ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဒီဇင်ဘာလ ၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲကာ လူ ၂ ဦး သေဆုံးမှုနှင့် ပတ်သက်၍ နောက်ကွယ်မှ အဖွဲ့အစည်းများအား စုံစမ်းနေကြောင်း ဒေသအာဏာပိုင်များထံမှ သိရသည်။
မိုင်းပေါက်ကွဲမှုမှာ ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးပေါက်ကျေးရွာအနီး ကားလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး “လူကတော့ ၂ ယောက်သေဆုံးပါတယ်။ ကျနော်တို့ စုံစမ်းနေတုန်းမို့ ဘာမှ အတိအကျ ပြောလို့ မရသေးပါဘူး ။ လူတွေကလည်း ဘယ်က လူတွေမှန်းမသိဘူး ” ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ နှစ်ဦးမှာ ခြေထောက်များပြတ်ကာ မျက်နှာမှာ ပျက်စီးနေကြောင်း၊ အခင်းဖြစ်ပွားရာ နေရာမှာ ဘူးသီးတောင်မြိုကနယ် တောင်ဘက်ခြမ်းတွင် ရှိကာ မြို့နယ်နှင့် ၁၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။
သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို ဘူးသီးတောင်ပြည်သူ့ဆေးရုံသို့ ပို့ပေးထားပြီး မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင်က “ကျနော်တို့ ညနေပိုင်း ရွာမှာ ဗွီဒီယို ကြည့်နေတုန်း ဂျိမ်းဆိုပြီး အသံတော့ ကြားလိုက်တယ်။ ဘာဖြစ်မှန်းတော့ မသိဘူး ။ မနက် ထိပ်တူးပေါက် ကျေးရွာအနီး ကားလမ်းမပေါ်မှာ လူ ၂ ယောက် သေဆုံးတာကို တွေ့ပါတယ်။ ဘယ်က လူတွေမှန်းလည်း ကျနော်တို့ မသိဘူး။ အနီးမှာ ဆိုင်ကယ် ၁ စီး တစစီ ပျက်စီးနေတာကို တွေ့ပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်က ဘူးသီးတောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကွင်းဆင်းလေ့လာပြီးနောက် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အမှတ်စဉ် ၁၂/၂၀၁၇ တွင် “အကြမ်းဖက် တိုက်ခိုက်မှုများမဖြစ်မီ တဖက်နိုင်ငံမှ စိမ့်ဝင်လာသော ARSA အကြမ်းဖက်သမားများသည် နယ်မြေအတွင်းရှိ ဘင်္ဂါလီကျေးရွာများသို့ ဝင်ရောက်၍ လူငယ်များအား စည်းရုံးခြင်း၊ ခြိမ်းခြောက်သိမ်းသွင်းခြင်း၊ အကြမ်းဖက်တိုက်ခိုက်နည်းများ၊ လက်လုပ်ဗုံးပြုလုပ်နည်းများ သင်ကြားလေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရှိရပါသည်” ဟု ဖော်ပြထားဖူးသည်။