နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဒိရပ်ကွက်၊ ခရေအိမ်ရာ တိုက်အမှတ် ၁၉ တွင် နေထိုင်သော ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့နု ၏ နေအိမ်သို့ သင်္ကန်းဝတ်တဦးက ဝင်ရောက် လုယက်မှု ဒီဇင်ဘာလ ၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်လဲ့လဲ့နုသည် ဈေးသွားဝယ်ရာမှ ပြန်လာစဉ် သင်္ကန်းဝတ်တဦးက အိပ်ခန်းအတွင်းရှိ စလင်းဘက်အိတ်အတွင်းမှ ပိုက်ဆံများကို နှိုက်ယူနေသည်ကို တွေ့ရကြောင်း၊ အဆိုပါ သင်္ကန်းဝတ်ထားသူက ဒေါ်လဲ့လဲ့နုအား တွန်းလှဲ၍ ပါးစပ်ကို သင်္ကန်းဖြင့် ပိတ်ပြီး လည်ပင်းကို မြက်ဖြတ်ကတ်ကြေးဖြင့်ထောက်၍ “အော်ဟစ်ရင် သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ကာ ငွေကျပ် သုံးသိန်းကျော် ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) နယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါလုယက်မှုကြောင့် အသက် ၅၆ နှစ်အရွယ်ရှိ ဒေါ်လဲ့လဲ့နုတွင် ပြင်ပဒဏ်ရာကြီးကြီးမားမား မရခဲ့သော်လည်း ခါးနာကျင်မှုကို ခံစားနေရသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ဒေါ်လဲ့လဲ့နု က “သွေးထွက်သံယိုဖြစ်အောင် ထိုးတာ ကြိတ်တာ မလုပ်အောင် ကျမလိမ်လိမ်မာမာ လုပ်လိုက်တဲ့ အခါကျတော့ အေးအေးဆေးဆေး ဆင်းသွားတာပေါ့။ အခုကြတော့ တွန်းလှဲတာ ဆောင့်တွန်းတာတွေ ထုထားထောင်း ထားတာတွေကြောင့် ခါးတွေထိုင်လို့မရ ထလို့မရဖြစ်နေလို့ပါ။ အခုက ကုတင် ၁၀၀၀ မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
သင်္ကန်းဝတ် တရားခံကို အမြန်ဆုံးဖမ်းဆီး အရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေပြီး အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) နယ်မြေရဲစခန်းတွင် (ပ) ၅၁/ ၂၀၁၈၊ ရာဇသတ်ကြီးဥ့ပဒေပုဒ်မ ၃၈၆ ဖြင့် စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
အမှတ် (၅) နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မင်း က “ ဖြစ်နိုင်တဲ့ နေရာတွေကို လိုက်ပြီး စုံစမ်းနေတုန်းပါခင်ဗျ၊ သတင်းအတိအကျ မရသေးပါဘူး။ ဘယ်ကျောင်းကမှန်းလဲ မသိရသေးပါဘူး”ဟု ပြောသည်။
အခင်းဖြစ်ချိန်တွင် အမျိုးသားဖြစ်သူမှာ အောက်၌ ကားပြင်နေခဲ့ပြီး ဈေးဝယ်ရာတွင် ဈေးဖိုးမလောက်သဖြင့် ပိုက်ဆံပြန်ယူချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်ရှေ့ပြတင်းပေါက်များကို ပိတ်ထားသကဲ့သို့ တံခါးမကြီးကိုလည်း သော့ခတ်ထားသဖြင့် အိမ်နောက်ဘက် မီးဖိုပြတင်းပေါက်မှ ဝင်ရောက်လာသည်ဟု ယူဆရကြောင်း၊ သင်္ကန်းဝတ် ယပ်တောင် တချောင်းကို လျှပ်စစ်မီးဖိုပေါ်တွင် ကျန်ရစ်ခဲ့ကြောင်းလည်း ဒေါ်လဲ့လဲ့နုက ပြောသည်။
ဒေါ်လဲ့လဲ့နု က “ကျမကို မအော်ဖို့ သူလုပ်တာပေါ့။ လည်ပင်းကို ညှစ်တယ်။ ပါးစပ်ကို သင်္ကန်းနဲ့ဆို့တယ်။ အော်လို့မရဘူး။ အသက်ရှုလို့လည်း မရဘူး။ သမံတလင်းပေါ်ကို ဆောင့်ပြီးတွန်းလှဲတယ်။ အဲမှာ ကျမက အလျှော့ပေးရတာပေါ့၊ ငြိမ်ငြိမ်ပြန်ဆင်းသွားပါ လိုတာရှိယူပါ။ ကျမ လှူလည်း လှူတတ်ပါတယ်။ ဒီလိုတော့ မလုပ်ပါနဲ့ ကြောက်လွန်းလို့ပါလို့ ပြောတော့ သူက သူဆင်းသွားရင် အော်တာ တိုင်တာ မလုပ်ပါနဲ့ အော်တာတိုင်တာ လုပ်ရင် အသေပြန်လာသတ်မယ်တဲ့ အဲဒီလို ပြောပြီး ဆင်းသွားပါတယ်” ဟု ပြောသည်။
အဆိုပါသင်္ကန်းဝတ်ထားသူသည် စနေ၊ တနင်္ဂနွေနေ့များတွင် လာရောက်အလှူခံလေ့ရှိပြီး အခင်းဖြစ်နေ့တွင်လည်း တိုက်တွင် နေထိုင်သူများကလည်း ငွေလှူဒါန်းခဲ့ကြောင်းလည်း အနီးဝန်းကျင်ရှိ နေထိုင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အရာရှိအိမ်ရာတခုဖြစ်သော ရာဇသင်္ဂဟ အိမ်ရာတွင် ကုမ္ပဏီပိုင်ရှင်အမျိုးသမီးတဦးကို ၎င်း၏ ဝန်ထမ်းဟောင်းက ဓားဖြင့်ထိုးသတ်၍ အလောင်းကို မီးရှို့မှု ဖြစ်ပွားခဲ့သည်။