တရုတ် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီများဖြစ်သည့် Huawei နှင့် ZTE ကော်ပိုရေးရှင်းမှ ဆက်သွယ်ရေးပစ္စည်းများကို အများပြည်သူအတွက် ဝယ်ယူဖြည့်တင်းခြင်းမှ ထိရောက်စွာ ဖယ်ရှား ပစ်ရေး ဂျပန်အစိုးရက စီစဉ်နေကြောင်း အစိုးရ ရင်းမြစ်ကို ကိုးကား၍ Bangkok Post သတင်း ကဆိုသည်။
လုံခြုံရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မှုများကြောင့် အမေရိကန်နိုင်ငံနှင့် အခြား နိုင်ငံများက တရုတ် ကုမ္ပဏီ မှတင်ပို့သော ထုတ်ကုန်များကို တားမြစ်ရန် တာစူနေသည့်ကာလတွင် ယခုကဲ့သို့ ဂျပန်အစိုးရ၏ကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
ဂျပန်အစိုးရဌာနများ၏ ဆက်သွယ်ရေး နည်းပညာကဏ္ဍ လုံခြုံရေး တာဝန်ရှိသူများက ကျင်းပသည့် လာမည့် တနင်္လာနေ့ ကျင်းပမည့် အစည်းအဝေး၌ တရုတ်ပစ္စည်းများကို ပိတ်ပင်ရန် သဘောတူ ကောင်း တူနိုင်ဖွယ်ရှိသည်ဟု သိရသည်။
အဆိုပါကုမ္ပဏီ နှစ်ခုကို အမည်တပ်၍ ပိတ်ပင်မည့်အရေးကိစ္စအတွက် တိုကျိုနှင့်ဘေဂျင်းတို့အကြား ဆက်ဆံရေးကို ထိခိုက်ဖွယ်အလားအလာမရှိကြောင်း၊ ယင်းမှာ တိုးတက်မှုလက္ခဏာပြသနေကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။
ဂျပန်တာဝန်ရှိသူများအနေဖြင့် အများပြည်သူဝယ်ယူဖြည့်တင်းရေးသဘောတူညီချက်များသည် လုံခြုံ စိတ်ချရမှု ရှုထောင့် အပေါ်တွင်သာ အတည်ပြုချက် ရယူမည်ဟု မျှော်လင့်ရကြောင်း အဆိုပါသတင်း ရင်းမြစ်က ဖြည့်စွက်ပြောသည်။
အစိုးရ၏ ဝယ်ယူဖြည့်တင်းရေး မူဝါဒအပေါ် အသေးစိတ်သဘောထားမှတ်ချက်ပေးရန် လျော့ပါးနေ ချိန်တွင် အစိုးရ အတွင်းဝန်ချုပ် ယိုရှီဟီဒီ စုဂါက သတင်းစာရှင်းလင်းပွဲ တခု၌ “အစိုးရဌာနတွေမှာ ဆိုက်ဘာလုံခြုံရေးကိစ္စတွေ အရေး တကြီး ဖြစ်လာတယ်ဆိုတာ အမှန်ပါပဲ။ ကျနော်တို့ ရှုထောင့်ပေါင်း စုံကနေ ဒီကိစ္စအပေါ် နားလည်မှု အပေးအယူ လုပ်ရ ပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ဂျပန် ကာကွယ်ရေးဝန်ကြီး တာကီရှီ အီဝါယကလည်း လုံခြုံရေးကိစ္စ သေချာကျနစွာ ကိုင်တွယ်ရန် လည်း ကတိပြု ပြော ကြားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦး၏ အဆိုအရ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနတွင် သတင်းအချက် အလက်စနစ်များအတွက် အဓိကကျသော စက်အစိတ် အပိုင်းများတွင် ဟွာဝေးနှင့် ZTE ပစ္စည်းများကို သုံးစွဲခြင်းမရှိ ကြောင်း သိရသည်။
ယခုကဲ့သို့ Huawei နှင့် ZTE စသည့် တရုတ်ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီများအပေါ် ဂျပန်၏ လုပ်ဆောင်ချက်မှာ အဓိက မဟာမိတ် အမေရိကန်က ပြီးခဲ့သည့် သြဂုတ်တွင် အမျိုးသား ကာကွယ် ရေး အာဏာပိုင် အက်ဥပဒေ ထုတ်ပြန်ကာ တရုတ်ဆက်သွယ်ရေး ပစ္စည်းများ သုံးစွဲရန် ပိတ်ပင်ပြီး နောက် ဂျပန်က ထပ်မံ ကိုင်တွယ်လိုက်ခြင်းဖြစ်သည်။
ထို့အတူ သြစတြေးလျနှင့် နယူးဇီလန်တို့ကလည်း ယင်းကုမ္ပဏီနှစ်ခုလုံးကို နောက်ထပ်လာမည့် မိုဘိုင်းလ်ကွန်ရက် မျိုးဆက်အတွက် အသုံးပြုခြင်းကို ဖယ်ရှားခဲ့သည်။
“အဲဒီကုမ္ပဏီနှစ်ခုနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့နှောင်ကြိုးကို ကမ္ဘာက စိတ်ပူနေပါတယ်။ ဒါပေမယ့် ကျနော်တို့ အနေ နဲ့ကတော့ ဂျပန်-တရုတ် ဆက်ဆံရေး တိုးတက်လာဖို့ မကြာသေးခင်က ချမှတ်ထား သည့် ဦးတည်ချက်ကို သွေဖီ မသွား စေရေး သေသေချာချာ ကိုင်တွယ်ဖို့ လိုပါတယ်” ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Huawei ကုမ္ပဏီ တည်ထောင်သူ၏ သမီး ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ မုန်းဝမ်ကျူဝူကို ကနေဒါ အာဏာပိုင်များက အမေရိကန်၏တောင်းဆိုချက်အရ ဗန်ကူဗာမြို့တွင် ဖမ်းဆီးလိုက်သည်။