပ်ရတာ။ ပညာရေးကလည်း ဒီအတိုင်းပဲ။ အဲ့ဒါနဲ့ ပတ်သက်လို့ ဆောက်လုပ်ရေး က အကုန်လုံး လုပ်ပြီးသွားပြီ။ ချင်းပြည်နယ်နဲ့ ပတ်သက်လို့ အခုက ခင်ဗျား ပြောသလို ဥက္ကဋ္ဌ ဖြေပေးပါ ဆိုတော့ ဒါ ဥပဒေနဲ့ မညီဘူး”ဟု ပြောသည်။
ဆက်လက်၍ မန်းဝင်းခိုင်သန်းက“ဦးဇုန်လှယ်ထန်း ခင်ဗျား မေးချင်ရင် သေချာတာ ဥက္ကဋ္ဌ ဆီတင်လိုက်။ မေးခွန်းမေးတာ လွှတ်တော် ဥက္ကဋ္ဌ ဖြေဖို့ မရှိဘူး။ သူ့သက်ဆိုင်ရာကို တင်ဖို့ရာ။ ဥက္ကဋ္ဌက ဖြေစေချင်တယ်ဆို ဥက္ကဋ္ဌကို တိုက်ရိုက် တက် မေးလိုက်။ ဒီလွှတ်တော်မှာ လာမပြောနဲ့”ဟု ပြောဆိုသွားသည်။
ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးအတွင်း ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ အစည်းဝေး တက်ရောက်ခဲ့သူ ဦးသိမ်းဆွေ“ဆက်စပ် မေးခွန်း ထမေးတာပါ။ ဆက်စပ် မေးခွန်း မေးတဲ့ နေရာမှာ ဥပဒေ၊ နည်းဥပဒေ မမေးဘဲနဲ့ လွဲသွားလို့ ပြောတာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက အမျိုးသားလွှတ်တော် နှင့် ပြည်သူ့ လွှတ် တော်တွင် မေးခွန်း မေးရာနှင့် ထပ်ဆင့် မေးခွန်းများ မေးမြန်းရာတွင် မိုက်တောင်းရာမှ အစ ကွာခြားမှုများ ရှိနေ ကြောင်း၊ ကိုယ်စားလှယ်၏ အခွင့်အရေးသည် အပြန်အလှန် ဆွေးနွေးခွင့် ပေးရမည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ် တဦး အနေဖြင့် လွှတ်တော်သို့ မေးခွန်း မေးရာတွင် မေးခွန်း ပြင်ဆင်ချိန်မှာ နှစ်ချီ၍ ကြာမြင့်ကြောင်း၊ ထပ်ဆင့်မေးခွန်း ထပ်မေး ရာတွင် ၂ မိနစ်သာ အချိန်ရကြောင်း ကိုယ်စားလှယ် ဘက်မှ အခက်ခဲများကို ပြောပြသည်။
ဒေါ်ထုမေက“မေးခွန်းတခုကို မေးမယ်ဆိုရင် ကြယ်ပွင့်ပြ မေးသင့် မမေးသင့် နှစ်ချီကြာပြီး မှ မေးရတာ။ ကိုယ်စားလှယ်က ဒီလောက် ကြိုးစား ထားတာ။ ဝန်ကြီးဌာနက အသိအမှတ် မပြုဘဲနဲ့ တခါတခါ ဘယ်ဟာ အဖြေမှန်းတောင် မသိလိုက်ဘူး။ ကိုယ်စားလှယ်က ထပ်ဆင့် မေးခွန်း မေးခွင့် ပြုပါ။ ထရုံ ရှိသေးတယ်။ တိုရင်း လိုရှင်း မေးဆိုတော့ ကသိကအောင့် ဖြစ်တာ တော့ အမှန်ပါပဲ။ လွှတ်တော် ဥက္ကဋ္ဌကို ကိုယ်စားလှယ်တိုင်းက လေးစားပြီးသား ဖြစ်ပါတယ်။ အချိန် ၂ မိနစ်ပြည့်ရင် မိုက် ပိတ်လိုက်ရင် ရတာပဲလေ”ဟု ၎င်း၏ အတွေ့အကြုံကို ပြောသည်။
ဦးဇုန်လှယ်ထန်း လွှတ်တော် အတွင်း ဆက်စပ် မေးခွန်းကို မည့်ကဲ့သို့ မေးမြန်းခဲ့ကြောင်း လွှတ်တော် အစည်းအဝေး အပြီး ဧရာဝတီ သတင်း ဌာနမှ သွားရောက် မေးမြန်းရာ ယင်းကိစ္စနှင့် မဖြေကြားလိုကြောင်း ပြောသည်။
အမျိုးသား လွှတ်တော် အတွင်း အရပ်သား ကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ဖြင့် စုစုပေါင်း ၂၂၄ ဦး ရှိကြောင်း အမျိုးသား လွှတ်တော် ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားသည်။