မြန်မာငွေစက္ကူအတု ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်နေသည်ဟု ယူဆရသော ငွေကြေးလဲလှယ်ရေး လုပ်ငန်း ၁၈ ခုကို ယမန်နေ့က စင်ကာပူရဲက ရှာဖွေစစ်ဆေးနေကြောင်း က Channel News Asia သတင်းကဆိုသည်။
ရန်ကုန်မြို့သို့ လာရောက်သည့် စင်ကာပူနိုင်ငံသား ၂ဦးကို မြန်မာငွေအတုများဖြင့် ဖမ်းဆီးခံရပြီး နောက် ထိုသူများက ၎င်းတို့တွင် ပါလာသည့် မြန်မာကျပ်ငွေများမှာ စင်ကာပူရှိ ငွေလဲလှယ်ရေး လုပ်ငန်းများမှ ရရှိကြောင်း ထွက်ဆိုပြီးနောက် ထိုသို့ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ စင်ကာပူနိုင်ငံသားနှစ်ဦးသည် လတ်တလောတွင် မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးအထောက်အကူ ပေးမှုကို ခံယူနေသည်။
ထို့အတွက် စင်ကာပူရဲများသည် ငွေလဲလှယ်ရေးလုပ်ငန်း ၁၈ ခုကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြရာ ငွေအထုပ် ၂ ထုပ် တွင် AG နှင့် AE အက္ခရာတို့ဖြင့် စသော အမှတ်စဉ် နံပါတ်များ တထပ်တည်း တူညီနေသော ငွေစက္ကူများ ပါဝင်နေ ကြောင်း တွေ့ရှိခဲ့သည်။
“တသောင်းကျပ်တန် ငွေစက္ကူထဲမှာ အတုပါနေတဲ့ကိစ္စပတ်သက်ပြီး သံသယရှိတဲ့ ငွေလဲလှယ်ရေး လုပ်ငန်းတချို့ကို ရဲတပ် ဖွဲ့ က ရှာဖွေစစ်ဆေးနေတာဖြစ်ပါတယ၊် စင်ကာပူက ငွေလဲလှယ်ရေး လုပ်ငန်း တခုဆီမှာ ကျပ်ငွေအတုတွေရှိနေ တယ်လို့ စင်ကာပူလူမျိုး ၂ ယောက်က ထွက်ဆိုထား တဲ့အတွက် ကနဦးစုံစမ်းမှုပြုလုပ်နေတာဖြစ်ပါတယ်” ဟု စင်ကာပူ ရဲက ပြောသည်။
“သူတို့ထွက်ဆိုတဲ့ ငွေလှဲလှယ်ရေးလုပ်ငန်းကို ဝင်ရှာကြည့်တော့ AG နဲ့ AE နဲ့စတဲ့ တသောင်းကျပ်တန်ငွေစက္ကူတွေမှာ အတုတွေဖြစ်နေတာတွေ့ရပါတယ်၊ကျပ်ငွေလို့ခေါ်တဲ့ မြန်မာငွေကြေးကို စင်ကာပူက ဘယ်ငွေလဲလှယ်လုပ်ငန်းကမှ သယ်ဆောင်လာတာ မရှိပါဘူး”ဟု ၎င်းကဆက်ပြောသည်။
သံသယမကင်းသည့် ငွေစက္ကူများတွေ့ရှိပါက ရဲထံသို့ သတင်းပေးကြပါရန် အဆိုပါရဲတပ်ဖွဲ့ကြေညာချက်က ဆက်လက်တိုက်တွန်းထားသည်။