မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်အိုးဘိုရပ်ကွက်ရှိ ဆရာစံဈေးအား ၂၀၁၈ – ၂၀၁၉ ခုနှစ် ဘတ်ဂျက်ကာလ အတွင်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
အဆိုပါဈေးကို ၁၉၉၂ ခုနှစ်က ဝန်းခြံခတ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မဖြစ်မနေ ပြန်လည်အဆင့်မြှင့်တင်ပေးရန် လိုအပ်လာခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင် ဦးဆောင်၍ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က သူ၏ လူမှုကွန်ရက် facebook စာမျက်နှာတွင် “၂၀၁၈-၁၉ ဘတ်ဂျက်လျာထားချက်အရ ဈေးအဆင့်မြှင့်ပြုပြင်ခြင်းကို ဈေးရုံအလိုက် တောင်ဘက်ကစပြီး တစ်ဆင့်ခြင်း ဆောက်လုပ်ပေးသွားမယ်၊ မိုးမကျမီ အချိန်မီပြီးစီးနိုင်အောင် ဘတ်ဂျက်အနေအထားအရ ဌာနတစ်ခုချင်းအလိုက် အပိုင်း လိုက် ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားပါမယ်” ဟု ဖော်ပြထားသည်။
အဆိုပါဈေးသည် မြောက်ပြင်အိုးဘိုရပ်ကွက် မီးရထားလမ်းဘေးတွင်ရှိပြီး အတည်ပျံကျဆိုင် ၈၃၁ ခန်း၊ ပျံကျဈေးသည် ၉၅၀ ခန့် ရှိကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးနှင့်သားသတ်ဌာနမှ တာဝန်ရှိသူတဦး က “ဈေးက မီးရထားလမ်းဘေးမှာပါ ဈေးဆိုင်တွေနဲ့အပြည့်ပါ၊ အများသုံးသန့်စင်ခန်းကလည်း သားငါးဆိုင်တွေနဲ့ကပ်နေတော့ ကျန်းမာရေး အနေအထားအရ ဈေးပြင် ထုတ်ပေးသွားမယ်၊ မီးရထားလမ်းဘေးဆိုင်များနဲ့ ရပ်ကွက်ထဲက ပျံကျဆိုင်တွေကို လည်း ဈေးပတ်လည်မှာ ဖွင့်လှစ်နိုင်ရေး အတွက်ကိုပါ လုပ်ဆောင်ပေးသွားမှာပါ” ဟု ပြောသည်။
ဆရာစံဈေးအား အဆင့်မြှင့်တင်ရာတွင် ဈေးတောင်ဘက်ခြမ်းမှ စတင်၍ တစ်ဆင့်ခြင်း အဆင့်မြှင့်သွားမည်ဖြစ်ပြီး ဈေး တောင်ဘက်နှင့် မြောက်ဘက် ကွန်ကရစ်လမ်း၊ ဈေးပြင်ပအတည်ပျံကျ ဆိုင်ခန်းများတည်ဆောက်ခြင်း၊ ဈေးအပြင်ဘက် ကွန်ကရစ် ရေမြောင်းကြီးများ တည်ဆောက်ခြင်း၊ ဈေးအတွင်းရှိ ရေမြောင်းငယ်များပြုပြင်ခြင်း စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆရာစံဈေးအတွင်းမှ အထည်ဆိုင်ရှင် ဒေါ်ခင်ခင်ရွှေ က “ဆရာစံဈေးကို အဆင့်ပဲ မြှင့်မြှင့်၊ ပြန်ပဲပြင်ပြင် ကျမတို့ကတော့ ကြိုဆိုပါတယ်၊ ဈေးက ရပ်ကွက်အတွင်းမှာ ရှိတယ်ဆိုပေမယ့် မြောက်ပြင်မှာရှိတဲ့ အိုးဘို၊ သူရဲတပ်စတဲ့ရပ်ကွက်တွေအတွက် မရှိမဖြစ်လိုအပ်တယ်၊ ဒါကြောင့် ဈေးကို စည်ပင်ကနေ အဆင့်မြှင့်ပြီးရင် ဆိုင်ခန်းနေရာတွေကို သတ်သတ်မှတ်မှတ်နဲ့ မူလရှိပြီးသား ဈေးသည်တွေကိုပဲ ပြန်ပေး စေချင်ပါတယ်”ဟု ပြောသည်။
ဆရာစံဈေးနေရာသည် ယခင်က ဘောလုံးကွင်း အဖြစ်အသုံးပြုခဲ့ပြီး သူရဲဈေးဘူတာမှ ပြောင်းရွေ့လာခဲ့ခြင်းဖြစ်ပြီး အဆင့် မြှင့်တင်ခြင်းများ ပြုလုပ်ပြီးပါက စနစ်ကျသည့် ဈေးတခုဖြစ်လာမည်ဟု ဆိုသည်။
မန္တလေးမြို့စည်ပင်သာယာ နယ်နမိတ်အတွင်း ဈေးပေါင်း ၄၄ ဈေးရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဈေးအဆင့်မြှင့်တင်မှု အနေဖြင့် ဘဏ္ဍာနှစ်အလိုက် လိုအပ်ချက်ရှိသည့် ဈေးများကို ပြင်ဆင်ထိန်းသိမ်းမှုများ ပြုလုပ်ပေးခဲ့ပြီး အကြီးစားပြင်ဆင်မှု အနေဖြင့် ဈေးချိုတော်အပါအဝင် ဈေး ၆ ဈေးကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဆရာစံဈေး အပါအဝင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တမြို့နယ်၊ တဈေး အဆင့်မြှင်တင်ခြင်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
NLD အစိုးရလက်ထက် ၂၀၁၈ နှစ်ကုန်အထိ ဈေးသစ် ၂ ဈေး တိုးချဲ့ဆောက်လုပ်ပေးခဲ့ပြီး တဈေးမှာ တည်ဆောက်နေဆဲဖြစ်ပြီး နောက်တဈေးကတော့ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။