ထီကို ဈေးပိုတင်ရောင်းချနေခြင်းကြောင့် ပြည်သူများနစ်နာနေရသည့်အတွက် အစိုးရက အရေးယူထိန်းသိမ်းရန် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။
ဒီဇင်ဘာလ ၇ ရက်က ကျင်းပသော နေပြည်တော် အမျိုးသားလွှတ်တော်တွင် ထီအက္ခရာတိုးမြင့် မထုတ်၍ အခွန်ငွေ နစ်နာနေခြင်း၊ ထီလက်မှတ် တစောင်လျှင် ၆၅၀ ၊ ၇၀၀ ကျပ်တို့ဖြင့် ရောင်းချနေသည့်အတွက် ပြည်သူများနစ်နာဆုံးရှုံးခြင်း၊ တနိုင်တပိုင် ထီရောင်းသူများ ဝင်ငွေကျဆင်းနေသော်လည်း ထီလုပ်ငန်းရှင်ကြီးများ အကျိုးအမြတ်များစွာ ရနေခြင်းတို့ကို ပြုပြင်နိုင်ရန် စစ်ဆေးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထီလုပ်ငန်းများ၏ ထုပ်ပိုးစရိတ်၊ ဝန်ထမ်းစရိတ်ကြောင့် ထီဈေးကြီးမြင့်ရခြင်းဟု ပြောဆိုမှုများကို ရှက်သင့်ပြီး နိုင်ငံတော် အနေဖြင့် ထီလုပ်ငန်းရှင်များကို ၅၅၀၀ ကျပ်ဖြင့်ရောင်းရသော ထီတအုပ်ကို ၅၀၀၀ ကျပ်ဖြင့် ရောင်းသည့်အတွက် ၁၀ ရာခိုင်နှုန်း အမြတ်ပေးပြီးဖြစ်ကြောင်းလည်း ဦးဌေးဦးက ပြောသည်။
ထီ လုပ်ငန်းရှင်ကြီးများအနေဖြင့် ထိုက်သင့်သောအမြတ်မရဟု ယူဆပါက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းတောင်းခံသင့်ပြီး ကြားမှ ပြည်သူများက ဈေးပိုပေးနေရသည်မှာ မဖြစ်သင့်ဟုလည်း ၎င်းက လွှတ်တော်အပြီးတွင် မီဒီယာများကို ပြောသည်။
ဦးဌေးဦးက “အခုပေးနေတဲ့ ၉ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းအကျိုးအမြတ်နဲ့ လုပ်ငန်းရှင်တွေ မကိုက်ပါဘူး။ ၁၃ ရာခိုင်နှုန်း ၁၄ ရာခိုင်နှုန်း ပေးပါ။ ညှိလေ။ ပြည်သူတွေကို အဲဒီဝန် မထမ်းခိုင်းနဲ့၊ အခုဟာက ဝန်ထမ်းနဲ့ကျတော့ သူတို့ ပြေလည်အောင်နေပြီး ပြည်သူတွေက ၅၀၀ တန်ထီကို ၆၀၀၊ ၇၀၀ ပေးကြ၊ ခံံကြဆိုတာက လုံးဝမတရားဘူး။ ဒါတော့ နိုင်ငံတော်က ကြည့်မနေသင့်ဘူး။ ဒီလို မဖြစ်အောင် တာဝန်ရှိတယ်” ဟု ပြောသည်။
စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းက ထီလုပ်ငန်းရှင်များ မလုပ်နိုင်က မလုပ်ကြရန် ပြောဆိုဖူးသကဲ့သို့ ငါးရာကျပ်တန် ထီစတင်ရောင်းချိန်တွင် ညွှန်ကြားရေးမှူးချုပ်က စပေါ်ငွေကို သိမ်းမည် အရေးယူမည်စသည်ဖြင့် ပြောဆိုခဲ့သော်လည်း ထိရောက်စွာ အရေးယူခဲ့ခြင်းမရှိဟုလည်း လွှတ်တော်တွင် ပြောဆိုသည်။
အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် လက်ကားဝယ်ယူဖြန့်ဖြူးသူ ထီလုပ်ငန်းရှင်များအသင်းအား လစဉ် အစည်း အဝေးခေါ်ယူပြီး ‘တိုက်ရိုက်ဝယ်ရောင်းသူများက သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန်’၊ ‘မိမိထီဆိုင်အမည်ဖြင့် ထပ်ဆင့်ရောင်းချလျှင် ဈေးနှုန်းမြင့်မားမရှိရေး ထိန်းသိမ်းရန်’၊ ‘ပင်ရင်းထီဆိုင်များမှ သတ်မှတ်ဈေးနှုန်းဖြင့် ထီအရောင်းကားများဖြင့် လူစည်ကားရာနေရာများတွင် ရောင်းချပေးရန်’ တို့ကို ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း ဖြေကြားခဲ့သည်။
ထီဈေးမကြီးရေး၊ ထီ အလွယ်တကူဝယ်ယူနိုင်ရေးနှင့် ထီလုပ်ငန်းကို လုပ်ငန်းရှင်များက လက်ဝါးကြီးမအုပ်နိုင်ရန် သတ်မှတ်ချက်နှင့် အညီ ကြိုတင်ငွေသွင်းစေ၍ ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆိုရောင်းချခြင်း ၊စာချုပ်ပါစည်းကမ်းချက်များ ဖောက်ဖျက်ခြင်း၊ ဈေးနှုန်းတိုးမြင့်ရောင်းချသည်များရှိပါက စိစစ်ဖော်ထုတ်၍ ဝယ်ယူခွင့်ပိတ်သိမ်းခြင်း စပေါ်ငွေ သိမ်းယူခြင်းစသည့် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အရေးယူကြပ်မတ်နေကြောင်း ၎င်းကဆိုသည်။
“ထီဈေးနှုန်း ပိုမိုရောင်းချကြောင်း တိုင်ကြားခံရသည့် ထီဆိုင်များအား တိုင်ကြားချက်မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက ပင်ရင်းထီဆိုင်၏ ကြီးကြပ်မှုအားနည်းသည်ဟု သတ်မှတ်ကာ အဆိုပါပင်ရင်းထီဆိုင်တွင်လည်း တာဝန်ရှိစေပြီး ၎င်း၏ ဝယ်ယူခွင့်အရေအတွက်မှ ထီဆိုင်ခွဲ၏ အရေအတွက်ကို ဝယ်ယူခွင့် ရပ်ဆိုင်းခြင်း ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
ပြင်ပတွင် ထီဈေးနှုန်းကြီးမြင့်ခြင်းသည် နေ့စဉ်လုပ်အားခနှုန်းထားနှင့် ဆက်စပ်သည်ကို တွေ့ရှိရကြောင်း ၊ တရက်လုပ်အားခ ၃ ကျပ် ၁၅ ပြား၊ ထီတစောင် ၂ ကျပ်ဖြစ်ချိန်တွင် ထီတအုပ် (၁၁ စောင်) ရောင်းချပြီးပါက လက်လီရောင်းသူအနေဖြင့် ကော်မရှင်ခ ၂ ကျပ်ရမည်ဖြစ်ပြီး ထီ ၂ အုပ်ရောင်းနိုင်လျှင် တရက်လုပ်အားခရရှိမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် တရက်လုပ်အားခ ၅ ထောင်ဖြစ်၍ ၅၀၀ ကျပ်တန်ထီ ၁၀ အုပ် ခန့်ကုန်အောင် ရောင်းမှ တရက်လုပ်အားခရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဥပမာပေးရှင်းလင်းသည်။
ဆက်လက်ပြီး “လက်ရှိအောင်ဘာလေထီ ဖြန့်ဖြူးမှုစနစ်အား ပြန်လည်သုံးသပ်လျှက်ရှိပြီး အသစ်ထပ်မံထုတ်ဝေရောင်းချမည့် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်များ ဖြန့်ဖြူးရောင်းချသည့်အချိန်တွင် ကြိုတင်မှာကြားချက်၊ ဈေးကွက် လိုအပ်ချက်များနဲ့ အညီ ထီအက္ခရာလုံးရေကို ရိုက်နှိပ်ဖြန့်ဖြူးပြီးတော့ ထီဈေးနှုန်းကြီးမြင့်မှုမရှိစေရေး စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေလမှ သြဂုတ်လအတွင်း ထီအက္ခရာလျှော့ချရိုက်နှိပ်ခြင်းကြောင့် အခွန်နစ်နာနေကြောင်း မေးမြန်းချက်ကိုလည်း ယင်းကာလများသည် ကျောင်းဖွင့်ချိန်နှင့် မိုးရာသီကာလဖြစ်သဖြင့် ထီကို စိတ်ဝင်စားမှု လျော့ကျခြင်းကြောင့် ထီလက်မှတ်များကျန်ရှိပြီး ဘဏ္ဍာငွေဆုံးရှုံးမည်ဖြစ်၍ လျော့ချရိုက်နှိပ်ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးက ဖြေကြားခဲ့သည်။
ထီဈေးကြီးမြင့်ခြင်းကို ထိန်းချုပ်ရန် အစိုးရနှင့် ထီလုပ်ငန်းရှင်များတွင် တာဝန်ရှိကြောင်း၊ လာမည့် ကျပ် ၁၀၀၀ တန်ထီကို ဈေးပိုတင်မရောင်းရန် တင်းတင်းကျပ်ကျပ် ထိန်းချုပ်သင့်ကြောင်း နေပြည်တော်မှ ထီလစဉ်ကံစမ်းနေသည့် မအိအိက ပြောသည်။
မအိအိက “ဝန်ကြီးဌာနကလည်း သူ့ဝင်ငွေကို အလျော့မခံချင်ဘူး။ ထီကိုယ်စားလှယ်ကလည်း သူ့အမြတ်ကို ပိုမြတ်အောင်ပဲ လုပ်ချင်တယ်ဆိုရင်တော့ နစ်နာတော့ ကြားထဲက ပြည်သူက နစ်နာတယ်လေ။ ၁၀၀၀ တန်ထီကျရင် သူတို့နှစ်ဦးညှိပြီး လုပ်ကြရင်တော့ အဆင်ပြေတာပေါ့”ဟု ပြောသည်။
ထီဈေးနှုန်းကြီးမြင့်မှုအပေါ် အစိုးရအနေဖြင့် ဈေးကွက်သုတေသန အဖြေမရှိသည့်အတွက် တည်ငြိမ်အောင်ထိန်းချုပ်နိုင်ဖို့ မလုပ်နိုင်သည်မှာ ထင်ရှားကြောင်း၊ ဝန်ထမ်းများအတွင်း အဂတိလိုက်စားမှု ရှိမရှိစစ်ဆေး အရေးယူသင့်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦးက ပြောသည်။
ထီစာအုပ်ဖြန့်ဖြူးရာတွင် အက္ခရာတလုံး၌ အုပ်ရေ ၈၁၈၁၈ အုပ်သတ်မှတ်ရိုက်နှိပ်ကြောင်း၊ လက်က်ရှိရောင်းချနေသည့် ကျပ် ၅၀၀ တန်ထီကို ၁၈ ကြိမ်မြောက်အထိ ထီအက္ခရာလုံးရေ ၄၆ လုံး ( ရွက်ရေ ၄၁သန်းခန့် ) ထုတ်ဝေခဲ့ပြီး နိုင်ငံလူဦးရေ၏ ၈၃ ရာခိုင်နှုန်းကို လွှမ်းခြုံခဲ့ကြောင်း၊ ၂၀ ကြိမ်မြောက်မှ စကာ အက္ခရာလုံးရေ ၅၀ အထိ ထုတ်ဝေခဲ့သဖြင့် ထီလက်မှတ် အရေအတွက် ၄၅ သန်းခန့်ရှိလာပြီး လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ ထုတ်ဝေခဲ့ကြောင်း စီမံဘဏ္ဍာဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ထီလက်မှတ် ဈေးတင်ရောင်းမှု ဥပဒေ မရှိ၍ အရေးမယူ နိုင်သေးဟု ဆို
ကျပ် ၁ ထောင်တန် ထီလက်မှတ်သစ် ထုတ်ဝေနိုင်ရန် စီစဉ်