မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ၁၇ ကြိမ်မြောက် Myanmar-China Border Trade Fair 2018 ကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ မူဆယ်ဗဟိုစီးပွားရေးဇုန်၊ မင်္ဂလာမူဆယ်ဈေးတွင် ကျင်းပမည်ဖြစ်ကြောင်း မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦး စီးဌာနမှ သိရသည်။
အဆိုပါကုန်စည်ပြပွဲကို မြန်မာနှင့် တရုတ်နိုင်ငံ နစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ ကုန်သွယ်ရေး ကဏ္ဍ ပွင့်လင်းလျင်မြန်စွာ ဆောင်ရွက်လာနိုင်စေရန်၊ နှစ်နိုင်ငံ ကုန်စည်နှင့် နည်းပညာများ နှီးနှောဖလှယ်ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး နှင့် နှစ်နိုင်ငံခရီးသွားလာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဟု သိရသည်။
မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦး စီးဌာနမှ ခရိုင်ဦးစီးမှုး ဦးအယ်စိုး က “နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးပြပွဲမှာ တရုတ်ဘက်ကနေ လာရောက်ပြသမယ့်အထဲမှာ အခြေခံလူသုံးကုန်ပစ္စည်းကအစ မော်တော်ကားတွေအထိ ပါမယ်၊ အခုလိုပြပွဲတွေပြုလုပ် ပေးခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ မယ်” ဟု ပြောသည်။
အဆိုပါ ကုန်စည်ပြပွဲကို ၂၀၀၁ ခုနှစ်မှစ၍ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် မူဆယ်မြို့နှင့် ကျယ်ဂေါင်မြို့ များတွင် အလှည့်ကျကျင်းပခဲ့ရာ ယခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးဆောင်၍ ကျင်းပခြင်းဟု သိရသည်။
တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး၊ ပြည်ပပြန်ကြားရေးရုံး တာဝန်ခံ ကျောက်ယွင်ဆန် က “မြန်မာတရုတ်နယ်စပ်ဒေသ စီးပွားရေး အပြန်အလှန် ကူးလူးဆက်ဆံ ပိုမိုနက်ရှိုင်းစေပြီး ချစ်ကြည်ရင်းနှီးမှုတည်တံ့ ခိုင်မြဲစေဖို့နဲ့ ကုန်သွယ်မှုကဏ္ဍတွေမှာ အခုထက်ပိုပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်၊ နောက်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအတူပူးပေါင်းပြီ ခရီးသွားလာရေး ၊ ကုန်သွယ်ရေးစတဲ့ ကဏ္ဍစုံအတွက် ဒီထက်မက လက်တွဲပြီး လုပ်ဆောင်သွားနိုင်မယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲတွင် (၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ (JBTCCC) အစည်းအဝေးကိုလည်း ထည့်သွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်နိုင်ငံအစိုးရတို့ ၁၉၉၇ ခုနှစ်က ရေးထိုးခဲ့သော မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာသဘောတူညီမှု စာချုပ်အရ ကျင်းပခြင်းဖြစ်ပြီး (၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို ဒီဇင်ဘာ ၁၂ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။
ယခုနှစ်ပြပွဲတွင် ပြခန်းပေါင်း ၄ဝဝ ခန့်ဖြင် ခင်းကျင်းပြသသွားမည်ဖြစ်ပြီး တရုတ်လုပ်ငန်းရှင်များမှ ပြခန်းပေါင်း ၃ဝဝ ကျော်နှင့် မြန်မာ လုပ်ငန်းရှင်များအတွက် ပြခန်း ၁ဝဝ ခန့် ပါဝင်ပြသနိုင်ရေးဆောင်ရွက်နေလျက်ရှိရာ မြန်မာလုပ်ငန်းရှင်များအတွက် ဆိုင်ခန်းတခန်းလျှင် ကျပ် ၁ သိန်း ၅ သောင်း၊ တရုတ်ပြခန်းများအတွက် ယွမ်ငွေ ၂၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။