ထိုင်းရဲတပ်ဖွဲ့က ဆေးခြောက်ဆီများကို အကြီးအကျယ် ထုတ်လုပ်တင်ပို့နေသည်ဟု သံသယရှိသည့် ဗြိတိန်နှင့် ကနေဒါနိုင်ငံသားများ အပါအဝင် လူ ၄ဦးကို ဖမ်းဆီးလိုက်ပြီး၊ ဆေးခြောက်သည် တရားဝင်ခြင်း မရှိသေးဟု သတိပေးလိုက်ကြောင်း Khaosod သတင်းကဆိုသည်။
အဖမ်ခံရသူများမှာ ဗြိတိန်နိုင်ငံသား ဂျိုးဆက်တိုးလ်၊ ကနေဒါနိုင်ငံသား ဒေးဗစ် ကူးလစ်၊ ဆူရီယန် ဆုဝမ်ချိုင် ယော့၊ ဆူပကစ် ကွေမတို့ဖြစ်ပြီး၊ စမွတ်ပရာကန်ရှိ စက်ရုံတရုံကို ဝင်ရောက်စီးနင်းစဉ် ဆေးခြောက် အဆီ ၇၀ ကီလိုဂရမ်၊ အစေးပုံစံ ပြုလုပ်ထားသည့် ဆေးခြောက် ၆.၆ ကီလိုဂရမ်နှင့်အတူ ဆက်စပ်ပစ္စည်း များဖြင့် ဖမ်းဆီး ရမိပြီးနောက် ၎င်းတို့ကို ဖမ်းဆီးခြင်းဖြစ်သည်။
တိုးလ်နှင့် ကူလစ်တို့ကို ချွန်ဘူရီတွင် ဖမ်းမိပြီး ဆူရီရန်နှင့် ဆုပကစ်တို့ကို ဆခွန်နခွန်နှင့် ဘန်ကောက် တို့တွင် အသီးသီးဖမ်းမိသည်ဟု ရဲတပ်ဖွဲ့ပြောသည်။
၎င်းတို့ကို လက်ရှိမူးယစ်ဆေး ဥပဒေအရ တရားမဝင် ဆေးခြောက်ဆီ ထုတ်လုပ်မှု၊ ဘယ်လ်ဂျီယမ် အပါအဝင် နိုင်ငံအများအပြားသို့ တင်ပို့မှု ဖြင့် စွဲဆိုထားသည်။ ၎င်းတို့သည် ကုန်ကြမ်းများကို ထိုင်း နှင့် လာအိုနိုင်ငံများမှ ရရှိကြသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့သည် လွန်ခဲ့သော မတ်လက စတင်၍ ထိုအဖွဲ့နှင့် ပတ်သက်၍ သတင်းရရှိကာ ၎င်းတို့၏ မှောင်ခိုပစ္စည်း များကို လန်ချဘန် ဆိပ်ကမ်းမှ ထွက်သော သင်္ဘောတစင်းပေါ်မှ အုန်သီးခွံများ အတွင်း တွင် တွေ့ရကြောင်း ဒုတိယ ရဲမင်းကြီး ဗိုလ်ချုပ် ချာလန်ကီရတ် ဆရီဝိုရာခန် ကပြောသည်။
အချို့သော တင်ပို့မှုများကို ဘယ်လ်ဂျီယမ်နိုင်ငံ အန့်ဝပ်သို့ ပို့ခဲ့သည်ဟု ဆိုသည်။
ကနဦး စစ်ဆေးချက်များအရ ကနေဒါနိုင်ငံသား ကူလစ်သည် ရင်းနှီးမြှုပ်နံှသူများအနက်တဦးဖြစ်ပြီး ဆရာဝန် ဟောင်း တဦးဖြစ်သော ဗြိတိန်နိုင်ငံသား တိုးလ်က ထုတ်လုပ်မှု တာဝန်ခံဖြစ်သည်ဟု ချာလန်ကီရတ် ကပြောသည်။
ထိုအဖွဲ့ကို ဂျပန်ရင်းနှီးမြှုပ်နှံသူတဦးက ဦးဆောင်သည်ဟု ယူဆရကြောင်း၊ ထိုအဖွဲ့သည် ဘယ်လ်ဂျီ ယမ် သို့ ဆေးခြောက်ဆီ ငါးတန်ခန့် တင်ပို့ခဲ့ကြောင်း၊ အခြားနေရာများသို့လည်း ပို့ဆောင်နိုင်ကြောင်း ခန်းမှန်းရသည်။
စုံစမ်းစစ်ဆေးသူများသည် ထိုအဖွဲ့ တင်ပို့သည် အခြားနေရာနှင့် အခြားပါဝင်ပတ်သက်သူများကို သိရှိခြင်းမရှိ သေးပေ။