တာဝေးနှင့် တာလတ်ပြိုင်ပွဲများ ပါဝင်သည့် မြန်မာ-တရုတ် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲကို လာ မည့် ဒီဇင်ဘာလ ၃၁ ရက်တွင် ပြုလုပ်မည်ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
ပြိုင်ပွဲတွင် အမျိုးအစား ၄ ခု ပါဝင်ကာ တာဝေးမာရသွန် ကျား/မ (၄၂ ဒသမ ၁၉၅ ကီလိုမီတာ)၊ တာလတ်မာရသွန် ကျား/မ (၂၁ ဒသမ ၉၇၅ ကီလိုမီတာ)၊ အပျော်တန်းပြိုင်ပွဲ (၇ ဒသမ ၅ ကီလိုမီတာ) နှင့် မိသားစုပြိုင်ပွဲ (၁ ဒသမ ၅ ကီလိုမီတာ) တို့ဖြစ်ပြီး မြန်မာနှင့် တရုတ်နိုင်ငံသားများအပြင် တတိယနိုင်ငံမှ နိုင်ငံသားများပါက ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
မူဆယ်ခရိုင် အထွေထွေအုပ်ချုုပ်ရေး ဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှုး ဦးဥက္ကာက “မြန်မာ – တရုတ် နယ်စပ်ဒေသ ယဉ်ကျေးမှု၊ စီးပွားရေး အပြန်အလှန် ကူးလူးဆက်ဆံ ပိုမိုနက်ရှိုင်းစေပြီး ချစ်ကြည်ရင်း နှီးမှု တည်တံ့ခိုင်မြဲသော၊ ငြိမ်းချမ်းသော ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသော အကျိုး သက်ရောက်မှု ရှိပါတယ်”ဟု ပြောသည်။
မာရသွန်ပြိုင်ပွဲမှာ နှစ်နိုင်ငံ ပြည်သူအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုး ရန် ရည်ရွယ်ပြု လုပ်ခြင်းဖြစ်ကာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၄ ရက်က မူဆယ်မြို့ရှိ မင်္ဂလာမူဆယ် Information Center တွင် ပြုလုပ်ခဲ့သေးသည်။
“ရှေးကတည်းက ဆွေမျိုးပေါက်ဖော် ခင်မင်ခဲ့ကြတာဖြစ်လို့ နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးမှုကို အား ကစားက တဆင့် ထပ်မံရ လာမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားအလိုက် ပြေးချိန် ၁ နာရီကနေ ၆နာရီအထိ ကြာမြင့်မှာ ဖြစ်ပါတယ်” ဟု တရုတ် နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ပြည်ပပြန်ကြားရေးရုံး တာဝန်ခံ ကျောက်ယွင်ဆန်က ဆိုသည်။
ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ကျယ်ခေါင် ယဉ်ကျေးမှု ကွင်းပြင်မှ စတင် တာလွှတ်မည်ဖြစ်ပြီး ကျယ်ခေါင် – မူဆယ် – ရွှေလီမြို့ ပြေးလမ်းများပေါ်ရှိ ပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပြိုင်ဆိုင်ရမည်ဖြစ်ကာ ရွှေလီမြို့ နုံမော်ဟူးပန်းခြံတွင် ပန်းဝင်ရမည် ဖြစ်သည်။
ပြိုင်ပွဲဆုကြေးအဖြစ် တာဝေးမာရသွန် ပထမဆုအတွက် တရုတ်ငွေ ယွမ် ၈၀၀၀ နှင့် ဆု ၂၀ ဖြစ်ကာ အနိမ့်ဆုံးဆုအတွက် ယွမ် ၃၀၀ သတ်မှတ်ထားသည်။ တာလတ်မာရသွန်အတွက်မူ ပထမဆု ယွမ် ၆၀၀၀ နှင့် ဆု ၂၀ ဖြစ်ကာ အနိမ့်ဆုံး ဆုကြေး ယွမ် ၂၀၀ ဖြစ်သည်။
“ဆုငွေယွမ် ၈၀၀ အထက်ရရှိသူများကို တရုတ်နိုင်ငံ ဝင်ငွေခွန်ဥပဒေအရ ၂၀ ရာခိုင်နှုန်း အခွန်ကောက် ခံမှာ ဖြစ်ပါတယ်” ဟု ကျောက်ယွင်ဆန်က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသားများအတွက် ဆွေမျိုးပေါက်ဖော်ဆုကို သီးသန့်ထည့်သွင်းပေးထားပြီး တာဝေး အတွက် ပထမဆု ယွမ် ၆၀၀၀ နှင့် ဆု ၈ ဆု ဖြစ်ကာ အနိမ့်ဆုံးဆုကြေး ယွမ် ၅၀၀၊ တာလတ်အတွက် ပထမဆု ယွမ် ၃၀၀၀ နှင့် ဆု ၈ ဆုဖြစ်ကာ အနိမ့်ဆုံး ဆုကြေး ယွမ် ၄၀၀ သတ်မှတ်ထားသည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်မည့်သူများအတွက် နေထိုင်စရိတ်နှင့် စားသောက်စရိတ်များကိုပါ ပြိုင်ပွဲကျင်း ပရေးအဖွဲ့က ထောက်ပံ့မည်ဖြစ်ကာ ပြည်ထောင်စုအဆင့် အားကစားသမာ ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ကျန် ပြည်နယ်နှင့် တိုင်းများမှ စိတ်ပါဝင်စားသူ ၁၀ ဦးကျော် စာရင်းပေးထားကြောင်း မူဆယ်ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးပပက ဆိုသည်။
၂၀၁၇ ခုနှစ်က ပြုလုပ်သည့် ပြိုင်ပွဲတွင်မူ မြန်မာနိုင်ငံမှ အားကစားသမား ၈၀၀ ကျော် ဝင်ပြိုင်ကာ ၃၃ ဦး ဆုရရှိခဲ့ဖူးပြီး တတိယနိုင်ငံသားများ ပါဝင်မှုမှာ ယခင်က ၁၉ နိုင်ငံရှိရာမှ ၂၂ နိုင်ငံအထိ တိုးမြှင့် စာရင်းပေးထားကြသည်ဟုလည်း သိရသည်။