မြန်မာ သာသနာရေးဝန်ကြီး၏ ဘင်္ဂါလီ မွတ်စလင်များနှင့် ပတ်သက်၍ ပြောကြားချက်သည် တာဝန်မဲ့ သဘောထား မှတ်ချက်ဖြစ်ကြောင်းနှင့် ၎င်းအား ကန့်ကွက်ပါကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ၎င်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်အသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိများကို ကိုးကားပြီး ရိုက်တာသတင်းက ရေးသည်။
မြန်မာနိုင်ငံမှ ထွက်ပြေး၍ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသော ဘင်္ဂါလီမွတ်စလင်များသည် ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ တိုင်းပြည်မှ ထွက်ပြေးရန် “ဦးနှောက်ဆေး” ခံရသူများဖြစ်ကြောင်း NewsWatch သတင်းဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားသော ဗီဒီယိုဖိုင်တခုတွင် သာသနာရေးဝန်ကြီး ဦးအောင်ကိုက ပြောကြားထားသည်။
“သူတို့ဝန်ကြီးဆီက သွေးကြွစေတဲ့ သဘောထားမှတ်ချက်ကို ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒါဟာ မွတ်စလင်တွေရဲ့ ရပ်တည်ချက်ကိုလည်း ထိပါးရာ ရောက်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးက ရိုက်တာသို့ ကြာသပတေးနေ့က ပြောသည်။
ဦးအောင်ကို ပြောကြားချက်တွင် ပါဝင်သည့် “မြန်မာနိုင်ငံကို ချီတက်ကြမယ်” ဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍လည်း ရှုတ်ချလိုက်ပြီး “ကျနော်တို့မှာ စစ်သွေးကြွ လက်ခံမှုမျိုး လုံးဝမရှိပါဘူး။ ကျနော်တို့ ဘယ်တော့မှ အစွန်းရောက်မှုကို အားမပေးခဲ့ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
“အကယ်၍ နိုင်ငံသားအဖြစ်နဲ့ သူတို့ပိုင်ဆိုင်မှု ပြန်ပေးမယ်ဆိုရင် သူတို့ဟာ မြန်မာနိုင်ငံဘက် ပြန်ကြမှာပါ။ အဲဒီလို လုပ်မယ့်အစား သွေးကြွစေတဲ့စကားမျိုးပဲ ပြောနေတယ်။ ဒါဟာ ဝမ်းနည်းစရာပါ” ဟု အဆိုပါ ဘင်္ဂလားဒေ့ရှ်အရာရှိက ပြောသည်။
ပြီးခဲ့သည့်သြဂုတ်လက စစ်တပ်က နှိမ်နင်းလိုက်သဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂါလီ ၇၃၀,၀၀၀ ကျော် ထွက်ပြေးလာခဲ့ပြီး ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်ကြောင်း ကုလသမဂ္ဂ အေဂျင်စီများက ပြောသည်။
မြန်မာစစ်သားများသည် လူမျိုးတုံးစေရန် ရည်ရွယ်ချက်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ရာနှင့်ချီသော ကျေးရွာများကို မီးရှို့ခြင်းများ လုပ်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက စွပ်စွဲထားပြီး ဖြစ်သည်။ ယင်းစွပ်စွဲချက် အများစုကို မြန်မာဘက်က ငြင်းဆန်ထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဆင့်ခေါ်၍ ပြောကြားခဲ့ပြီး ဦးလွင်ဦး၏ တုန့်ပြန်ချက်နှင့် ပတ်သက်၍ “သူကတော့ သူတို့ သာသနာရေး ဝန်ကြီးရဲ့ တဦးချင်း ပုဂ္ဂလအမြင်လို့ပဲ တုန့်ပြန်ပြီးတော့ ဒီသဘောထား မှတ်ချက်ကို မှေးမှိန်စေဖို့ ကြိုးစားခဲ့ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက အစည်းအဝေးတခုတွင် ထုတ်ဖော်ပြောကြားသည်။
“ဒါပေမယ့် ဝန်ကြီးကို အရေးယူဖို့ ကျနော်တို့ တောင်းဆို တိုက်တွန်းပါတယ်” ဟု သူက ဆက်ပြောသည်။
သာသနာရေးဝန်ကြီး၏ သဘောထားမှတ်ချက်သည် ဘင်္ဂါလီများ မြန်မာနိုင်ငံ ပြန်လာစေရေး ဆောင်ရွက် ညှိနှိုင်းနေသည့် နှစ်နိုင်ငံစလုံးဘက်သို့ ပျံ့နှံ့သွားခဲ့သည်။ ဘင်္ဂါလီများ ပြန်လာရေး နှောင့်နှေးမှုအပေါ် နှစ်ဘက်စလုံးက တဖက်နှင့်တဖက် မကြာခဏ အပြန်အလှန် အပြစ်တင်နေခဲ့ ကြသည်။
၎င်းတို့ကို နိုင်ငံသားအခွင့်အရေး ပေးရန် တောင်းဆိုချက်များ ရှိနေပြီး မြန်မာဘက်က မပေးပါက ၎င်းတို့ ပြန်မည်မဟုတ်ကြောင်း ဘင်္ဂါလီများက ဆိုပြီး မည်သည့် ဒုက္ခသည်မှ ပြန်လာရန် သဘောတူညီမှု မရသည့် အတွက် ယခင်လက နောက်ဆုံးအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
ကိုးကား။ ။ Reuters