တရုတ် Huawei ကုမ္ပဏီ၏ ဘဏ္ဍာရေး အရာရှိချုပ်ကို ကနေဒါက ဖမ်းဆီးလိုက်ပြီး အမေရိကန်သို့ တရားခံလွှဲပြောင်းပေး ဖွယ်ရှိကြောင်း သိရသည်။
အဆိုပါ ဘဏ္ဍာရေး အရာရှိချုပ် မုန်းဝမ်ကျူဝူကို ကနေဒါ အနောက်ပိုင်း (ဗြိတိသျှ ကိုလံဘီယာ နယ် မြေ) ဗန်ကူဗာမြို့တွင် ဖမ်းဆီးထားကြောင်း ကနေဒါတရားရေးဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူ Ian McLeod က ပြောဆိုလိုက်ပြီး၊ တရုတ်အစိုးရမူ ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံတမန်ဟောင်း တဦးကမူ ယင်းအမှုနှင့်ပတ်သက်၍ အမေရိကန်နှင့် ကနေဒါ အစိုးရများအပေါ် တရုတ်က တုံ့ပြန်လက်စား ချေ နိုင်ကြောင်း သတိပေးလိုက်သည်။
ယခုဖမ်းဆီးမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အာဂျင်တီးနား နိုင်ငံတွင် ကျင်းပသည့် G-20 အစည်းအဝေး၌ တွေ့ဆုံဆွေးနွေးသည့် နေ့တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
တရုတ် Huawei ကုမ္ပဏီ၏ ဘဏ္ဍာရေး အရာရှိချုပ် မုန်းဝမ်ကျူဝူမှာ Huawei ကုမ္ပဏီတည်ထောင်သူ ရင်ကျင့်ဖေ၏ သမီး ဖြစ်ပြီး၊ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့၏ ဒု ဥက္ကဋ္ဌ အဖြစ် တရုတ်လူ့အဖွဲ့အစည်းတွင် အထူးထင်ရှားသည်။
ကနေဒါတရားရေးဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူ Ian McLeodက အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ၊ သောကြာနေ့တွင် အာမခံကိစ္စ စစ်ဆေးကြားနာမည်ဖြစ်ကြောင်း ဆိုသည်။
တရုတ် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Huawei အနေဖြင့် အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့ ဒဏ်ခတ်မှုကို ချိုး ဖောက်ခြင်း ရှိမရှိ အမေရိကန်အာဏာပိုင်းများက စုံစမ်းနေကြောင်း ဝေါစထရိ ဂျာနယ်က ယခုနှစ်အစောပိုင်းက သတင်းဖော်ပြခဲ့သည်။
Huawei ကုမ္ပဏီကမူ ဘဏ္ဍာရေး အရာရှိချုပ် မုန်းဝမ်ကျူဝူ ကို အမေရိကန်အစိုးရ ကိုယ်စား ကနေဒါ အစိုးရက ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ နယူးယောက်ခ်တွင် အတိအကျမသိရသေးသည့် စွဲချက်များ ရင်ဆိုင်ရနိုင်ကြောင်း၊ ဖမ်းဆီးထားစဉ် ကနေဒါနိုင်ငံတွင် လေကြောင်းဖြင့် အရွှေ့အပြောင်းလုပ်ခဲ့ ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
“မိမိတို့ကုမ္ပဏီအနေဖြင့် ပြစ်မှုစွဲချက် သတင်းအစအနသာ ထုတ်ပြန်နိုင်ပြီး၊ မစ္စ မုန်းဝမ်ကျူဝူမှာ မည်သည့်ကျူးလွန်မှုပြု ထားသည်ကို သိရှိရခြင်းမရှိသေးကြောင်း” ယင်းကြေညာချက်က ဆိုသည်။
Huawei အနေဖြင့် ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့၏ ပိတ်ဆို့မှုများနှင့် ပို့ကုန်ထိန်း ချုပ်မှုများ အပါအဝင် အခင်းဖြစ်ပွားရာ နေရာရှိ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ အားလုံးကို စုစည်းထားပြီး ဖြစ်ကြောင်း ပြောသည်။
ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း မစ္စ မုန်းဝမ်ကျူဝူမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်ပြီး၊ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
“အခုလို ဖမ်းဆီးခံရတဲ့လူ အပေါ် ပြင်းပြင်းထန်ထန် လူ့အခွင့်အရေးချိုးဖောက်တဲ့ အရေးယူမှုမျိုးကို တရုတ်နိုင်ငံအနေနဲ့ အခိုင်အမာကန့်ကွက်ပါတယ်။ အတိအလင်း ဆန့်ကျင်ပါတယ်” ဟု သံရုံးကြေညာ ချက်တွင် ဖော်ပြထားသည်။
အမေရိကန်တရားရေးဌာနပြောခွင့်ရသူတဦးက သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်သည်။
အီရန်နှင့် နည်းပညာ အရှုပ်အရှင်းဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ Huawei အနေဖြင့် ချိုးဖောက်ထားခြင်း ရှိမရှိ အမေရိကန်က စုံစမ်းနေခြင်းအပေါ် စီးပွားရေး လုပ်ငန်းသဘောအရ ယုံကြည်စိတ်ချမှု ဖောက်ဖျက်ခြင်းကို ရှောင်ရှားရန် တရုတ်အစိုးရက အမေရိကန်ကို ပြီးခဲ့သည့် ဧပြီလကတည်းက မေတ္တာရပ်ခံထားပြီးဖြစ်သည်။
အလားတူ အမေရိကန်သည် Huawei ၏ ပြိုင်ဘက် ZTE ကော်ပိုရေးရှင်းကိုလည်း အီရန်၊ မြောက်ကိုရီးယားတို့နှင့် ဆက်ဆံမှုများ ရှိနေ၍ ယင်းကုမ္ပဏီထံသို့ အမေရိကန်နည်းပညာ တင်သွင်းနေခြင်းကိုလည်း ပိတ်ပင်ထားသည်။