ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် ဆိုင်းကယ်မောင်းနှင်လာသည့် အမျိုးသမီး ၂ ဦးအား ဆိုင်ကယ်ရပ်၍ စောင့်နေသည့် အမျိုးသား ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။
ပြည် – တောင်ကုတ် ကားမလမ်းအနီး ကံမကားလမ်းခွဲအတွင်း တမိုင်ကျော်ခန့်တွင် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ကံမလမ်းခွဲ ရဲကင်းမှ တပ်ကြပ်ကြီး ဝင်းဌေး က ဧရာဝတီသို့ ပြောသည်။
တပ်ကြပ်ကြီး ဝင်းဌေး က“ကျနော်တို့က ဒဏ်ရာရပြီးမှသိရတာပါ။ တယောက်က ဒဏ်ရာရတယ် တယောက်ကတော့ ဘာမှမဖြစ်ဘူး။ ဒဏ်ရာရတဲ့ ကောင်မလေးကို ပြည်ဆေးရုံကြီးကိုပို့ထားပါတယ်။ ဒဏ်ရာအခြေအနေကတော့ ခွဲပြီးမှပဲ သိရတာ။ ကောင်းမလေးက ကံမဘက်က ပြည်ကို တက်တာဆိုတော့ ပြည်ကိုလာတဲ့အချိန် အဲကောင်လေး ၂ ယောက်က ဆိုင်ကယ်နဲ့စောင့်ပြီး ပစ်တယ်လို့ပဲ အကြမ်းဖျင်း သိရသေးတယ်” ဟု ပြောသည်။
အဆိုပါ အမျိုးသား ၂ ဦးသည် ဆိုင်ကယ်ဖြင့် နောက်က ကျော်တက်သွားပြီး ရပ်စောင့်ကာ ပစ်ခတ်သွားခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် ရှေ့မှ ဆိုင်ကယ် မောင်းသူအမျိုးသမီးမှာ ရင်ဝတွင် ကျည်ဆံ ၂ ချက်ထိမှတ်ပြီး တချက်မှာ ထုတ်ချင်းပေါက်သွားပြီး နောက်တချက်၏ ကျည်ဆံမှာ အဆုတ်ထဲဝင်သွားခဲ့သည်ဟု ရဲက ပြောသည်။
ဒဏ်ရာရရှိသူကို ဆေးရုံပို့ထားပြီး ပစ်ခတ်သူများမှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် အမြန်ဆုံး ဖမ်းဆီးနိုင်ရေး လိုက်လံဖမ်းဆီး နေကြောင်း အဆိုပါ ရဲတပ်ကြပ်ကြီးက ဆက်ပြောသည်။
အခင်းဖြစ်ပွားမှုမှ လူနာအား ကူညီပေးခဲ့သူ တဦးက “သေနတ်ပစ်တဲ့ အသံအကျယ်ကြီးကြားလိုက်ရလို့ လှမ်းကြည့်လိုက်တော့ တဖာလုံ ကျော်ကျော်လောက်အထိ အဲဒီကလေးမတွေမောင်းသွားပြီး ပစ်လဲသွားတာ။ သွေးတော့တော်တော်များတယ်။ သေနတ်သံက ၂ ချက်ကြားလိုက်ရတာ ” ဟု ပြောသည်။
သေနတ်ဖြင့် အပစ်ခံရသူမှာ ပန်းတောင်းမြို့နယ် မကျည်းပင်ကြားအင်းကျေးရွာမှ မပပဝင်းဆိုသူဖြစ်ပြီး ပြည်မြို့သို့ ဈေးဝယ်သွားရာမှ ယခုကဲ့သို့ ပစ်ခတ်ခံရဖြစ်ပြီး ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း မကျည်းပင်ကြားအင်းကျေးရွာမှ ကိုဆန်းဝင်းက ပြောသည်။