ယမန်နေ့ ဒီဇင်ဘာလ ၅ ရက် နေပြည်တော်၌ ကျင်းပခဲ့သည့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံတွင် ပြောကြားသော ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်၏ မိန့်ခွန်းကြောင့် သတင်းမီဒီယာ အသိုင်းအဝိုင်းက စိတ်ပျက်ခဲ့ကြရသည်။
ဝန်ကြီး၏ မိန့်ခွန်းတွင် အနှစ်ချုပ်အားဖြင့် သတင်းသမားများ၏ အယ်ဒီတာ လွတ်လပ်ခွင့်နှင့် သတင်း ရေးသားရာတွင် မည်မျှ လွတ်လပ်စွာ ရေးသားနိုင်သည်ကို မေးခွန်းထုတ်ခဲ့ပြီး နိုင်ငံချစ်စိတ်နှင့် အမျိုးသားရေး စိတ်ရှိရန် တိုက်တွန်း သွားခဲ့သည်။
ပြည်သူ့ခေတ် ဂျာနယ်တွင် အယ်ဒီတာချုပ် လုပ်ခဲ့ဖူးသူ ဒေါက်တာ ဖေမြင့်၏ အဖွင့် မိန့်ခွန်း၌ “စာနယ်ဇင်းသမားများ အနေနဲ့ မိမိတို့ကို ငွေကြေးအရ လွှမ်းမိုးနေသူတွေရဲ့ သြဇာအောက်က လွတ်မြောက်ဖို့ကိုလည်း ကြိုးစားသင့်တယ်။ ဒီအတွက်လည်း အားထုတ်ဖို့ လိုလိမ့်မယ်။ စဉ်းစား သုံးသပ်ဖို့ လိုလိမ့်မယ်” ဟု ထည့်သွင်း ပြောဆိုသည်။
မီဒီယာများ ဖွံ့ဖြိုး တိုးတက်ရေး၊ မီဒီယာ လွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့် စဉ်းစားသည့် အခါတွင် အယ်ဒီတာ များ၊ သတင်းသမားများ၊ ကိုယ်တိုင် ရေးသားကြသူများသည် မည်မျှ အမှီခိုကင်းခြင်း (Independence) ဖြစ်သနည်း၊ အယ်ဒီတာများသည် စာနယ်ဇင်း ထုတ်လုပ်သူ၏ သြဇာကို မည်မျှ လွန်ဆန်နိုင်သနည်းဟု ဝန်ကြီးက မေးခွန်း ထုတ် ခဲ့သည်။
ပုဂ္ဂလိကပိုင် မီဒီယာများနှင့် တိုင်းရင်းသား နယ်မြေများရှိ မီဒီယာအများစုသည် ကြော်ငြာမှ ရရှိသော ဝင်ငွေအားဖြင့်သော်၎င်း၊ မီဒီယာ ဖွံ့ဖြိုးရေး အလှူရှင်များ၏ အထောက်အပံ့များဖြင့်သော်၎င်း အသက်ရှင်ရပ်တည်နေကြရသည်မှာလည်း အမှန်ဖြစ်သည်။ တချိန်တည်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနပိုင် မီဒီယာများနှင့် တပ်မတော်ပိုင် မီဒီယာများကလည်း နိုင်ငံတော်ဘဏ္ဍာနှင့် ကြော်ငြာဝင်ငွေများကို သုံးစွဲနေသည်။
ပုဂ္ဂလိကပိုင် သတင်း မီဒီယာများနှင့် တိုင်းရင်းသား နယ်မြေများရှိ မီဒီယာများသည် ၂၀၁၃ ခုနှစ်မှ စ၍ ၅ နှစ်အတွင်း သတင်း အရည်အသွေးများသည် အားရစရာ ကောင်းလာကြောင်း၊ သို့သော် ဥပဒေများ အပါအဝင် ပံ့ပိုးမှုများ လိုအပ်နေသေးသော်လည်း အချိန်တို အတွင်း စည်းကမ်းတကျ လုပ်လာနိုင်ကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)၏ ဒါရိုက်တာ ဦးတိုးဇော်လတ်က ပြောသည်။
“လောလောဆယ်တော့ မီဒီယာသမား ဆိုရင် ဘယ်တော့ ပြုတ်မလဲ၊ ဘယ်တော့ ထမင်းငတ်မလဲ စဉ်းစားနေရတဲ့ ဘဝရောက်နေတာ။ ရှင်သန်ပါ့မလား။ တိုက်တိုင်းက အဲဒီလို ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
ပြန်ကြားရေး ဝန်ကြီး၏ သြဇာ လွှမ်းမိုးခံရမှု ပြောဆိုချက်နှင့် ပတ်သက်၍လည်း ၎င်းက “ကျနော်တို့ကို နိုင်ငံခြားကပဲ ထောက်ပံ့တာ ၂၆ နှစ် ရှိပြီ။ ဟိုဟာရေးပါ ဒီဟာမရေးပါနဲ့ တခါမှ ပြောတာ မရှိဘူး။ Editorial ကိုလည်း ဘာမှ မပြော ဘူး။ ပြောလည်း ကျနော်တို့က မယူဘူး။ DVB သည် နော်ဝေက ထောက်ပံ့တယ် ဆိုတာ လူတိုင်း သိတယ်။ ၂၆ နှစ် ရှိပြီ။ နော်ဝေက ဟိုဟာတော့ ရေးပါ။ ဒီဟာတော့ မရေးပါနဲ့လို့ ပြောတာ တခါမှ မကြားဖူးဘူး” ဟု ဆိုသည်။
မီဒီယာရေးရာ ကျွမ်းကျင်သူ ဦးစိန်ဝင်းကလည်း ဒေါက်တာ ဖေမြင့်သည် စာပေနယ်က လာသူဖြစ်၍ စာပေ ရေးရာများကို ကျွမ်းကျင်မှု ရှိသော်လည်း သတင်းစာပညာ၏ သဘောကို အပြည့်အဝ နားလည်မည် မထင်ကြောင်း၊ ထို့ပြင် သူဦးဆောင်နေသည့် နိုင်ငံပိုင် မီဒီယာကိုလည်း ပြည်သူ့ ဝန်ဆောင်မှု မီဒီယာမျိုး ဖြစ်အောင် ပြုပြင်ပြောင်းလဲမှု မစွမ်းဆောင်နိုင်ကြောင်း ဦးစိန်ဝင်းက သုံးသပ်သည်။
မွန်ပြည်နယ် အခြေစိုက် ဟသာၤ မီဒီယာ တာဝန်ခံ အယ်ဒီတာ ဦးဉာဏ်လှိုင်လင်းက သတင်းမီဒီယာ၏ လိုအပ်ချက်များ ကို ဖြည့်ပေး၊ ကူညီပေးနိုင်ရန် မစဉ်းစားဘဲ ချေမှုန်းရေး လုပ်ရန်သာ ဆောင်ရွက်နေသည်ဟု ခံစားရကြောင်း ပြော သည်။
ဦးဉာဏ်လှိုင်လင်းက “ဦးဖေမြင့်က ကျနော့် ဆရာအရင်းပဲ။ သတင်းထောက်ဘဝ အစမှာ သူနဲ့ လက်တွဲ လုပ်ခဲ့ရတာ။ ကျနော် သိခဲ့တဲ့ စာရေးဆရာ အယ်ဒီတာချုပ် ဦးဖေမြင့်နဲ့ အခု ဝန်ကြီး ဦးဖေမြင့်နဲ့က တခြားစီ ဖြစ်သွားတာပေါ့။ ပြီးတော့ အခုထိ အစိုးရနဲ့ လွှတ်တော်က လူတွေ ဒီပညာနဲ့ ရပ်တည်နိုင်ဖို့ ပံ့ပိုးပေးမယ် ဆိုတဲ့ စကားတခွန်း ပြောတာ မရှိသေးဘူး။ အဲဒါအတွက်တော့ တော်တော် ဝမ်းနည်းမိတယ်” ဟု ဆိုသည်။
နေပြည်တော်တွင် ကျင်းပခဲ့သည့် ၇ ကြိမ်မြောက် မီဒီယာ ညီလာခံတွင် ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့် ပြောကြားခဲ့ သော မိန့်ခွန်းကို ကန့်ကွက်ကြောင်း အဖွဲ့ပေါင်း ၁၆ ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဝန်ကြီး၏ ပြောဆိုချက်များ သည် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံ၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသည်ဟု ယင်းအဖွဲ့တို့က ပြောဆိုသည်။
မီဒီယာ ညီလာခံသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် တက် ရောက်ခဲ့ကြပြီး သတင်း မီဒီယာ လွတ်လပ်ခွင့်၊ ဥပဒေများ ပေါ်ပေါက်ရေးနှင့် သတင်းသမားများ လုံခြုံရေး အခြေအနေများကို ဆွေးနွေး ခဲ့ကြသည်။
ပြန်ကြားရေး ဝန်ကြီးကမူ သတင်းသမားများသည် Editorial လွတ်လပ်ခွင့် မရပါက မီဒီယာ မလုပ်သင့်ကြောင်း အဖွင့် မိန့်ခွန်းတွင် ပြောဆိုခဲ့ချက်သည် အစိုးရ၏ သဘောထား မဟုတ်ဘဲ ၎င်း၏ ကိုယ်ပိုင်အမြင် ဖြစ်ကြောင်း ပွဲအပြီး ပြန်အထွက်၌ ဧရာဝတီကို ဖြေကြားသွားသည်။