အငြိမ်းစာဝန်ထမ်းများ၏ ပင်စင်လစာများကို ၂၀၁၉ အတွင်း တိုးမြှင့်ပေးနိုင်ရန် သုံးသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
ဦးမောင်မောင်ဝင်း က “ပင်စင်ဝန်ထမ်းလစာကို တိုးဖို့ အတွက် ဘယ်လိုနည်းနဲ့တိုးရင်ကောင်းမလဲဆိုပြီး သုံးသပ်နေတယ်။ ပေးနိုင်မယ့် ခံနိုင်ရည်အပေါ်မှာ သုံးသပ်ပြီးရင်တော့ အဖြေထွက်လာမှာပေါ့။ နှစ်နဲ့ ချီပြီး မကြာတော့ပါဘူး။ သိပ်မကြာအောင်လည်း လုပ်နေတယ်။ ၂၀၁၉ ထဲမှာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ယနေ့ ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေး နေ့လယ်ခင်း ခေတ္တနားချိန်တွင် မီဒီယာများအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းမဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ္ဋ်က အစိုးရ၏ ရာထူးအဆင့်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မည်သည့်အချိန်တွင် အငြိမ်းစားယူခဲ့သည် ဖြစ်စေ၊ ရာထူးအဆင့်နှင့် လုပ်သက်တူပါက တပြေးညီ အကျိုးတူညီစွာခံစားခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းအား ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး မေးမြန်းခဲ့သည်။
ဦးရဲထွဋ်က “ပိုက်ဆံမရှိလို့ (ဘဏ္ဍာငွေ) မပေးနိုင်သေးဘူး ဆိုရင်တော့ ဒါ အခြားပရောဂျက် အကြီးကြီးတွေကျတော့ တိုင်းပြည်မှာ လုပ်နေတာပဲ။ ဘီလီယံပေါင်း ထောင်နဲ့ ချီ၊ သောင်းနဲ့ ချီ အကုန်ကျခံပြီးတော့ ဒီပင်စင်သမားတွေ အတွက်က ဒီလိုတိုးပေးလို့လည်း ဒီလောက်မကုန်ဘူး” ဟု မေးခွန်းမေးမြန်းရခြင်းနှင့် ပတ်သက်၍ မီဒီယာများကို ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် တိုးတက်နေသည့် ပင်စင်စားဦးရေမှာ ပျှမ်းမျှ ၄၀၀၀၀ ခန့် ရှိပြီး ရှိပြီးသား ၅၀၀၀ ခန့်မှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ပေးစရာမလိုသည့်အတွက် ပျမ်းမျှ တိုးနှုန်း ၃၅၀၀၀ ခန့် ရှိသည်ဟု ပင်စင်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
ယခုနှစ် သြဂုတ်လအထိ နိုင်ငံ့ပင်စင် ခံစားနေသည့် အငြိမ်းစားဦးရေမှာ ၈၁၂,၉၆၆ ဦး ရှိသည်။
၂၀၁၅ ခုနှစ် နိုင်ငံ့ဝန်ထမ်းများ လစာနှုန်းထားများ တိုးမြှင့်စဉ်က ယင်းတိုးမြှင့်သည့် နှုန်းထားအပေါ်တွင် တည်ဆဲ ပင်စင်ဥပဒေနှင့်အညီ တွက်ချက်ကာ ယင်းနှစ် ဧပြီလမှစကာ တိုးမြှင့်ခံစားခွင့်ပြုထားကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဦးရဲထွဋ်၏ မေးခွန်းနှင့် ပတ်သက်၍ လွှတ်တော်၌ ဖြေကြားသည်။
၎င်းက ဆက်လက်ပြီး ယင်းတိုးမြှင့်လစာနှုန်းထားအတိုင်း ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်မတိုင်မီက အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများအား ပင်စင်လစာ တိုးမြှင့်မည်ဆိုပါက ကျပ် ၃၁၉ ဘီလီယံ ပိုမိုသုံးစွဲရမည် ဖြစ်ကာ လက်ရှိ နိုင်ငံတော်ဘဏ္ဍာငွေ အနေအထားအရ တိုးမြှင့်မပေးနိုင်သေးကြောင်းလည်း ဖြေကြားသည်။
နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်အကျိုးခံဏားခွင့်မှာ ၎င်းတို့ ပင်စင်ယူခဲ့သည့်အချိန်တွင် ရရှိသည့် နောက်ဆုံးလစာကို အခြေခံတွက်ချက်၍ ခံစားခွင့်ပေးခြင်းဖြစ်ပြီး အငြိမ်းစားယူသည့် အချိန်ကွာခြားချက်အရ ပင်စင်လစာ ခံစားခွင့်နှုန်းများ ကွဲပြားမှုများ ရှိကြောင်း သိရသည်။
ဒုဝန်ကြီး ဦးမောင်မောင်ဝင်း က “၂၀၁၈ ခုနှစ် ဧပြီလ လစာနှုန်းတိုးမြှင့်ပြီးနောက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာတိုးမြှင့်ရေးကိစ္စအပေါ် နိုင်ငံတော်အစိုးရက သုံးသပ်ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။