သတင်း

KNLA က မိုင်းထောင်ကာ လူထုကို တိုက်ခိုက်နေဟု NMSP စွပ်စွဲ

Want create site? Find Free WordPress Themes and plugins.

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း မိုင်းထောင်ကာ လူထုအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ထားဝယ်ခရိုင်က ကြေညာချက်ထုတ် စွပ်စွဲလိုက်သည်။

ထားဝယ်ခရိုင် (NMSP) ၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NMSP ဗဟိုဝန်းကျင်ဒေသတွင် သစ်ထုတ်မှုများရှိနေကြောင်း သတင်းရရှိချက်အရ မွန်ပြည်သစ်ပါတီ (MNLA) တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ သစ်ထုတ်စခန်း၌ လက်နက်ကိုင် အဖွဲ့အစည်းတခုခုမှ ထောင်ထားသော မြေမြှုပ် မိုင်းပေါက်ကွဲ၍ မွန်ပြည်သစ်ပါတီမှ တပ်ဖွဲ့ဝင်တဦး ခြေထောက်တဖက် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် အောက်တိုဘာလ ၂၈ ရက်ကလည်း ရေးမြို့နယ်၊ ဟံဂံရွာနေ နိုင်မွန်ချမ်းမှ ကြောက်လျှာကွင်းရှိ ၎င်း၏ခြံသို့ သွားသည့် လမ်းတွင် မိုင်းနင်းမိကာ ခြေတဖက် ပြတ်သွားခဲ့ပြီး၊ နိုဝင်ဘာလ ၁၀ ရက်ကလည်း ၎င်းကျေးရွာနေ နိုင်ဘစ် ဆိုသူမှာလည်း ကြောင်လျှာကွင်းရှိ ခြံထဲသို့ ဆိုင်ကယ်ဖြင့် သွားစသဉ် မိုင်းပေါက်ကွဲ၍ လူထိခိုက်မှု မရှိသော်လည်း ဆိုင်ကယ်ပျက်စီးခဲ့သည်ဟု ပါရှိသည်။

နိုဝင်ဘာလ ၂၉ ရက်ကလည်း ကလိန်အောင်မြို့နယ်ခွဲ အလယ်စခန်းရွာနေ နိုင်ကွန်းဗလာမှာ ကြောက်လျှာကွင်းဒေသသို့ အသွားတွင် တိုက်မိုင်းတိုးမိကာ ခြေထောက်နှစ်ဖက်စလုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု NMSP ထားဝယ်ခရိုင်က ထုတ်ပြန်ချက်မှတဆင့် ပြောဆိုသည်။

NMSP ထားဝယ်ခရိုင်က “ဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် လက်နက်ကိုင် အဖွဲ့အစည်းတခုခုသည် မိမိတို့ မွန်ပြည်သစ်ပါတီနှင့် ဒေသခံ ပြည်သူများအကြား ယုံကြည်မှု ကင်းမဲ့စေရန်နှင့် ခြံလုပ်ကိုင်နေသော မွန်လူမျိုးများအား ၎င်းဒေသတွင် မနေနိုင်စေရန် လူသွားလမ်းနှင့် ယာခြံတို့တွင် မိုင်းထောင်ထားခြင်းဖြင့် လူထုအား ရည်ရွယ်ချက်ရှိရှိ ပိုမို တိုက်ခိုက်လာနေပါသည်” ဟု ပြောသည်။

ထို့ပြင် ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဒေသခံများ လုံခြုံရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသော်လည်း မည်ကဲ့သို့ ဆောင်ရွက်သွားမည် ဆိုသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ထုတ်ပြန်ချက်ပါ အချက်အလက်များနှင့် ပတ်သက်၍ NMSP ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်း အပါအဝင် NMSP ဗဟိုကော်မတီဝင်များအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

KNLA သည် KNU ၏ စစ်ရေးလက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် KNLA အပြင် တပ်မတော်၊ မွန်ပြည်သစ်ပါတီ၏ MNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက် ရှိသည်။

KNLA နှင့် MNLA တို့သည် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း နယ်မြေအငြင်းပွားမှုနှင့် သစ်ခုတ်မှုများကြောင့် မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုလည်း သိရသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ အလယ်စခန်းရွာ အရှေ့မြောက်ဘက်ရှိ ကြောက်လျှာကွင်းဒေသတွင် နယ်မြေလုံခြုံရေး ယူထားသည့် NMLA တပ်ဖွဲ့ဝင်အချို့နှင့် သစ်ထုတ်သူများအား အကာအကွယ်ပေးနေသည့် KNLA တပ်ဖွဲ့အချို့ အောက်တိုဘာလ ၆ ရက်က ထိတွေ့မှု ဖြစ်ခဲ့သေးပြီး အောက်တိုဘာလ ၁၀ ရက်တွင် KNLA တပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများကို ရိုက်နှက်ညှင်းပန်းမှုများ ရှိခဲ့သည်ဟုလည်း ထားဝယ်ခရိုင် NMSP ၏ ထုတ်ပြန်ချက် အစပိုင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အောက်တိုဘာလ ၁၅ ရက်ကလည်း NMSP ဗဟိုဝန်းကျင်ဒေသတွင် သစ်ထုတ်မှုများ ရှိနေသည်ဟု သတင်းရသည့်အတွက် သွားရောက်စစ်ဆေးစဉ် သစ်ထုတ်စခန်း၌ လက်နက်ကိုင်အဖွဲ့အစည်းက ထောင်ထားသည့် မြေမြုပ်မိုင်းကွဲ၍ NMLA တပ်ဖွဲ့ဝင်တဦး ခြေထောက်တဖက် ဆုံးရှုံးခဲ့သည်ဟုလည်း ပါရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း ရင်းနှီးမှု မပျက်စေရန်နှင့် ပြေလည်မှု ရစေရန်အတွက် KNU ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌနှင့် NMSP ထားဝယ်ခရိုင် ဥက္ကဋ္ဌတို့ ရေးမြို့တွင် အော်ကတိုဘာလ ၂၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကာ ယင်းသို့သော ဖြစ်ရပ်များ မဖြစ်ပွားစေရန်အတွက် နှစ်ဦးနှစ်ဖက် ထိန်းသိမ်းရန် သဘောတူထားကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းသို့ နှစ်ဖက်သဘောတူထားပြီးနောက်ပိုင်းတွင် ကြောက်လျှာကွင်းဒေသအနီးတွင် ဒေသခံများ မကြာခဏဆိုသလို မိုင်းထိခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ပါ အချက်အလက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက NMSP ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်ကို တွေ့ရသော်လည်း မိမိတို့ အောက်ခြေတပ်ဖွဲ့ဝင်များဘက်မှ တင်ပြမှု မရှိသေးကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “ကျနော်တို့က Statement (ထုတ်ပြန်ချက်) ပဲ တွေ့တာကို။ အောက်ခြေက တင်ပြမှုက ကျနော်တို့ ဘာမှ မတွေ့ရသေးဘူး။ ကျနော်တို့ ပြန်ပြီး မေးတုန်းပဲရှိသေးတယ်။ သစ်ထုတ်တာတွေရှိလား မပြောတက်ဘူးဗျ၊ ကျနော်တို့ အောက်ခြေမှာပဲ မေးရမယ်။ အဲဒီခရိုင်မှာ ရှိတဲ့ တာဝန်ကျတဲ့ ခေါင်းဆောင်ကို မေးရမယ်။ ကျနော်လည်း အတိအကျ မသိဘူး၊ အဲဒီနေရာတွေက” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီသည် သဘာဝပတ်ဝန်းကျင်နှင့် သစ်တော ပြုန်းတီးနေမှုကို ကာကွယ်ရန်အတွက် ၂၀၁၃ ခုနှစ်မှစကာ ၎င်းတို့ ထိန်းချုပ်ရာနယ်မြေများအတွင်း သစ်ခုတ်ခွင့်နှင့် သစ်ထုတ်လုပ်ခွင့်များကို ပိတ်ပင်ထားသည်ဟု ထားဝယ်ခရိုင်၏ ထုြတ်ပန်ချက်တွင် ပါရှိသည်။

KNU နှင့် NMSP တို့သည် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားကြသည့် လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကာ NCA စာချုပ် အပိုဒ် (၉) တွင် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading