ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ နယ်စပ်မှတ်တိုင် ၆၄ အနီး ဖြစ်ပွားသည့် အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲတွင် AA တပ်ဖွဲ့များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည်ဟု တပ်မတော်က သတင်း ထုတ်ပြန်သည်။
တပ်မတော်နှင့် AA တို့သည် နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၆ ရက်အထိ ဘူးသီးတောင်မြို့နယ်၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ နယ်စပ်မှတ်တိုင် ၆၄ တွင် တနေရာ၊ နဟန်းရွာနှင့် ဝါးနက်ရုံရွာ ကြားတွင် တနေရာ၊ ပြင်ချောင်း ရွာအနီးတွင် တနေရာ၊ ရသေ့တောင်မြို့နယ်ရှိ ရေစိုးချောင်းအနီးတွင် တနေရာ စုစုပေါင်း ၄ နေရာတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ထိုတိုက်ပွဲများအနက် နယ်စပ်မှတ်တိုင် ၆၄ တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် AA တပ်ဖွဲ့များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ဝင်ရောက်ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု တပ်မတော်က ဆိုသည်။
AA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “ရခိုင်တွေအနေနဲ့ တခြားတိုင်းပြည်တွေကို ဝင်ပြေးစရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ ရခိုင်ပြည်မှာ ကျနော်တို့အမြဲတမ်း ရှိနေမှာပါ။ ဒါက ရခိုင်ပြည်၊ ရခိုင်တွေက အမြဲရှိနေမှာပါ ။ ဘယ်မှ ပြေးစရာ ကိစ္စ မရှိပါဘူး။ ဗမာ့တပ်မတော်ရဲ့ ထုတ်ပြန်ချက်က သူတို့ပဲ တာဝန်ရှိမှာပါ” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုကို AA က တပ်ဖြန့်လှုပ်ရှားနေပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လည်း ဆက်လက် နေရာယူထားဆဲ ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
တပ်မတော်ဘက်မှ အင်အားများ အများအပြား AA တပ်ဖွဲ့များ ရှိရာနယ်မြေအတွင်းသို့ ဝင်ရောက်နေဆဲ ဖြစ်သဖြင့် တိုက်ပွဲများ ဆက်ဖြစ်မည့် အလားအလာ ရှိနေပြီး ဒီဇင်ဘာလ ပထမပတ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားသည့် အကြိမ်ရေ ၂၀ ခန့်ရှိပြီဟုလည်း ဦးခိုင်သုခက ဆိုသည်။
ဘူးသီးတောင်မြို့နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲများမှာ တပ်မတော်က AA ထိန်းချုပ်ထားသည့် နယ်မြေများသို့ လာရောက်ထိုးစစ်ဆင်သဖြင့် ဖြစ်ရသည်ဟု AA ဘက်က စွပ်စွဲပြောဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ တပ်မတော်၏ နယ်စပ်ခြံစည်းရိုး လုံခြုံရေး စစ်ကြောင်းများကို AA က နှောင့်ယှက် တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆိုထားသည်။
ထို့ပြင် တပ်မတော်က AA ကို ဒေသတွင်း မတည်မငြိမ် ဖြစ်အောင် လုပ်နေသည့် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ဟုလည်း သတင်းထုတ်ပြန်ချက်တွင် အကြိမ်ကြိမ် သုံးနှုန်းထားသည်။
ဘူးသီးတောင်မြို့နယ်တွင်း တပ်မတော်နှင့် AA တို့မှာ နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော်က AA နှင့် ပတ်သတ်သည့် သတင်းထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာ၊ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံနယ်စပ်စည်းမျဉ်းအနီး လုပ် ဆောင် နေသည့် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးရေး စီမံကိန်း၊ နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများနှင့် ၃ နိုင်ငံ နယ်စပ်တည်ငြိမ်ရေးတို့ကို ဖျက်ဆီးလိုသဖြင့် AA က ၂၀၁၅ ခုနှစ်မှစ၍ မကြာခဏ နှောင့်ယှက် ပစ်ခတ် နေခြင်း ဖြစ်သည်ဟု ရေးသားထားသည်။
တိုက်ပွဲအတွင်း AA ဘက်မှ အလောင်း ၄ လောင်း၊ M 22 သေနတ် ၂ လက် ရထားသည်ဟုလည်း တပ်မတော် က သတင်းထုတ်ပြန်ထားသည်။
AA ကလည်း တပ်မတော်သားများ၏ အလောင်းများနှင့် လက်နက်ခဲယမ်းများ အမြောက်အများ ရရှိထားသည်ဟု ပြောဆိုထားသည်။ သို့သော် စာရင်းအတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
AA သည် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားခြင်း မရှိပါ။
မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့နှင့် ပူးပေါင်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မတီ (FPNCC) တွင် AA ပါဝင်ပြီး အပစ်ရပ် စာချုပ်သစ် တခု ချုပ်ဆိုပေးရန် အစိုးရကို တောင်းဆိုထားသည်။
တပ်မတော်က ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင်း ဖြစ်ပွားသည့် ကိုးကန့်တိုက်ပွဲများတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)ကို AA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA) တို့က ကူညီသဖြင့် တပ်မတော်က ထို ၃ ဖွဲ့ကို လက်နက်ကိုင်လမ်းစဉ်အား စွန့်ပါသည် ဟူသည့် ထုတ်ပြန်ချက်တစောင်ထုတ်မှသာ အပစ်ရပ်စာချုပ် ဆွေးနွေးမည်ဟု ပြောဆိုထားသည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များ ပြန်လည် တွေ့ဆုံညှိနှိုင်းနိုင်ရန်လည်း ဆက်လက်ဆွေးနွေးလျက် ရှိသည်။
AA သည် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့တွင် ရခိုင်လူငယ် ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ မြို့များ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်- အိန္ဒိယနိုင်ငံ နယ်စပ်များတွင် ဝင်ရောက် လှုပ်ရှား လာသဖြင့် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန် – မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက် တပ်မတော်နှင့် AA တိုက်ပွဲ ဖြစ်ပွား