8 December 2018မိုးမိုး
သတင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို သတိပေးခံရ

Want create site? Find Free WordPress Themes and plugins.

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ အစွန်းရောက် ဘာသာကြီး တခုဟု သုံးနှုန်းခဲ့မှုအပေါ် အကြီးအကဲများက ခေါ်ယူ သတိပေးထား ကြောင်း သိရသည်။

သမ္မတရုံးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဇင်ဘာ ၇ ရက်နေ့က သမ္မတအိမ်တော် နှစ်ပတ် တကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခြင်းဖြစ်သည်။

ဦးဇော်ဌေး က “သူပြောခဲ့တဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းချက် ထုတ်ထားတယ်။ ပြောကြားတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့ အကြီးအကဲတွေ သူ့ကိုခေါ်ယူတွေ့ဆုံ ပြောထားပြီးဖြစ်တယ်” ဟု သတင်း ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် မြိုင်ကြီးငူ ဆရာတော်၏ ဈာပန အခမ်း အနားတွင် သူရဦးအောင်ကိုက ဘာဘာသာရေးဆိုင်ရာ ကိစ္စရပ်များအား ဆရာတော်ကြီးများထံလျှောက်ထားရာတွင် ထိုသို့ ထည့်သွင်းသုံးနှုန်း ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ခေါ်ယူသတိပေးရာတွင် မီဒီယာများ နှင့် တွေ့ဆုံသည့်အခါ နိုင်ငံတော် မူဝါဒနှင့် ကင်းလွတ်၍ မရကြောင်း၊ ပုဂ္ဂလိက တဦးချင်း ပြောကြားချက်နှင့် နိုင်ငံတော်၏ မူဝါဒကို ခွဲခြားသိရှိရန်လိုအပ်ကြောင်း နှင့် ယင်းကိစ္စရပ်များတွင် ပတ်သက်၍ အခြားပြောခွင့်ရ ပုဂ္ဂိုလ်များလည်း ရှိကြောင်း ဦးဇော်ဌးက ရှင်းပြသည်။

အစွန်းရောက် ဘာသာတရားဟု သုံးနှုန်းခဲ့ခြင်းသည် ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီအသိုင်းအဝိုင်းကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးထာနမှ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဒီဇင်ဘာလ ၄ ရက်နေ့က အခြေခံပညာဖွံ့ဖြိုး တိုးတက်မှုနှီးနှောဖလှယ်ပွဲတွင် သတင်းမီဒီယာများအားပြန်လည်ဖြေကြားခဲ့သည်။

အစ္စလမ် ဘာသာဝင် ၊ နိင်ငံရေး လေ့လာ သုံးသပ်သူ၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်ကလည်း “မြိုင်ကြီးငူ ဆရာတော်ရဲ့ ဈာပနမှာ အစွန်းရောက်ဘာသာလို့ သုံးတယ်။ ပြီးတော့ ဇနီး သုံး၊ လေးယောက်ယူတယ်လို့ ပြောတယ်။ ပြီးတော့ ကလေး ၁၅ ယောက် ၊ အယောက် ၂၀ မွေးတယ်လို့ပြောတယ်။ ပြီးတော့ ပေ့ချ်ကနေ မဟုတ်တော့ပါဘူး ပြောတယ်။ သူပြောတဲ့ အပေါ်မှာ နာနေမယ်ဆိုရင် ထားထားတဲ့ မေတ္တာတွေ လျော့သွားမယ်ဆိုတော့ ဒါကလည်း ခြိမ်းခြောက် တာပါပဲ” ဟု ဧရာဝတီသို့ပြောသည်။

အစိုးရအဖွဲ့ နိုင်ငံတော် အကြီးအကဲများက ခေါ်ယူ သတိပေးသည်ဆိုရုံဖြင့် မကျေနပ်နိုင်ကြောင်း၊ ထိရောက်သည့် အရေးယူမှု လုပ်စေ လိုကြောင်း၊ ပြောဆိုထားသည့် အကြောင်း အရာသည် နိုင်ငံတော်၏ မူဝါဒ မဟုတ်ဆိုသည့် အကြောင်းကို သက်ဆိုင်ရာ အစိုးရ အဖွဲ့က ထုတ်ပြန်သင့်ကြောင်း ဦးထွန်းကြည်က ပြောသည်။

အထက်ပါ လျောက်ထားမှုအပေါ်ကို အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများ ကကန့်ကွက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အား ဥပဒေနှင့် အရေးယူပေးရန်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဘာသာတရားတခုဟု သုံးနှုန်းခြင်းသည် ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းခြင်း မဟုတ်ဘဲ ဘာသာအသီးသီး၏ ဘာသာရေး အယူအဆ ပြင်းထန်သူများကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ပြောကြားချက်သည် ဘင်္ဂလားဒေ့ရှ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးနှင့် မသက်ဆိုင်ဘဲ ခွဲခြားထားရန် လိုကြောင်း ဦးဇော်ဌေးကပြောသည်။

ဒီဇင်ဘာ ၈ ရက်နေ့က နိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန် ဦးမင်းသူ ဘင်္ဂလာဒေ့ရ်ှ သံအမတ်ကြီးကို လက်ခံ တွေ့ဆုံပြီးခဲ့ပြီး အချက် ၄ ချက်ကို ပြောကြားခဲ့ကြောင်း ဦးဇော်ဌေးကပြောသည်။

နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးတဲ့သည့်အတိုင်း နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးဆောင်ရွက်ရန် ၊ သဘော တူညီချက် တွင် ပါဝင်သည့် စိစစ်ရေးပုံစံအား ကာယကံရှင်ကိုယ်တိုင် ဖြည့်စွက်ရန် ၊ ပြန်ဝင်လာမည့်သူများမှာ မိမိဆန္ဒဖြင့် ပြန်လည် ဝင်ရောက်လာ ရန် ၊ ပြန်ရောက်လာသည့် သူများက ပြည်တွင်းဥပဒေကို လေးစားလိုက်နာရမည်ဆိုသည့် အချက်များကို ဘင်္ဂလားဒေ့ရ်ှ သံအမတ်ကြီးကို ပြောလိုက်ကြောင်း ၎င်းက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading