တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရန်ကုန် အခြေစိုက် တီးတိန်(ဇိုမီး) မြို့နယ် အသင်း က ချင်းသူရဲကောင်း ဆုပေးမှု အပေါ် ချင်း အရပ်ဘက် အဖွဲ့အစည်း၂၂ ဖွဲ့က ကြေညာချက် ထုတ်၍ ကန့်ကွက်ကြသည်။
ထိုသို့ ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ဇိုမီး/ချင်း လူမျိုးများ၊ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင် ဆရာတော်ကြီးများ၊ ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ လူမျိုးစု ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများမှ သိရှိ သဘာတူ ဆုံးဖြတ်ခြင်း၊ ကိုယ်စား စေလွှတ်ခြင်း လုံးဝ မရှိခဲ့ဟု ဒီဇင်ဘာလ ၅ ရက် ညနေက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဇိုမီး ကျောင်းသားနှင့် လူငယ် အဖွဲ့ တာဝန်ခံ ပုကိမ်းတွောင်က“ဒီဆုပေးတာကို လက်မခံဘူး၊ ပယ်ဖျက်တယ်၊ ပြန်ရုပ်သိမ်း မသိမ်း ကတော့ ပေးတဲ့လူနဲ့ပဲ ဆိုင်တယ်။ ဆုလက်ခံတဲ့ သူကလည်း လက်မခံခင် ကတည်းက သေသေချာချာ စဉ်းစားဖို့ တော့ ကောင်းတယ်”ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်၏ တိုက်ပွဲများကြောင့် ပြည်သူ အများအပြား စစ်ဘေးဒဏ် ခံစားနေ ရချိန်တွင် ယခုကဲ့သို့ ဆုပေးသည့် လုပ်ရပ်မှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းရင်း သား အချင်းချင်း ချစ်ကြည်စည်းလုံးရေး တို့ကို ထိခိုက်စေနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တီးတိန်(ဇိုမီး) မြို့နယ် အသင်းဝင်များ၊ ကတ်သလစ် ဘုန်းတော်ကြီးများနှင့် နှစ်ခြင်း သင်းအုပ် ဆရာများ ပါဝင်သော အဖွဲ့ သည် ဒီဇင်ဘာ ၄ ရက်က နေပြည်တော်သို့ သွားရောက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ယင်းဆုအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
တီးတိန်(ဇိုမီး)မြို့နယ် အသင်း အတွင်းရေးမှူး ဦးကပ်ခင်းပေါင်က“ချင်းကပေးတော့ ချင်းသူရဲကောင်း ဖြစ်သွားတာ၊ ကျနော် တို့က ဗိုလ်ချုပ်မှူးကြီးကို သူရဲကောင်းလို့ သတ်မှတ်ပြီးတော့ ပေးလိုက်တဲ့ဟာပါ။ ဘာလို့လဲဆိုတော့ သူက ကျနော်တို့ မြန်မာနိုင်ငံရဲ့ တပ်မတော်မှာ အကြီးဆုံး။ သူ့ကိုမှ သူရဲကောင်းမပေးရင် ဘယ်သူကို ပေးမလဲ”ဟု ဧရာဝတီသို့ ပြော ထား သည်။
ဆုပေးခြင်းနှင့် ပတ်သက်ပြီး ချင်းတိုင်းရင်းသားများကြား ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး ယင်းလုပ်ရပ်ကြောင့် ချင်း တိုင်းရင်း သားများကြား အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် ဝမ်းနည်းမိကြောင်းလည်း ချင်းအရပ်ဘက် အဖွဲ့အစည်း များ ဖိုရမ်ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ချင်းသူရဲကောင်း ဆုပေးရာ၌ ပါဝင်ခဲ့သည့် ကက်သလစ် ဘုန်းတော်ကြီးများက ၎င်းတို့ အနေဖြင့် ခရစ္စမတ် ငြိမ်း ချမ်းခြင်း ဆုတောင်း မေတ္တာ ပို့သခြင်းမှ လွဲ၍ အသင်းမှ ပြုလုပ်သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်မှု မရှိကြောင်း လည်း ဘုန်းတော်ကြီးများ ဘက်က ပြန်လည် ဖြေရှင်းထားသည်။
ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့သည့် ချင်း တိုင်းရင်းသား ခေါင်းဆောင် ၃ ဦး နှင့် ဗိုလ်ချုပ် အောင်ဆန်းအား ၂၀၁၂ ခုနှစ် ချင်း သူရဲကောင်းဆု ပေးအပ်ဖူးကြောင်း သိရသည်။