သတင်း

ABSDF ဒုဥက္ကဌ အပါအဝင် ၃ ဦးကို တပ်မတော်က ၃ ရက်ကြာ ခေါ်ယူ စစ်ဆေးဟု ဆို

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး (ABSDF)မြောက်ပိုင်း ဒု ဥက္ကဌ အပါအဝင် ၃ ဦးကို မိုးညှင်း အခြေစိုက် ခြေလျင် တပ်ရင်း (ခလရ) ၁၅ က ၃ ရက်ကြာ ခေါ်ယူ စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီး ခံထားရသူများမှာ ABSDF မြောက်ပိုင်း ဒုဥက္ကဌ ဦးအောင်ဆွေဦး၊ ရဲဘော် မောင်ဦးနှင့် အရပ်သား ကိုသန်းထိုက်အောင် တို့ဖြစ်ပြီး မြောက်ပိုင်း ABSDF တွင် တာဝန် ထမ်းဆောင်နေသည့် ရဲဘော် တဦး မိုးညှင်းတွင် ကွယ်လွန်သဖြင့် ပြန်တမ်းစာ လာဖတ်ရာတွင် နိုဝင်ဘာလ ၃၀ ရက်က မိုးညှင်းမြို့ ရွာသစ် ကုန်း ကျေးရွာရှိ အိမ်တအိမ် တွင် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

မိုးညှင်းမြို့ အခြေစိုက် ငြိမ်းချမ်းရေး အထောက်အကူပြု အဖွဲ့က ဦးစိန်အေးက“ဒီဇင်ဘာလ ၂ ရက် ညနေမှာ ခေါ်သွား တာ။ မနေ့က ၂ ယောက် အရင်ရောက်တယ်။ ဒီနေ့ မနက်လား မနေ့ညကလားတော့ မသိဘူး။ ကိုအောင်ဆွေဦးက နောက်မှ ရောက်တယ်။ ၂ ယောက်ကို အရင် ပြန်ပို့တာပါ။ သူတို့ကို ခေါ်စစ်တာ ၃ ရက် ကြာပါတယ်”ဟု ပြောပြသည်။

ဦးစိန်အေးသည် ဖမ်းဆီး စစ်ဆေးခံရသူများကို ရဲစခန်း အချုပ်တွင် သွားရောက် တွေ့ဆုံပြီး လိုအပ်သည့် အစား အသောက်များ၊ စောင်များကို ကူညီ ပေးပို့ပေးသူများထဲမှ တဦးဖြစ်သည်။

လက်ရှိတွင် ABSDF မြောက်ပိုင်း ဒုဥက္ကဌ ဦးအောင်ဆွေဦး၊ ရဲဘော် မောင်ဦးနှင့် အရပ်သား ကိုသန်းထိုက် အောင် တို့ ၃ ဦးလုံးကို မိုးညှင်းမြို့မ ရဲစခန်း အချုပ်တွင် ဆက်လက် ဖမ်းဆီးထားပြီး ဧည့်တွေ့ချိန်လည်း မပေးသေးကြောင်း ဦးစိန်အေး က ပြောသည်။

“အခုထိ သူတို့နဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ မသိရသေးဘူး။ ABSDF ဗဟိုက ဦးလှဌေး ကတော့ ဒီကို ဒီနေ့ ရောက်တယ်။ စောင်တွေ ဘာတွေတော့ ချမ်းတယ်ဆိုလို့ ပို့ခွင့်တော့ ရတယ်။ တွေ့ဖို့ကိုတော့ စနေနေ့ မှ တွေ့လို့ ရမယ်လို့ ပြောတယ်။ ကျနော်တို့ ဒီကြားထဲမှာ တွေ့လို့ရရင်လည်း သွားတွေ့မှာပါ”ဟု ၎င်းက ပြော ဆို သည်။

ABSDF မြောက်ပိုင်း ဒုဥက္ကဌ ဦးအောင်ဆွေဦး၊ ရဲဘော်မောင်ဦး တို့သည် ခရီးသွားလာ ခွင့်ပြုမိန့် စာရွက်များ ဖြင့် မိုးညှင်းမြို့ရှိ နာရေးသို့ လာရောက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော် မိုးညှင်းမြို့အခြေစိုက် ခလရ ၁၅ မှ ဗိုလ်ကြီး သီဟစိုးက ၎င်းတို့ ၃ ဦးသည် မြောက်ပိုင်းတိုင်း စစ် ဌာန ချုပ် နယ်မြေ၊ KIA သောင်းကျန်းသူ လှုပ်ရှားမှု နယ်မြေအတွင်း ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်နေထိုင် သဖြင့် မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ဆောင်ရွက်ပေးရန် တပ်နယ်မှူးရုံးက ညွှန် ကြား ထားကြောင်း၊ ထို့ကြောင့် မိုးညှင်းမြို့မ ရဲစခန်း စခန်းမှူးက အရေးယူပေးရန် တိုင်တန်းစာ ပို့သဖြင့် ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ABSDF သည် အစိုးရ၊ တပ်မတော်တို့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA)ကို လက်မှတ် ရေးထိုးထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အစည်း အဝေးများတွင် ပါဝင်ကာ နိုင်ငံရေး ဆွေးနွေးနေဆဲ အဖွ့ဲ တဖွဲ့ ဖြစ်သည်။

NCA မထိုးခင် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အကြမ်း ဖက်သူများ အဖြစ်မှ ABSDF ကို ပယ်ဖျက်ပြီး မတရားအသင်း အဖွဲ့ စာရင်းမှလည်း ပြည်ထဲရေး ဝန်ကြီးဌာန က ပယ်ဖျက်ထားပြီး ဖြစ်ကြောင်း သိရသည်။

ABSDF မြောက်ပိုင်း တပ်ရင်း၊ တပ်ဖွဲ့များသည် အစိုးရနှင့် အပစ်အခတ် မရပ်စဲရသေးသည့် ကချင်ပြည်နယ် ရှိကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ထိန်းချုပ် နယ်မြေ ဖြစ်သည့် လိုင်ဇာမြို့တွင် အခြေစိုက် လှုပ် ရှားသည်။

ABSDF သည် NCA မထိုးခင် ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ရက်က အစိုးရနှင့် ပြည်နယ်အဆင့် ပဏာမ သဘော တူ စာချုပ် ချုပ်ဆိုရာတွင် အပစ်အခတ် ရပ်စဲထားသည့် ကာလတွင် ABSDF တပ်ဖွဲ့၊ တပ်စခန်းများ ရှိသည့် နေရာများမှလွဲ ၍ အခြားဒေသများသို့ ABSDF ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ လက်နက်မပါ ဘဲ ဥပဒေနှင့်အညီ သွားလာနိုင်သည် ဟု ပါရှိသည်။

မိုးညှင်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက“ကျနော် ထင်တာတော့ သူတို့က NCA လည်း လက်မှတ် ထိုးထားပြီးသား။ သူတို့ကိုလည်း မတရားအသင်း လက်နက်ကိုင် မဟုတ်တော့ဘူး လို့လည်း ထုတ်ပြန်ထား တာ တွေ့ရတယ်လေ။ သူတို့ ဗဟိုအချင်းချင်း ပြောရင်တော့ အဆင်ပြေသွားမယ် ထင် တာ ပဲ”ဟု ပြောသည်။

ABSDF ၏ ဒုဥက္ကဌ ဦးမျိုးဝင်းက မိုးညှင်းတွင် ဖမ်းဆီးခံထားရသူများ လွတ်မြောက်နိုင်ရေး အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ (JMC-U) တွင် ပြောဆို ညှိနှိုင်းသွားမည်ဟု ဧရာဝတီကို ပြောဆို သွားသည်။

ဧရာဝတီက JMC- U မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကို မေးမြန်းရာ ၎င်းက“ကျနော်တို့ JMC မှာ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာမှပြောတာ ဆိုတာကို မရှိသေးပါဘူး။ ဖြစ်စဉ် အကြောင်းအရာ က JMC ကို တင်ပြတာ သတင်းပို့တာလည်း မရှိလို့ ဖြစ်စဉ် အကြောင်းအရာကို အသေးစိတ် မသိတဲ့ အတွက် မသိကြောင်းဘဲ ဖြေပါ့မယ်”ဟု ပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကလည်း ABSDF မြောက်ပိုင်း၏ ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေးကို ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်းရှိ စိန်လုံ ဂိတ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ပြီး ၈ လကျော် အချုပ်ထဲတွင် တရား ရင်ဆိုင်ခဲ့ရမှု ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်ကျမှ ရဲဘော် မင်းဌေးသည် မတရား အသင်းနှင့် ဆက်သွယ်မှု မမြောက် ဟု မိုးမောက်မြို့နယ် တရားရုံးက ဆုံးဖြတ်ချက် ချသဖြင့် ပြန်လွတ်လာခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading