တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ Facebook အကောင့် အပါအဝင် တပ်မတော်နှင့် ပတ်သက်သည့် အကောင့်များ ပိတ်ပင်ခံခဲ့ရပြီး နောက်ပိုင်းတွင် ယင်းလူမှုကွန်ရက်ကို ဆက်လက်သုံးစွဲရန် တပ်မတော်တွင် အစီအစဉ် မရှိတော့ကြောင်း သိရသည်။
“ဆိုရှယ် မီဒီယာ ပလက်ဖောင်းမှာ Facebook ကတော့ ထပ်သုံးဖြစ်မယ် မထင်တော့ဘူး။ VK သုံးနေတာ ရှိတယ်။ ပြီးရင် ရိုးရိုး ဝက်ဘ်ဆိုဒ်မှာပဲ သတင်းတွေ တင်တယ်။ မြဝတီ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဘ်ဆိုဒ်တွေ ရှိတယ်။ အဲဒီမှာ တင်နေတာတော့ ရှိတယ်။ ဟိုဘက် ဆိုရှယ်မီဒီယာကို သုံးဖို့တော့ မဖြစ်နိုင်တော့ဘူး” ဟု တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီကို ပြောသည်။
ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော် Park Royal ဟိုတယ်တွင် ပြုလုပ်သည့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အပြီးတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး Facebook ၏ ကြေညာချက်ကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
VK ဆိုသည်မှာ ရုရှားနိုင်ငံတွင်း ရေပန်းစားသည့် VKontakte လူမှုကွန်ရက် ဖြစ်သည်။
Facebook က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားအပါအဝင် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ တို့သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ရာတွင်ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ဖော်ခဲ့၍ ပိတ်ပင်ရခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် သြဂုတ်လတွင် ကြေညာထားသည်။
ထို့ကြောင့် ထိုလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် Facebook ပေါ်မှ စာမျက်နှာ (Page) ၆ ခု နှင့် အကောင့် ၆ ခု အပြင် လူအစစ်အမှန်က သုံးစွဲနေသည်ဟု မယူဆရသည့် စာမျက်နှာ (Page) ၄၆ ခုနှင့် အကောင့် ၁၂ ခုကိုလည်း တပ်မတော်အတွက် ဝါဒဖြန့်မှုများ ဆောင်ရွက်နေသည်ဟု ယူဆသည့်အတွက် ဖယ်ရှားခဲ့သည်ဟုလည်း သိရသည်။
“သူတို့ဘက်ကကို အဲဒီလို ပြောထားတော့ ထပ်ပြီးတော့ သုံးမှာ မဟုတ်တော့ဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အစိုးရက ဖွဲ့စည်းထားသည့် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့(Social Media Monitoring Team – SMMT) သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူမှုကွန်ရက်အကောင့်နှင့် တပ်မတော် အကောင့်များကို ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက နိုဝင်ဘာလ ၂၀ ရက်က ပြောဆိုထားသည်။
အစိုးရက ဆိုရှယ်မီဒီယာကို စောင့်ကြည့်ထိန်းကျောင်းရန် ကျပ်သန်းပေါင်း ၆၀၀၀ ကျော် သုံးစွဲထားကြောင်း သိရသည်။
ဘလော့ဂါဟောင်းတဦးဖြစ်သူ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “တပ်မတော် အကောင့်တွေကို ဘာကြောင့် ပိတ်လဲဆိုတာ အချက်အလက်မျိုးကို ကျနော်တို့က မသိဘူး။ အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိဘဲ လုပ်တာဆိုရင် မကောင်းဘူး။ သတင်းတုတွေ၊ အကောင့်အတုတွေ လုပ်နေတာတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒီတုန်းက အရေးယူတာက သူတို့ ကုမ္ပဏီ သဘောတရားအရတော့ မှန်ကောင်းမှန်မယ်။ နိုင်ငံရေးအရတော့ မလုပ်သင့်ဘူးလို့ ထင်တယ်” ဟု ဧရာဝတီကို ပြောသည်။
Facebook သည် ပုဂ္ဂလိကပိုင် ကုမ္ပဏီတခုဖြစ်ရာ သုံးစွဲသူများအနေဖြင့် ၎င်းတို့ ချမှတ်ထားသည့် မူဝါဒ၊ စံနှုန်းများကို လိုက်နာရကြောင်း၊ ယင်းမူဝါဒ စံနှုန်းများနှင့် မညီညွှတ်ပါက အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် အကောင့်များကို ပိတ်ခွင့် ရှိကြောင်း ပြောဆိုသုံးသပ်မှုများ ရှိသည်။
နိုဝင်ဘာလ ၇ ရက်က ဧရာဝတီ သတင်းဌာနတွင် ဖော်ပြခဲ့ပြီးသော စာရေးဆရာမ မသီတာ (စမ်းချောင်း) ၏ “အွန်လိုင်း၊ အော့ဖ်လိုင်း စိတ်ဓါတ် စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေးတွေက အလုပ်ဖြစ်ရဲ့လား” ဆောင်းပါးတွင် နေပြည်တော်ရှိ တပ်မတော်တည်ရှိရာ တောင်ကုန်းတွေဆီမှာ အိုင်ပီလိပ်စာ တခုတည်းမှ အကောင့်ပေါင်းများစွာက ဝါဒဖြန့်ချိမှုတွေကို အချိန်ပိုင်း အလှည့်ကျ တာဝန်တခုအဖြစ် ဆောင်ရွက်နေသည်ဟု ရေးသားထားသည်။
အဆိုပါ ဆောင်းပါးကို စက်တင်ဘာလ ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးတပုဒ်နှင့် အောက်တိုဘာလ ၁၅ ရက်ထုတ် နယူးယောက်တိုင်းမ် သတင်းစာပါ ဆောင်းပါးတပုဒ်အား ကိုးကား ရေးသားထားခြင်း ဖြစ်သည်။
ယင်းဝါဒ ဖြန့်ချိမှုများကို ဆောင်ရွက်သူ အင်အား ၇၀၀ ခန့် အထိ ရှိမည်ဟု ခန့်မှန်းထားပြီး ယခုလို စနစ်တကျ စီစဉ်ဆောင်ရွက်မှုများကို ၂၀၁၅ ခုနှစ် မတိုင်မီကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်ဟု Facebook က ဆိုကြောင်း ဆောင်းပါးတွင် ထည့်သွင်း ရေးသားထားသည်။
“ဒီလို သတင်းအမှား၊ ပုံဖျက်ထားတဲ့သတင်း၊ စိတ်ကြွစေတဲ့ပို့စ်၊ ဒေါသသင့်တဲ့ ကော်မန့်တွေကို စနစ်တကျ အုန်းအုန်းထအောင် ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ လူထုကို စိုးရိမ်ကြောင့်ကြစိတ်တွေ ဖန်တီးပေးပြီး တပ်မတော်ကသာ ကယ်တင်ရှင် ဖြစ်တယ်လို့ ခံစားစေချင်တာလို့လည်း ဖေ့စ်ဘွတ်ခ်က ဆိုထားပါတယ်။ တချို့ပို့စ်တွေနဲ့ ကော်မန့်တွေဆိုရင် တကယ့်ကို ချိန်သားကိုက်တင်တာ၊ မန့်တာ၊ ဖျက်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်” ဟု စာရေးဆရာမ မသီတာ (စမ်းချောင်း) က ၎င်း၏ ဆောင်းပါးတွင် ထည့်သွင်းရေးသား ပြောဆိုထားသည်။
တပ်မတော်ကမူ ယခုနောက်ပိုင်းတွင် လူမှုကွန်ရက်ကို တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်တော့သဖြင့် မကြာမီ ကာလအတွင်း သတင်းမီဒီယာကောင်စီအသစ်ကို ဖိတ်ခေါ်သည့်အခါ မီဒီယာများကိုလည်း ထည့်သွင်းဖိတ်ကြားမည် ဖြစ်သလို သတင်းမေးမြန်းခွင့်များလည်း ပြုလုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက “ဖိတ်တဲ့အခါကျရင် မီဒီယာတွေကလည်း မေးချင်တာမေး ရတယ်။ ရှေ့တန်းကိုတော့ မီဒီယာတွေကို ခေါ်မှာ မဟုတ်သေးဘူး။ လေ့ကျင့်ခန်းတွေကိုတော့ မီဒီယာတွေကို ခေါ်မယ်။ ခေါ်တဲ့ နေရာမှာလည်း အကုန်လုံး ပါနိုင်အောင် တင်ပေးမယ်။ လုပ်မယ့်နေ့မှာ လေယာဉ်နဲ့ခေါ်ရတာကျတော့ လူအများကြီးလည်း မဆန့်ဘူး” ဟု ပြောသည်။
သတင်းမီဒီယာများက ဖုန်းဆက်သော်လည်း တိုက်ရိုက် ပြန်မဖြေနိုင်ခြင်းမှာ တပ်မတော်မှ ဖြေကြားရန် တာဝန်ရှိသူများ ကိုယ်တိုင်လည်း မည်မျှအထိ ဖြေခွင့်ရှိသည်ကို မသိကြောင်း၊ ယခု ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲနေသည့် Right to Information Law (သတင်း အချက်အလက် သိပိုင်ခွင့် ဥပဒေ) ပြဋ္ဌာန်းပြီးပါက မဖြစ်မနေ သတင်းထုတ်ပြန်မှုများ၊ မီဒီယာတွေ့ဆုံမှုများ ဖြစ်လာမည်ဟု သိရသည်။
“အခုက ရသေးတယ်ဆိုတဲ့ သဘောမျိုး လုပ်နေတာ။ ဝန်ကြီးဌာနတွေလည်း အဲဒီလိုပဲ။ အဲဒီအချိန်ကျရင် အခု သမ္မတရုံးက ကိုဇော်ဌေးတို့ လုပ်နေသလို မေးမေး၊ မမေးမေး တို့က ပေးရမှာပဲ။ တပ်မတော်ကလည်း အဲဒီ အခါကျရင် တပတ် ၁ ကြိမ် လုပ်မလား။ ၂ ပတ် တကြိမ် လုပ်မလားတော့ မသိဘူး။ အဲဒီ ပုံစံမျိုးတော့ ဖြစ်လာမယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
လက်ရှိတွင် ပြည်တွင်း တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ မီဒီယာများက ရေးသားဖော်ပြရာတွင် တပ်မတော်အသံမပါဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အသံဖြင့်သာ ဖော်ပြနေကြရာ ယင်းအတွက်လည်း မည်သည့်မီဒီယာကိုမျှ အရေးယူခြင်း မရှိသည့်အပြင် အရေးယူမည်လည်း မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ယခင်က တပ်မတော်နှင့် မီဒီယာအကြား ဆက်ဆံရေးတွင် စာနယ်ဇင်းကောင်စီမှတဆင့်သာ ထိတွေ့မှုများ ရှိခဲ့ပြီး လက်ရှိ ကောင်စီ တာဝန်ယူထားသူများက ယင်းထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းစေရန် လိုကြောင်း သတင်းစာဆရာ ဦးဇော်သက်ထွေးက ဆိုသည်။
၎င်းက “တိုင်းပြည်ရဲ့ ပြဿနာတွေကို Engagement (စေ့စပ်ရေး) အမြင်နဲ့ ညှိနှိုင်းသွားမှ ဖြစ်မှာ။ တဖက်နဲ့ တဖက် မယုံကြည်ဘဲနဲ့ ရန်စောင်နေပြီးတော့ သွားမယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိမှာ မဟုတ်ဘူး။ အဲဒီတော့ နှစ်ဖက်လုံးက Engagement (စေ့စပ်ရေး) အမြင်နဲ့ သီးခြား ဖုန်းလိုင်းတွေ၊ အီးမေးလ်တွေ ထားပြီးတော့ လုပ်မှ အဆင်ပြေသွားမယ်လို့ ထင်တယ်” ဟု ပြောသည်။
ဆက်စပ်သတင်း –
ရုရှား လူမှုကွန်ရက်မှာ တပ်ချုပ် အကောင့်သစ်ဖွင့်
Facebook လုပ်ရပ်ကြောင့် တပ်မတော်နှင့် ဆက်ဆံရေးထိခိုက်မည်ကို သမ္မတရုံးစိုးရိမ်
စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေးတွေက အလုပ်ဖြစ်ရဲ့လား