သတင်း

တပ်မတော်နှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်မှု မရှိကြောင်း အဂတိ ကော်မရှင် ပြော

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ပတ်သက်ပြီး ယခု အချိန်အထိ အရေးယူ ဆောင်ရွက်မှု မရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

အဂတိ လိုက်စားမှုနှင့် ပတ်သက်ပြီး တပ်မတော်ကို တိုင်ကြားမှုလည်း မရှိဟု ဆိုသည်။

ဒီဇင်ဘာ ၉ ရက်၌ ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနား အဖြစ် ယမန်နေ့က ရန်ကုန်မြို့ အထက် ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel တွင် ပြုလုပ်ခဲ့ပြီးနောက် သတင်း စာ ရှင်းလင်း ပွဲတွင် ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။

ဦးအောင်ကြည်က“ကော်မရှင်က ဒီဥပဒေ အရပဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဥပဒေဆိုတဲ့ဟာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မကျော်နိုင်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ တပ်မတော်ရဲ့ စီမံခန့်ခွဲမှုက တပ်မတော်ကသာလျှင် ဆောင် ရွက်ရတာ ဖြစ်တဲ့ အတွက် ဒီလို အဂတိ လိုက်စားတဲ့ ကိစ္စတွေဟာ သူ့ရဲ့စီမံခန့်ခွဲမှု အောက်မှာပဲ သူ့ဘာသာသူ အရေး ယူ ဆောင်ရွက်မှုတွေ ရှိနေပါတယ်။ သူ့ Process (လုပ်ငန်းစဉ်) နဲ့သူ လုပ်နေတဲ့ အတွက် ကော်မရှင်က ကိုင်တွယ်မှု မရှိပါဘူး ဆိုတဲ့ အကြောင်း ပြောချင်ပါ တယ်”ဟု ပြောဆိုသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် လုပ်ငန်းများကို ထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် လက်ရှိ ဝန်ထမ်း အင်အား ၁၇၀ ကျော်မှ ၆၀၀ ကျော် အထိ ဖြည့်ဆည်း သွားရန် စီစဉ်ထားကြောင်း လည်း ၎င်းက ပြောသည်။

၎င်း၏ ပြောဆိုချက် အရ လက်ရှိ ကော်မရှင်တွင် အင်အား ၁၇၆ ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ညွှန်ချုပ်တ ယောက်တည်းဖြင့် စုံစမ်း စစ်ဆေးမှုများ၊ တားဆီး ကာကွယ်ရေးများ၊ တရားစွဲ တင်ပို့ခြင်းများ၊ စီမံ အုပ်ချုပ်ခြင်းများကို ဆောင်ရွက် နေရကြောင်း၊ အင်အား နည်းပါးသည့် အတွက် စ သုံးလုံးမှ ဝန်ထမ်းတချို့ကို အကူအညီ တောင်းရခြင်းများ ရှိကြောင်း သိရသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍လည်း အာရှဒေသအတွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး နယ်ပယ်၌ အောင်မြင်သည်ဟု သတ်မှတ်ထားသော ဟောင်ကောင်ထက် မြန်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ဦးအောင်ကြည်က“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုတာ အချိန်တို အတွင်း ပြီးမှာ မဟုတ်ဘူး။ လုပ်လို့လည်း ရမှာ မဟုတ်ဘူး။ ဟောင်ကောင်လို အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး စံချိန်စံညွှန်း မြင့်မားတဲ့ နိုင်ငံဟာ သူ ဒီလို အခြေ အနေ ရောက်လာအောင် အနှစ် ၄၀ စီမံကိန်းနဲ့ ဆောင်ရွက်ခဲ့ရတယ်။ ကျနော်တို့ ဒီထက်မြန်အောင်တော့ ကြိုးစား မယ်”ဟု ပြောသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်၊ ပြန်ကြားရေး လုပ်ငန်း ကော်မတီ အဖွဲ့ ခေါင်းဆောင် ဦးဟန်ညွန့် က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းလာပါက ဆူကြုံ နိမ့်မြင့် ရာထူးဌာနန္တရ လူပုဂ္ဂိုလ် အဖွဲ့အစည်း မခွဲခြားဘဲ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက် နေ့ က ပြုလုပ်သည့် ဖိုရမ်ပွဲ အပြီးတွင် ပြောဆိုထားသည်။

ကော်မရှင်၏ တနှစ်တာ အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း ၎င်းက“ကျနော်တို့ တနှစ်ကျော် အတွင်း လုပ်ကိုင် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အခက်အခဲတွေလည်း ရှိတယ်။ အောင်မြင်မှုတွေလည်း ရှိတယ်။ မျိုးစုံ တွေ့ကြုံ ရပါတယ်။ ဒီလိုတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံများအပေါ်မှာ ကျေနပ်မှု ရှိသလား မေးမယ် ဆိုရင် ကော်မရှင်ရဲ့ ကိုယ်စား ဖြေကြားချင်တာက ကျေနပ်မှု ရှိပါတယ်”ဟု ဆိုသည်။

ဒုတိယ အကြိမ် ကော်မရှင် ဖွဲ့စည်းသည့် ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်မှ ၂၀၁၈ အောက်တိုဘာ ၃၁ ထိ ကော်မရှင်က လက်ခံ ရရှိသည့် တိုင်ကြားစာပေါင်း ၈၉၈၄ စောင်ရှိပြီး ကော်မရှင်မှ စိစစ် အရေးယူ ဆောင်ရွက် ပြီးစီးမှု ၆၀ ရာခိုင်နှုန်း (၅၃၅၁ စောင်) ရှိကြောင်း ကော်မရှင်၏ သတင်း အချက်အလက်များတွင် ဖော်ပြထားသည်။

စုံစမ်း စစ်ဆေးသည့် တိုင်ကြားစာများ အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ လူဦးရေ ၁၂၀ ကို တရား စွဲဆို အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading