ရုရှားရဟတ်ယာဉ်များ အာရှဈေးကွက်ကို စတင်ထိုးဖောက်ဝင်ရောက်လာရာ နိုင်ငံပိုင် Rostec ကုမ္ပဏီ၏ ရုရှားရဟတ် ယာဉ် ထုတ်လုပ်ရေးမှနေ၍ ရဟတ်ယာဉ် ဒီဇိုင်းသစ်တခုကို ထိုင်းစစ်ဘက်နှင့် လေကြောင်းအရာရှိများအား အူတာပေါင် စစ်ဘက်လေယာဉ်ကွင်း ပြသခဲ့ကြောင်း Bangkok Post ကဆိုသည်။
ယခုပြသသည့် ရဟတ်ယာဉ်မှာ Kazan Ansat အမျိုးအစား အပေါ့စား ဘက်စုံသုံး ရဟတ်ယာဉ်ဖြစ် ပြီး၊ သယ်ယူပို့ဆောင် ရေးနှင့် အရေးပေါ် ဆေးကုသရေး ဝန်ဆောင်မှုများ အပြင် ပေါ့ပါးစွာ ပျံတက် နိုင်သဖြင့် လေတပ် ဆိုင်ရာအတွက်လည်း အမောင်းသင် လေ့ကျင်ရေး ရဟတ်ယာဉ်အဖြစ် ပြောင်းလွဲ သုံးစွဲနိုင်သည်။
၎င်းကုမ္ပဏီသည် သယ်ယူပို့ဆောင်ရေးနှင့် အရေးပေါ်ဆေးဝါးကုသမှု အပြင် နိုင်ငံအကြီးအကဲများ သို့မဟုတ် ချမ်းသာသည့် စီးပွားရေးသမားများအတွက်လည်း ဇိမ်ခံစီးနင်းနိုင်သည့်အလတ်စား Mi- 171A2 အမျိုးအစား ရဟတ်ယာဉ်ကို ပြသခဲ့သည်။
ရုရှား ရဟတ်ယာဉ်ကုမ္ပဏီသည် အရှေ့တောင်အာရှဒေသသို့ ဆိုဗီယက်ခေတ်ကတည်းက မျက်မှောက် ကာလအထိ ယခု တကြိမ်လာရောက်ပြသမှုမှာ ပထမဆုံးဖြစ်ပြီး၊ အဆိုပါ လေကြောင်း ပြပွဲတွင် ဝါရင့် ရဟတ်ယာဉ်မှူးကြီးများက လာရောက် ကြည့်ရှု့သူများ အပေါ်မှနေ၍ ပျံသန်း မိတ်ဆက်ကာ ပရိတ်သတ်များကလည်း ရဟတ်ယာဉ်မှူး၏ အခန်းသို့ သွားရောက် ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။
ရဟတ်ယာဉ်စမ်းသပ်ပျံသန်းပြသူ ယာဉ်မှူး Vener Mukhametgareev က “Ansat ရဟတ်ယာဉ်ဟာ ယာဉ်မှူးတွေ အတွက်တော့ ကောင်ကောင်း ထိန်းသိမ်းရတာ လွယ်ပြီး တည်ငြိမ်မှု ရှိပါတယ်၊ လေကြောင်းလူနာတင်ယာဉ်သဘောမျိုးနဲ့ အချိန်တိုတွင်းမှာ စက်နှိုးပြီး ပျံတက်နိုင်အောင် အထူး တီထွင်ထုတ်လုပ်ထားပါတယ်”ဟု ရှင်းပြသည်။
ရုရှား ရဟတ်ယာဉ်လုပ်ငန်း၏ မဟာဗျူဟာမှာ အရှေ့တောင်အာရှနှင့်တရုတ်တို့ရှိ အရပ်ဘက်လေ ကြောင်း ဈေးကွက်ထဲသို့ ထိုးဖောက်နိုင်ရန် ယခုကဲ့သို့ လေကြောင်းပြသပွဲများ ပြုလုပ်နေခြင်းဖြစ် သည်။
အဆိုပါကုမ္ပဏီသည် ဒေသတွင်း၌ စစ်ဘက် သဘောတူလုပ်ကိုင်မှုများ ရှိနှင့်ပြီးဖြစ်သော်လည်း အရပ် ဘက်အတွက်လည်း အရေးပေါ် ဆေးကုသရေး၊ ရဲတပ်ဖွဲ့ကိစ္စနှင့် အထူးအရေးကြီး ပုဂ္ဂိုလ်များ သယ်ယူပို့ဆောင်ရေးအတွက် ဈေးကွက်ချဲ့ရန် ရည်ရွယ်ထားသည်။
ရဟတ်ယာဉ်ထုတ်လုပ်သည့် ရုရှားကုမ္ပဏီ အနေဖြင့် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၊ အစိုးရ ဌာနများဖြင့် စီးပွားရေး ဆက်ဆံမှု တိုးချဲ့ရေးကိစ္စများကို ကြိုးပမ်းနေကြောင်း ရုရှားရဟတ်ယာဉ် ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးချုပ် အန်ဒရေးဘိုဂင်စကီက ပြောသည်။
“ဒီနိုင်ငံအတွက် Ka-32A11BC အမျိုးအစားရဟတ်ယာဉ်တွေကိုလည်း ဒီနှစ်အကုန်မှာ ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ ကျွမ်း ကျင်ရဟတ်ယာဉ်မှူးတွေကနေ အန်ဆက်နဲ့ Mi-8/17 တွေရဲ့ စွမ်းဆောင်ရည် တွေကို ပြသမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ရဟတ်ယာဉ်တွေကို ဒီနေရာမှာ လာပြခွင့်ရတာ ပြီးပြည့်စုံတယ်လို့ ယုံကြည်မိပါတယ်”
တရုတ်နိုင်ငံတွင် ယင်းလေကြောင်းပြသပွဲကို ပြသရာ၌ Ansat ရဟတ်ယာဉ် ၂၀ ရောင်းထွက်ခဲ့ပြီး ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတိုကလည်း စိတ်ဝင်စားကြောင်း သိရသည်။
“ဒီလို ရဟတ်ယာဉ်ပြပွဲပြုလုပ်ခြင်းဖြင့် လုပ်ငန်းသစ်ရရှိစေရုံမကဘဲ ပြည်တွင်းလေကြောင်းလုပ်ငန်း တွေအတွက်လည်း ရုရှားလုပ်ရဟတ်ယာဉ်တွေဟာ အကောင်းဆုံးဖြစ်နေတုန်းပဲဆိုတာ နှိုးဆော်ပေး ရာရောက်ပါတယ်” ဟု အရပ်ဘက် ရဟတ်ယာဉ်အရောင်းဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒီမီထရီ ဒန်နီလော့ဗ်က ပြောကြားသည်။
ရုရှားရဟတ်ယာဉ်များကို ထိုင်းနိုင်ငံတွင် Datagate ကုမ္ပဏီ၏ မိတ်ဖက်အနေဖြင့် ပြသခဲ့ခြင်းဖြစ်ပြီး ၎င်းကုမ္ပဏီအနေဖြင့် ယင်းရဟတ်ယာဉ်များ ပြုပြင်ထိန်းသိမ်းရေး၊ အပိုပစ္စည်းလဲလှယ်ရေးအတွက် ဆောင်ရွက်ပေးနေသည်။
ယင်း ရုရှား ရဟတ်ယာဉ်ကုမ္ပဏီသည် မလေးရှားနိုင်ငံတွင်လည်း ဒီဇင်ဘာ ၃ရက်နေ့က မိတ်ဆက် အနေဖြင့် Kazan Ansatနှင့် Mi- 171A2 တို့ကို ပြသခဲ့ပြီး၊ မလေးရှားအနေဖြင့် ရုရှားလုပ် စစ်ဘက် ဆိုင်ရာ မော်တော်ယာဉ်များနှင့် စက်ကရိယာများကို ယခင်ကတည်းက ဝယ်ယူခဲ့သည့် ဖောက်သည် ဖြစ်ကြောင်း ဆိုသည်။