မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ကျွဲ၊ နွားများ တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီး တင်းကြပ်ထားသဖြင့် အဝယ်ထိုင်းပြီး ကျွဲ၊ နွားများ မူဆယ်စီးပွားရေးဇုန်တွင် ပုံနေပြီး မြန်မာကုန်သည်များ အရှုံးပေါ်နေကြောင်း စီးပွားရေးဇုန် နှင့် ကုန်သည်များက ပြောသည်။
ကျွဲ၊ နွားများကို မြန်မာဘက်မှ တရားဝင် တင်ပို့ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံဘက်က တရားမဝင် ကုန်စည် အဖြစ် သတ်မှတ်ထားကြောင်း၊ ထို့အပြင် တရုတ် ဝယ်လက်များက အချင်းချင်း ညှိ၍ ဈေးနှိမ် ကစားနေခြင်းများ ကြောင့် မြန်မာကုန်သည်များမှာ အရှုံးပေါ်နေရသည်ဟု ပြောကြသည်။
လက်ရှိအခြေအနေသည် တရုတ်ဝယ်လက်များက အဝယ်နည်းသဖြင့် မြန်မာကုန်သည်များ အရှုံးပေါ်ခြင်းဖြစ်ကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်စိုး က ပြောသည်။
ဦးအောင်စိုး က “တရုတ်ဘက်ကနည်းနည်း အဝယ်နည်းတဲ့အပိုင်းပေါ့။ ဒါကဖြစ်တတ်တဲ့သဘောပါပဲ။ များများဝယ်ရင် မြတ်တာပေါ့လေ။ ကုန်သွယ်မှုဆိုတာမှာ ရှုံးတာနဲ့မြတ်တာ ၂ ခုပဲရှိတာဆိုတော့လည်း အဝယ်နည်းတော့ ရှုံးကြတာပဲလေ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “သူတို့ဘက်က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်တာဆေးတာတွေအတွက်က ဆောင်ရွက်ဆဲဖြစ်သလို တရားဝင်ပြည်မကြီး ပို့တာမျိုးမဟုတ်ဘဲ နယ်စပ်မှာပဲ လိုအပ်ချက်အရ ကူးသန်းရောင်းဝယ်မှု လုပ်နေတဲ့သဘောပါပဲ။ ကျနော်တို့ဘက်ကနေ တရားဝင်ရောင်းတာ ဝယ်တာတွေဖြစ်အောင်တော့ ဆောင်ရွက်နေဆဲပါပဲ” ဟု ပြောသည်။
မူဆယ် ၁၀၅ မိုင် စခန်းတွင် မကြာခင်ရက်ပိုင်းတွင်ပြုလုပ်မည့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေးတွင် ကျွဲ၊ နွားများ တင်ပို့နိုင်ရေး အပါအဝင် အခြားကုန်စည်များကိုပါ တရားဝင် ပုံမှန် အရောင်း၊ အဝယ် ဖြစ်လာစေရန် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟုလည်း ဦးအောင်စိုးက ပြောသည်။
စစ်ကိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှ မင်းသူရဦး နွားမွေးမြူရေးကုမ္ပဏီပိုင်ရှင် ဦးစိုးမင်း က “ကျနော်တို့ နယ်မှာ ၁၀ သိန်းလောက် ပေးဝယ်ရတဲ့နွားကို မူဆယ်မှာ ၁၀ သိန်းလောက်ပဲ ပေးနေတယ်၊ ဒါကြောင့် နွားတကောင်ကို အဖျင်းဆုံး ၂ သိန်းလောက်ကို အရှုံးပေါ်နေပါတယ်၊ ဒီလိုဖြစ်နေတာ ကုန်သည်တိုင်းလိုလို ရှုံးနေကြတာပါ”ဟု ပြောသည်။
တရုတ်နိုင်ငံဘက်မှ တစ်နှစ်လျှင် နွားကောင်ရေ ၂ သိန်းခန့် လိုအပ်ချက်ရှိနေမှုကြောင့် မြန်မာနိုင်ငံမှ တရားဝင်ခွင့်ပြုချက်ဖြင့် တင်ပို့နေသော်လည်း ယနေ့အချိန်အထိ မှောင်ခိုတင်ပို့မှုများလည်း ရှိနေဆဲဖြစ်သလို မူဆယ်ဈေးကွက်အတွင်းသို့ နွားများ စုပုံ ရောက်ရှိနေခြင်းကြောင့်လည်း ဈေးနှိမ်ခံရပြီး အရှုံးပေါ်နေရခြင်းဟု ဆိုကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှ နွားမွေးတောင်သူ ဦးစိုးတင့် က “အရင်က တကောင်ကို သိန်း ၂၀ အထက်ရောင်းခဲ့ရတဲ့နွားက အခုဆိုရင် ၁၆ သိန်းဆိုတာ အလွန်ဆုံးပါပဲ၊ ကုမ္ပဏီ ဆိုပြီး ထောင်ထား ပေမယ့်လည်း ပိုင်ရှင်တယောက်ထဲက ခွင့်ပြုပေးထားတဲ့ အကောင်ရေအတွက်အတိုင်း မတင်ပို့နိုင်ပါဘူး၊ တောင်သူတွေကနေ တဦးကို ၂ ကောင်နှုန်း၊ ၃ ကောင်နှုန်းလောက်နဲ့စုပြီး တက်ရောင်းကြတယ်၊ ဒီရောက်တော့ ဈေးတွေက နှိမ်၊ ဝယ်လက်ကမရှိဖြစ်နေပါတယ်” ဟု ပြောသည်။
ပြည်တွင်းမွေးမြုရေးကုမ္ပဏီများ အနေဖြင့် ကျွဲနွားများအား ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရတို့၏ တရားဝင် ခွင့်ပြုချက်ဖြင့် တရုတ်နိုင်သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိရာ ယခုအခါ တရုတ်ဘက်က နွားဝယ်ယူမှု နည်းပါး လာခြင်းကြောင့် မူဆယ်မြို့ ၁၀၅ မိုင်ရှိ တရိစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း အတွင်း၌ နွားများ ပုံနေလျက်ရှိ သည်။
မူဆယ်မြို့ ၁၀၅ မိုင်ရှိ တရိစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်းမှ တာဝန်ရှိသူတဦး က “မူဆယ်ဘက်ကို နေ့စဉ် နွားအဝင်က တရက်ကို အကောင်ရေ ၁၂၀၀ ဆိုတာ အနည်းဆုံးပါပဲ၊ ကျနော်တို့ကတော့ ဝင် ရောက်လာတဲ့ နွားတွေကို ကျန်းမာရေးပိုင်း၊ တင်ပို့ခွင့်ပြုထားတဲ့ နွားအမျိုးအစားနဲ့ အကောင်ရေကို အဓိကထားစစ်တယ်၊ ရောင်းတာ ဝယ်တာကတော့ ကုန်သည်တွေနဲ့ လုပ်ကြတာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံ အစိုးရက ကျွဲ၊ နွား အရှင် ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချခွင့်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က စတင် ခွင့်ပြုပေးခဲ့ပြီး ပြည်ပသို့ တင်ပို့ခွင့်ပြုရာတွင် အသက် ၅ နှစ်နှင့်အထက် ကျွဲနွား အထီးများကို သင်းကွပ်ပြီးမှသာ တင်ပို့ခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါကဲ့သို့ တရားဝင်တင်ပို့ခွင့် ပြုခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ထိ ကျွဲ ၂၈၆၃၂ ကောင်နှင့် နွား ၁၈၆၇၀၁ ကောင်တရားဝင်တင်ပို့ခွင့်ပြုခြင်းမှ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်ရရှိထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွှွက်မှု ကိန်းဂဏန်း အရ မြန်မာနိုင်ငံတွင် ကျွဲ ၁၈ သိန်း၊ နွား ၉၇ သိန်းရှိကြောင်း သိရှိရသည်။